Thursday, May 8, 2008

မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်နည်း။

နာဂစ်ဟုအမည်တွင်သော ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၂)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုအား ရက်စက်စွာ ပေါ်ပေါက်စေခဲ့ပါသည်။ ယခုကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် များပြားလှသည့် အပြီးမသတ်နိုင်သေးသော လူအသေအပျောက်စာရင်းများ၊ ပျောက်ဆုံးစာရင်းများ၊ ထိခိုက်ပျက်စီးမှုစာရင်းများ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံများသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများ၏စိတ်နှလုံးကို ညှိုးချုံးစေခဲ့ပြီး မြန်မာလူမျိုးများအဖို့မူ ဆိုဖွယ်မရှိအောင်ပင် ထိခိုက်ခံစားကြရပါ၏။

ဤဆိုးဝါးလှသော အဖြစ်ကြီး၏ အဓိကတာဝန်ရှိသူအဖြစ် ကျွန်တော်သည် လက်ရှိတပ်မတော်အစိုးရအား ပြင်းထန်စွာစွပ်စွဲ ပြစ်တင်လိုက်ပါသည်။

အစိုးရသည် ပုံမှန်အသိပေးမှုမျိုးကိုသာ ပြုလုပ်ခဲ့ပြီး မည်သည့်ကာကွယ်မှုမျိုးကိုမျှ ထိထိရောက်ရောက် မပြုလုပ်ခဲ့ပါချေ။ အကယ်၍ အစိုးရအနေဖြင့် ကာကွယ်မှုများ သတိပေးမှုများ ပြုခဲ့သည်ဆိုလျှင်တောင်မှ ဤမျှပြင်းထန်သော သဘာဝအန္တရာယ်ကို ကာကွယ်နိုင်ခြင်းမရှိနိုင်၊ အသေအပျောက်စာရင်းများ ယခုကဲ့သို့ပင်များပြားစွာ ရှိနေဦးမည်မှာ သေချာသော်လည်း ငါတို့တတ်နိုင်သမျှ လုပ်ခဲ့တာပဲဟု ဖြေသိမ့်နိုင်ပါဦးမည်။ (မုန်တိုင်း၏ပြင်းထန်မှုသည် ကာကွယ်မှုများပြုလုပ်ခဲ့မည်ဆိုလျှင်တောင် ထိုအရာများအား ချိုးဖျက်ဝါးမျိုနိုင်စွမ်းအားတွေ့ရှိခြင်း၊ ရွာများအား ရွှေ့စေသည့်အထိကာကွယ်မှုမျိုးကိုမူ ပြုလုပ်မည်မဟုတ်သည်မှာ သေချာခြင်း၊ ထိုသို့ပြုလျှင်တောင် ရွာခံများ၊ နိုင်ငံရေးအဖွဲ့အစည်းများက လက်ခံကြမည်မဟုတ်ခြင်းတို့ကြောင့် ကာကွယ်မှုပြုခြင်းသည်လည်း များစွာထိရောက်မည်မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။) ယခုမူ အပြစ်မဲ့စွာသေဆုံးသွားကြသည့် လူထောင်သောင်းတို့အတွက် တပ်မတော်အစိုးရ၏ တာဝန်ကျေပွန်မှုသည် လက်လွတ်စံပယ် နိုင်လွန်းလှချေသည်ဟု ခံစားယုံကြည်မိပါ၏။ ၀မ်းနည်းဖွယ်အတိ ကောင်းချေ၏။

ဤနေရာတွင် ၀န်ခံရန်တစ်ခုရှိပါ၏။ မုန်တိုင်းသည် တစ်နာရီကို မိုင်တစ်ရာကျော်နှုန်းဖြင့် ပြင်းထန်စွာတိုက်ခတ်နေပြီး 36နာရီအတွင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဟု အစိုးရသတင်းစာမှ မေ (၁) ရက်တွင် ကြော်ငြာခဲ့စဉ်က ကျွန်တော့်အနေဖြင့် အန္တရာယ် ကိစ္စတစ်ခုဟုပင် သဘောမထားပဲ မိမိ၏မိသားစုကိုပင် သတိပေးခြင်း၊ မပြုခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာအား တစ်သက်နှင့်တစ်ကိုယ် မကြုံဘူးပဲ ကြောက်စရာဟုလည်းမထင်မိခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် သာမန်ကိစ္စတစ်ခုဟုသာ မှတ်ယူခဲ့ပီး ထိုသတင်းအားဖတ်ရှုပီး နာရီအနည်းငယ်အတွင်း မေ့ပျောက်ခဲ့ပါသည်။ ကျွန်တော့်ကဲ့သို့ပင်အလားတူစွာ ယခုပြင်းထန်စွာ စွပ်စွဲပြစ်တင်နေသော မည်သည့် အသံလွှင့်ဌာန၊ နိုင်ငံရေးအဖွဲ့အစည်းကမျှလည်း ထိုမုန်တိုင်းကြီးလာနေပါပြီ။ အပျက်အစီးများလိမ့်မယ်။ အားလုံးပြင်ကြ။ ဆင်ကြ။ ရွှေ့ကြ၊ ပြုကြဟု အရေးတယူ သတိပေးခြင်းမပြုကြပဲ.. သာမာန်ကိစ္စတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်၊ အစိုးရသတင်းဌာနများကဲ့သို့ပင် သာမာန်ဖော်ပြခဲ့ကြသည်ကိုလည်း ထင်ရှားစွာပင် တွေ့ကြရမည်ဖြစ်ပါသည်။ ယခုအချိန်တွင် နေရာပြည့်စွပ်စွဲပစ်တင်နေကြသည့် ထိုနိုင်ငံရေးအဖွဲ့အစည်းများသည် ထိုကြိုသိခဲ့ပါသည်ဆိုသည့် 48 နာရီအတွင်း အစိုးရ၏ ပေါ့ဆစွာနေမှုကို သူတို့ကလည်း 48 နာရီလုံးလုံး အရေးတယူတစ်ခွန်းမျှပင် မပြောခဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ထိုအရာအား တစ်သက်နှင့်တစ်ကိုယ် မကြုံဘူးပဲ ကြောက်စရာဟုလည်းမထင်မိခြင်းကြောင့် ဖြစ်၏။

လက်ရှိတပ်မတော်အစိုးရ၏ စီမံခန့်ခွဲသော လူများသည်လည်းကောင်း၊ ၀န်ထမ်းများသည်လည်းကောင်း။ တာဝန်ရှိလှသော မိုးလေ၀သဌာနသည်လည်းကောင်း ကျွန်တော်တို့ကဲ့သို့ပင် ယူဆခဲ့ကြမည်ဆိုသည်ကို ကျွန်တော်လေ့လာမိပါသည်။ သို့သော် ရှင်းလင်းစွာသိထားရမည်မှာ အစိုးရသည် အစိုးရဖြစ်၏။ နိုင်ငံတစ်နိုင်ငံအား စီမံအုပ်ချုပ်နေသော အဖွဲ့ဖြစ်၏၊ မကြုံဖူးလို့ မသိဘူးလို့ပါဟူသော စကားမျှဖြင့်လည်းကောင်း၊ ငါပြောခဲ့တာပဲ မတွေ့ဘူးလားဟူသော စကားမျှဖြင့်လည်းကောင်း၊ ထန်းလျှက်ကာ၍မရပါချေ။ ဘယ်သူကရော သိလို့လဲဟူ၍လည်း ဆိုမရပါချေ။ နိုင်ငံအား အုပ်ချုပ်ရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံရေးအဖွဲ့အစည်းများအားလည်း လက်ညှိုးထိုး၍မရပါချေ။ မိုင်တစ်ရာကျော်နှုန်းဖြင့် တိုက်ခတ်သောမုန်တိုင်းသည် မည်မျှထိခိုက်နိုင်သည်။ ပျက်စီးမှုအား မည်မျှကြီးနိုင်သည်၊ မည်သို့တုန့်ပြန်ရမည် စသည်ဖြင့် ပြင်ဆင်မှုမျိုးများ လုံးလုံးမတွေ့ရခြင်းကြောင့် ကျွန်တော့်အနေဖြင့် အစိုးရကိုသော်လည်းကောင်း၊ မိုးလေ၀သဌာန၏ အရည်အချင်းကိုသော်လည်းကောင်း များစွာပင်သံသယဖြစ်မိပါ၏။ နိုင်ငံအား စနစ်တကျစီမံအုပ်ချုပ်နိုင်စွမ်း အရည်အချင်းကိုလည်း ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဟုထင်မိပါသည်။
(မှတ်ချက်။ ။ ဤနေရာတွင် အန်အယ်ဒီပါတီသည်လည်း နိုင်ငံအုပ်ချုပ်နိုင်သူများဖြစ်သောကြောင့်၊ အုပ်ချုပ်ရန်ကြိုးစားနေသူများ ဖြစ်သောကြောင့် ထိုသို့သော အမြင်မျိုးရှိခဲ့သင့်သည်၊ ပြည်သူအား ကျယ်ကျယ်ပြန့်ပြန့် သတိပေးခဲ့ခြင်း၊ တပ်မတော်အစိုးရမှ ပေါ့လျော့နေမှုကို ထောက်ပြခြင်းများ ပြုခဲ့သင့်သည်ဟု ဆိုလိုသူများ ရှိနိုင်ပါ၏။ ကျွန်တော့်မျိုးမြန်မာသည်မူ ထိုသူတို့၏ အရည်အချင်းကို မယုံကြည်သောကြောင့် ထိုသူများထံမှ ထိုသို့သောသတိပေးချက်များ ထွက်မလာခြင်းကို အံ့သြောတကြီး ထောက်ပြ ပြစ်တင်နေမည်မဟုတ်ပဲ တပ်မတော်အစိုးရအားသာ စွပ်စွဲပြစ်တင်ခြင်းဖြစ်ပါသည်။)

ထို့ကြောင့် ယခုအဖြစ်ကြီး၏ အဓိကတာဝန်ရှိသူအဖြစ် လက်ရှိတပ်မတော်အစိုးရအား ကျွန်တော့်အနေဖြင့် ပြင်းထန်စွာစွပ်စွဲပြစ်တင်လိုက်ပါသည်။

ယခု ထိုဆိုးဝါးလှသော အဖြစ်ဆိုးကြီး၏ပြန်လည်ထူထောင်ရေး ကာလသို့ရောက်နေပြီဖြစ်ပါသည်။ အဓိကအရေးကြီးသည့် အသက်ရှင်ကျန်နေနိုင်သည့် ဒုက္ခသည်များအား ရှာဖွေကယ်တင်ခြင်းနှင့် ကယ်ဆယ်ရရှိထားသူများအား ကျန်းမာရေးစောင့်ရှောက်ကာ အဆုံးအပါးမရှိအောင် စောင့်ရှောက်ခြင်းဟူသော ကိစ္စတို့သည် တိကျလျှင်မြန်စွာမလုပ်နိုင်လျှင် မိနစ်တိုင်းသည် လူတို့၏အသက်ဖြစ်နိုင်ပါ၏။ ထို့ကြောင့် လူများကယ်တင်ရေးကိစ္စများ၊ ထိုကယ်တင်ထားသူများ၊ ဒုက္ခသည်များ၏ နေရာချထားရေးများ၊ စားနပ်ရိက္ခာကိစ္စများ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး အစရှိသဖြင့် အတောမသတ်နိုင်သောအရေးများအား အချိန်နှောင့်နှေးခြင်းမရှိ အမြန်ဆုံးပြုလုပ်ရန်လိုအပ်နေသည်ဆိုသည်မှာ သံသယဖြစ်မဖွယ်မရှိပါချေ။

ထိုသဘာဝဘေးအန္တရာယ်ခံရသော ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ခက်ခဲပုံမှာ ကျွန်တော့်အနေဖြင့် လိုက်မမီနိုင်အောင်ပင် ဖြစ်ချေသည်။ ထို့ပြင် မြန်မာနိုင်ငံအတွက် ပိုဆိုးသည်မှာ ထိုသို့ရှုပ်ထွေးနေသည့်ကြားမှ နိုင်ငံရေးခြေရှုပ်မှုများ ဖြစ်လာနိုင်ခြင်း၊ ပြည်ပနိုင်ငံကြီးအချို့၏ စောင့်ကြည့်ခြင်းခံရသည့် နိုင်ငံဖြစ်သောကြောင့် သဘောရိုးဆန်သည့် အကူအညီများအပြင်၊ သဘောမရိုးသည့် အကူအညီများလည်း ပါလာနိုင်ခြင်း၊ မိမိအကျပ်တည်းကို အခွင့်ကောင်းယူကာ စွပ်ဖက်မှုများ ဖြစ်လာနိုင်ခြင်း စသော ရှုပ်ထွေးလှသည့် အရေးတစ်ခုကိုသာ ကွက်ကွက်လေးကြည့်မရသည့် မမြင်သာနိုင်သော အခြေအနေများသည်လည်း ပေါ်ပေါက်နေသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။

သို့သော် ကျွန်တော့်အဖို့မူ အခြားကျယ်ပြန့်သောကိစ္စများအား မဆင်ခြင်ပဲ ပြုလုပ်သည်ဆိုဆို၊ အခြားခြားသော နိုင်ငံ့အရေးများလည်း ရှိနေသေးသည်ဟုပြောပြော ထိုအချက်များအား ယုံကြည်လက်ခံထားသော်ငြားလည်း ယခုချိန်တွင်မူ လူများအား အရေးတကြီးကယ်တင်လိုသည်မှာ ပြင်းပြသောဆန္ဒပင်ဖြစ်၏။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံမှာ စစ်သင်္ဘောကြီးများဖြင့်၊ စစ်လေယာဉ်ကြီးများဖြင့် ၀င်ရောက်ကယ်တင်မှု ပြုလိုပါသည်ဆိုသည့် ကမ်းလှမ်းချက်သည် သဘောရိုးသည်ဖြစ်စေ၊ ဆန်းသည်ဖြစ်စေ၊ ဆန္ဒစောစွာပင် လက်ခံမှုပြုလိုလှပါ၏။ အဆိုပါနိုင်ငံမှ ကမ်းလှမ်းသော ကူညီမှုသည် အခြားနိုင်ငံများထက် ထူးပီးများနေခြင်းမရှိသော်ငြားလဲ တပြားရရ၊ တစ်ယောက်ပိုရှင်ရှင် လက်ခံလိုသည်မှာလည်း ပြင်းပြသောဆန္ဒဖြစ်ပါသည်။

ထို့ကြောင့် တပ်မတော်အစိုးရ၏ ထိုအကူအညီအပေါ် များစွာစဉ်းစားနေခြင်းအပေါ် နားမလည်နိုင်ဖြစ်ရပါ၏။ ထို့အတူ အခြားနိုင်ငံများမှ ဘာမှပြောမနေပဲ လေယာဉ်များ၊ သင်္ဘောများ တစ်စီးပီး တစ်စီးဆိုက်ရောက်ကူညီနေသည့် အချိန်မှာပင် လူသားချင်းစာနာကယ်တင်လိုလှပါသည်ဟု တဖွဖွအော်ကာ မိမိမှအကူညီပေးလိုသော်လည်း တပ်မတော်မှလက်မခံခြင်းဖြစ်သည်ဟု ပေါ်လွင်ထင်ရှားအောင် ကမ္ဘာ့မီဒီယာတွင် နိုင်ငံရေးအမြတ်သာထုတ်နေပီး တခြားတစ်ဖက်မှမူ မိမိတပ်များမ၀င်ရသရွေ့ အကူညီမပေးပဲ ထားထားသည့် အမေရိကန်နိုင်ငံ၏ စိတ်သဘောထားကိုလည်း နားမလည်နိုင်ဖြစ်ရပါ၏။ ပြည်တွင်းမှ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ကျွန်တော်တို့ပါတီဝင်တွေလည်း တတ်နိုင်သမျှ သူတို့မြို့တွေမှာ လုပ်နေကြပါတယ်ဟု ဘာမှမခိုင်လုံသည့်စကားမျှသာ ပြောဆိုပီး မည်သည့်လှုပ်ရှားမှုမျှမရှိပဲ ဘာကိုစောင့်နေမှန်းမသိ စောင့်နေသည်မှာ သေချာလှသော အန်အယ်ဒီပါတီအားလည်း နားမလည်နိုင်ဖြစ်ရပါ၏။ တပ်မတော်အစိုးရ၏ ပြည်တွင်းအားကိုသာအသုံးချရန် အားသန်လွန်းကာ အမှန်တကယ်လိုအပ်သည့် အကူညီများအား လက်ခံရန်လက်တွန့်နေမှုကိုလည်းကောင်း၊ လူများအားကယ်တင်ရန် အဓိကဖြစ်ပါသည်ဟု ကြွေးကြော်နေသော အဆိုပါနိုင်ငံများ၏ လှုပ်ရှားမှုများသည်လည်းကောင်း၊ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးကိုသာ အဓိကထားပီး လူတွေကိုကယ်တင်ဖို့ လစ်လျူရှုသည်ဟု စွပ်စွဲနေသည့် အဆိုပါအန်အယ်ဒီပါတီ၏ ယခုအချိန် နိုင်ငံရေးတိုက်ကွက် လှုပ်ရှားမှုသည်လည်းကောင်း၊ ကျွန်တော့်အား များစွာစိတ်ပျက်မိစေပါသည်။

အချုပ်ဆိုရလျှင် တပ်မတော်အစိုးရအနေဖြင့် ပြင်းထန်လှသော အဖြစ်ဆိုးကြီး၏ ပြန်လည်ထူထောင်ရေး၊ နိုင်ငံ၏ နိုင်ငံရေးအရှုပ်အရှင်းများ၊ ယခုအဖြစ်ကိုသာ ကွက်ကွက်ကြည့်မရပဲ ရှိနေသေးသည့် နိုင်ငံ့အရေးကိစ္စများ၊ ထိုအရေးများနှင့် ယှဉ်ကာလုပ်ဆောင်လျှင် ထိခိုက်နိုင်သည့် ယခုအရေးများစသဖြင့် ရှုပ်ထွေးလွန်းလှသည့်အပြင် ခက်ခဲသော crisis management အား အကောင်းဆုံးကိုင်တွယ် လုပ်ဆောင်ကာ ပြည်သူလူထုအား ပုံမှန်အနေအထားသို့ ရောက်ရှိအောင် စွမ်းဆောင်ပြီး မိမိ၏ ရုပ်ဆိုးလှသော တာဝန်ပျက်ကွက်ခဲ့မှုကို တာဝန်ယူလုပ်ဆောင်ပေးလိမ့်နိုင်မည်ဟု ကျွန်တော့်အနေဖြင့် ယုံကြည် မျှော်လင့်မိပါသည်။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

Monday, May 5, 2008

အထူးဝမ်းနည်းကြေကွဲမိခြင်း

နာဂစ်ဟုအမည်တွင်သော ဆိုင်ကလုံးမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပါသည်။ ထိုတိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် အပျက်အစီး များပြားမှု၊ သေဆုံးခဲ့ရသော ကျွန်တော့်သွေးချင်း မြန်မာတို့၏ အရေအတွက်သည် ထောင်ဂဏန်းကျော်ထိရောက်လာကာ သောင်းဂဏန်းထိပင်ရှိနိုင်ကြောင်း ကြားသိရသောအခါ များစွာပင်တုန်လှုပ်ဝမ်းနည်းမိပါသည်။ ထိုသို့သော ကြမ္မာဆိုးကျရောက်မည်ဟု အတွေးမျှပင်မရှိဘူးသော အဖြစ်ကို ကျွန်တော့်၏နိုင်ငံသားများ ရုတ်တရက်ရင်ဆိုင်ရသည့်အတွက် ကျွန်တော်မျိုးမြန်မာသည် ဆောက်တည်ရာမဲ့ ကြေကွဲမှုကို ခံစားမိပါ၏။ သဘာဝတရားသည် ရက်စက်လွန်းလှပါ၏။ လွန်စွာ ၀မ်းနည်းဖွယ် ကောင်းချေသည်။ ထိုအချိန်တွင် မြန်မာပြည်သူများနှင့်အတူ ရှိမနေပဲ ပြည်ပရောက်နေသည့်အဖြစ်အားလည်း လိပ်ပြာမလုံခံစားမိပါသည်။

ယခုခံစားမှုကို မည်သူ့ကိုမျှတိုင်တည်လိုခြင်း၊ ဖွင့်ဟလိုခြင်းမဟုတ်ပဲ ဤဆိုးဝါးလှသော ရင်နာဖွယ်အဖြစ်အား မိမိနေရာလေးတွင် ဖွင့်ဟမှတ်တမ်းတင်ရေးသားခြင်းသာ ဖြစ်ပါသည်။

အထူးဝမ်းနဲကြေကွဲမိပါသည်။

မျိုးမြန်မာ

Saturday, March 22, 2008

အဓိကနှင့် သာမည

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ၏ထောက်ခံမှု ရယူကာ အတည်ပြုပြီး တပ်မတော်အစိုးရ၏ အုပ်ချုပ်မှုအောက်မှ မြန်မာနိုင်ငံအား အရပ်သားအစိုးရလက်သို့ ၂၀၁၀ နောက်ဆုံးထားကာ လွှဲပြောင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ (၉ ) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ထင်မှတ်မထားသော ကြေငြာချက်နှင့်အတူ မြန်မာ့နိုင်ငံရေးလောကသည် အသံမျိုးစုံ အမြင်မျိုးစုံတို့ဖြင့် ဆူညံနေခဲ့၏။ အတိုက်အခံ နိုင်ငံရေးအုပ်စုများမှလည်း ရှုထောင့်မျိုးစုံမှ ဝေဖန်ချက်မျိုးစုံဖြင့် ကန့်ကွက်မှုများကို ပြုလုပ်ခဲ့ကြသည်မှာ အချိန်နီးကပ်လေလေ အရှိန်မြင့်လေလေပင်ဖြစ်သည်။ မြင်သာထင်သာမရှိသော်လည်း ထိုအခြေအနေအား ပျက်ပြားအောင် ပြုလုပ်မည့် လှုပ်ရှားမှုများ၊ အစီစဉ်များသည်လည်း ရှိကောင်းရှိနေမည်ဖြစ်ပါသည်။

ဤဆောင်းပါးသည် အချို့ချို့သော မသမာသည့် နိုင်ငံရေးလုပ်စားသူများ၊ အာဏာရယူလိုသူများအား အသာထားကာ နိုင်ငံအတွက် မိမိမှန်ကန်သည်ဟု ယုံကြည်၍ စိတ်ဓါတ်ခိုင်မြဲစွာ ကန့်ကွက်လိုသူများ၊ ဒီမိုကရေစီလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများအား အဆိုပါသူတို့၏ ရပ်တည်ချက်နှင့် နိုင်ငံအရေး စပ်ဆက်ကာ မေးခွန်းထုတ်လိုခြင်း ဖြစ်၏။

ကျွန်တော်သည် ဒီမိုကရေစီစနစ်တွင် ဆန္ဒပြင်းစွာ နစ်မြုပ်ပျော်ဝင်သူတစ်ဦး မဟုတ်သည်ကို ဦးစွာဝန်ခံလိုပါသည်။ မည်သည့်စနစ်ထက်မဆို နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုနှင့် ကြိုးစားမှုအားသည်သာလျှင် နိုင်ငံတော်တိုးတက်ရေးတွင် ပဓါနကျသည်ဆိုသည်အား ခိုင်မာစွာ ယုံကြည်သောကြောင့်လည်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချင်းချင်း မညီညွတ်သောကြောင့် ပျက်ယွင်းနေရသည့် ဒီမိုကရေစီနိုင်ငံများအား လည်းကောင်း၊ စည်းလုံးမှုကြောင့် တိုးတက်နေသည့် အခြားနိုင်ငံရေးစနစ်များကျင့်သုံးသော နိုင်ငံများအား လည်းကောင်း ကမ္ဘာတွင် အထင်ကရပင် မြင်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဒီမိုကရေစီစနစ်သည် ထိုသို့စည်းလုံးမှုအားဖြင့် တိုးတက်လာမည့်နိုင်ငံတော်အား ပိုမိုပွင့်လင်းသော၊ အရှိန်မြှင့်တင်ပေးနိုင်သည့် အကောင်းဆုံးစံစနစ်တစ်ခုအဖြစ်မူ အသိအမှတ်ပြုပါ၏။

ဦးစွာဆိုရလျှင် ယခု နိုင်ငံရေးဆွေးနွေးသူ အများစုသည် လက်ရှိအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန့်ကျင်ရန် စည်းရုံးခြင်း၊ ဆန့်ကျင်မည်ဟု စိတ်ဝယ်စွဲမြဲစွာ ခံယူထားခြင်းများ ရှိကြသော်ငြားလည်း ထိုနည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်မှုအား ငြင်းပယ်မည်ဆိုလျှင် အခြားမည်သည့်နည်းလမ်းသည် အကောင်းဆုံးဖြစ်မည်ဆိုသည်ကို ချပြနိုင်သူများ၊ အမြင်များအား မည်သည့်၊ မည်သည့်နေရာတွင်မျှ မတွေ့ရပါချေ။ လက်ရှိအစိုးရသည်ပင်လျှင် ကန့်ကွက်သံများ ပွက်လောရိုက်နေသည့် ကြားမှ အကယ်၍များ အတည်မဖြစ်ခဲ့လျှင် မည်သို့ ဆက်လက်ပြုလုပ်ပါမည်ဟု ပြောနိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထွက်ပေါက်မရှိသောကြောင့် ဖြစ်၏။

မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေသည့် ပါတီနှင့် လက်ရှိတပ်မတော်အစိုးရတို့ အကြားရှိ စေ့စပ်မရသော အမြင်သည် နိုင်ငံသား အချင်းချင်းဖြစ်ပါလျက်နှင့်ကို ကြီးထွားလွန်းလှသည်ဟု ကျွန်တော်မြင်၏။ ဤနေရာတွင် သင်တို့သည် လက်ရှိအစိုးရမှ စေ့စပ်ညှိနှိုင်းမှုကို ခေါင်းမာစွာငြင်းပယ်နေခြင်း ဖြစ်သည်ဟုဆိုလျှင် လက်ရှိအစိုးရမှ အမြဲတစေပြောဆိုခဲ့သည့် ဆွေးနွေးရန်ကမ်းလှမ်းချက်များအား အတိုက်အခံများမှ ငြင်းပယ်ခဲ့ခြင်း ဖြစ်ချေသည်ဆိုသည်အတွက်လည်း အကြောင်းပြချက်ရှိနေရမည်ဖြစ်သည်။ ဆွေးနွေးဖက်အဖွဲ့နှစ်ခုလုံးအနေဖြင့် မိမိတို့၏ အသာစီးရမှုကို မလျော့လိုစတမ်း အသေဆုပ်ကိုင်ကာ နိုင်ငံအရေး လစ်လျူရှုကာ မိမိအရေးကိုသာ ရှေ့တန်းတင်သည့် ဆွေးနွေးချက်မျိုးဖြစ်သည့်အတွက် မအောင်မြင်နိုင်ခြင်းလည်း ဖြစ်ပေသည်ဟု စွပ်စွဲမှုပြုလိုပါ၏။

လေ့လာကြည့်မည်ဆိုလျှင် အကယ်၍များကျွန်တော်တို့သည် လက်ရှိဖွဲ့စည်းပုံအား လက်ခံမည်ဆိုလျှင် မည်သည့်ရလဒ်များ ပေါ်ထွက်လာမည်နည်း။..
၁) 2010 ရွေးကောက်ပွဲ ကျင်းပရန်အတည်ဖြစ်ကာ ၉၀ ရွေးကောက်ပွဲ အန်အယ်ဒီအနိုင်ရခဲ့သည့် ရလဒ်သည် တရားဝင်ပယ်ဖျက်ပြီးသား ဖြစ်သွားမည်ဖြစ်၏။
၂) မြန်မာနိုင်ငံ၏ အနာဂါတ်နိုင်ငံရေးတွင် တပ်မတော်အနေဖြင့် (၂၅) ရာခိုင်နှုန်းဖြင့် ပါဝင်ရန် ပြည်သူမှ တရားဝင်အတည်ပြုသကဲ့သို့ ဖြစ်မည်ဖြစ်သည်။
၃) အစိုးရသစ်အနေဖြင့် တကယ့်အဓိကဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တပ်မတော်မှစွက်ဖက်မှုကင်းလွတ်စွာ ဆုံးဖြတ်ရန်ခက်ခဲမည်ဖြစ်၏။

--အခြားအချက်များစွာရှိပါသေး၏။ blog များစွာတွင် အကျယ်တ၀င့် ဆွေးနွေးမှုများအား ဖတ်ရှုနိုင်ပါသည်

ထိုသို့သော အချက်များကို လက်မခံနိုင်သောကြောင့် ဖွဲ့စည်းပုံအား ပယ်ဖျက်မည်ဆိုလျှင် အဘယ်သို့သော ရလဒ်များထွက်ပေါ်လာနိုင်ပါသနည်း..

၁) အနည်းဆုံး လက်ရှိတပ်မတော်အစိုးရသည် ကာလမသိနိုင်သော အတိုင်းအတာတစ်ခုထိ ဆက်လက်အုပ်ချုပ်နေမည်ဖြစ်သည်။
၂) ထိုသို့ အုပ်ချုပ်နေမှုအား အဆုံးသပ်ရန် နောက်ထပ်အခြေအနေအရပ်ရပ်တို့၏ ဖိအားဖြင့် ဆွေးနွေးမှုလမ်းကြောင်းသို့ တက်ရောက်လာသည်အထိ ပြုလုပ်ရန်လိုအပ်သောကြောင့် မြန်မာနိုင်ငံနှင့် ပြည်သူသည် ပိုမိုကျပ်တည်းသော အနေအထားသို့ ပြည်တွင်းပြည်ပမှ ၀ိုင်းဝန်းတွန်းပို့ခြင်းကို ခံရမည်ဖြစ်သည်။
၃) အကယ်၍ လူထုသည် အုံကြွမှုရှိမလာပဲ တအုံနွေးနွေးဖြင့် ဆက်သွားနေပါက မြန်မာနိုင်ငံသည် ဖိအားပေါင်းစုံ၏ အောက်တွင် ပိုမိုအခြေအနေနိမ့်ကျ ကာ နောက်ထပ်နှစ်ပေါင်းများစွာ ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများ ပျက်ယွင်းဖွယ်ရှိ၏။
၎) အတိုက်ခံများ မျှော်မှန်းထားသကဲ့သို့ ပြည်သူသည် အဆုံးစွန်ထိ ပိတ်ဆို့မှုများအား မခံရပ်နိုင်ဖြစ်ကာ အကယ်၍လူထုအုံကြွမှုကြီးဖြစ်မည်ဆိုပါလျှင် သတိထားရန်မှာ သင်တို့သည် ပြည်သူအား မြန်မာနိုင်ငံ၏ စနစ်အကျဆုံး၊ အင်အားအတောင့်တင်းဆုံး အဖွဲ့စည်းကြီးတစ်ခုနှင့် ရင်ဆိုင်ခိုင်းနေခြင်း ဖြစ်သည်ဆိုသည်ကိုပင် ဖြစ်၏။

ထိုအချက် အမှတ် (၄)သည် ပေါ်ပေါက်ခဲ့ပါလျှင် စဉ်းစားရန်မှာ..
ထိုအုံကြွမှုသည် လွန်စွာကြီးမားမည်ဖြစ်သည်မှာ တွေးကြည့်ရန်ပင် လိုမည်မဟုတ်ပါချေ။ ရှင်းလင်းစွာ ပြောရလျှင် နိုင်ငံတော်၏ ပြည်သူ့လုံခြုံရေးအတွက် ဥပဒေစိုးမိုးမှုကိုပင် ပယ်ဖျက်ကာ မင်းမဲ့စရိုက်လွှမ်းမိုးသည့် အုံကြွမှုမျိုး ဖြစ်လာမည်မှာ အထင်အရှားပင်ဖြစ်၏။
- ထိုသို့သော ပရမ်းပတာမင်းမဲ့ကာလအား ထိန်းသိမ်းရန်အဖွဲ့အစည်းအဖြစ် မည်သူ့အားယုံကြည်ကိုးစား အပ်နှင်းနိုင်ပါသနည်း။
- အကယ်၍များ ထိုအချက်အားအခွင့်ကောင်းယူကာ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများမှ ခွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လာမည်ဆိုလျှင် မည်သို့ပြုလုပ်ကြပါမည်နည်း။

ဤနေရာတွင် ဒေါ်စုကြည်သည် ထိုသို့ပရမ်းပတာဖြစ်မှုများကို ပြန်လည်ထိန်းသိမ်းတည့်မတ်ရန် အကောင်းဆုံးပြယုဂ်အဖြစ် ကျွန်တော့်အနေဖြင့်မြင်ထားသော်လည်း ထိုနည်းလမ်းသည် သူမအပေါ်ပုံအပ်ကာ နိုင်ငံအနာဂါတ်အား လောင်းကြေးထပ်ရသကဲ့သို့ ဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏နောက်လိုက်အဖြစ်နေရန်နှင့် ခွဲထွက်ခွင့်ရယူကာ အကြီးအကဲတစ်ယောက်ပြုရန်ဆိုသည့် အခြေနေနှစ်ခုအပေါ်တွင် အာဏာရယူလိုမှုကို လွန်စွာတပ်မက်သည့် အဆိုပါ သောင်းကျန်းသူခေါင်းဆောင်များ၏ အနေအထားအား မည်သူမျှအာမမခံနိုင်သောကြောင့် ဖြစ်ချေ၏။ ထို့ပြင် ထိုအချိန်သည် နိုင်ငံတွင်းအခြေအနေမှာလည်း လွန်စွာရှုပ်ထွေးပရမ်းပတာ ဖြစ်နေမည်မှာ အသေချာဖြစ်သောကြောင့် ဖြစ်၏။ လွန်စွာအန္တရာယ်ကြီးလှပါ၏။ သာမာန်အရေးမဟုတ်ပါချေ။ အကယ်၍များ တိုင်းပြည်သည် ထိန်းမနိုင်သိမ်းမရဖြစ်လျှင် နိုင်ငံပြိုကွဲနိုင်သည်အထိပင် အန္တရာယ်ကြီးလှချေ၏။

ထိုသို့ထိုသို့ သုံးသပ်မိသောအခါ ကျွန်တော့်အနေဖြင့် အဆိုပါဖွဲ့စည်းပုံအား ဆန့်ကျင်ရန်နှိုးဆော်နေသူများ၊ လှုပ်ရှားနေသူများ၊ စိတ်ဓါတ်ခိုင်မြဲစွာ ချထားသူများအား မေးခွန်းထုတ်လိုပါ၏။
(ဤဆောင်းပါးအစပိုင်းတွင် ကျွန်တော့်အနေဖြင့် နိုင်ငံရေးလုပ်စားသူများ၊ အာဏာရယူလိုသူများအား အသာထားကာဟုဆိုထားသည့်အတွက် ထိုသူများအား မေးခွန်းထုတ်ခြင်းမဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများအနေဖြင့် ယခုအနေအထားပေါ်မူတည်ကာ မိမိရပိုင်ခွင့်သည်လည်းကောင်း။ အခွင့်အရေးသည်လည်းကောင်း တိုးတက်နိုင်ခြင်း၊ ဆုတ်ယုတ်နိုင်ခြင်း၊ တည်မြဲနိုင်ခြင်း၊ ပျက်ပြားနိုင်ခြင်းမျိုးများရှိနေသည့်အတွက် အဆိုပါ ပုဂ္ဂိုလ်တို့၏အမြင်သည် ဆန္ဒစွဲကင်းသောအမြင်မျိုးဖြစ်ပါသည်ဟု ကျွန်တော့်အနေဖြင့် ယုံကြည်မပေးနိုင်သောကြောင့် ဖြစ်ချေ၏။)

သင်တို့အနေဖြင့် ထိုဆန့်ကျင်မှုကြောင့် ပေါ်ပေါက်လာနိုင်သည့် အခြေအနေများအား သေချာစွာစဉ်းစားထားပါပြီလား။
ထိုအရာများသည် ခြိမ်းခြောက်မှုသက်သက်မဟုတ်ပဲ (ခြိမ်းခြောက်နိုင်စွမ်းသည်လည်းကောင်း၊ ခြိမ်းခြောက်လိုသော ဆန္ဒသည်လည်းကောင်း ကျွန်တော့်တွင် အမှန်တကယ်မရှိပါချေ) အမှန်တကယ် ဖြစ်နိုင်ချေများဖြစ်သည်ကို သင်တို့အနေဖြင့် စဉ်းစားဆင်ခြင်နိုင်ပါ၏။

အကယ်၍ကျွန်တော်တို့အနေဖြင့် ယခုဖွဲ့စည်းပုံအား လက်ခံလိုက်လျှင် အနာဂါတ်တွင် စစ်တပ်သည် (၇၅)ရာခိုင်နှုန်းကိုပင် ကျော်လွန်ကာ မည်သို့လွှမ်းမိုးနိုင်မည်နည်း

ဖွဲ့စည်းပုံလေး ပြင်ချင်ရင်တောင်သူတို့ မထောက်ခံလျှင် ပြင်လို့မရဘူးဆိုသည်လောက်နှင့် စစ်ဖိနပ်အောက် ရောက်နေတော့မှာပေါ့ဆိုသည့် စကားလောက်နှင့် (ယခုကဲ့သို့ ရာနှုန်းပြည့် အုပ်ချုပ်မှုထက်ပင် ကျော်လွန်ကာ စစ်ဖိနပ်အောက်မည်သို့ ရောက်မည်ကိုနားမလည်ပါ)၊ ၉၀ ရလဒ်ငြင်းသလိုဖြစ်သွားမှာပေါ့ ဆိုသည်လောက်နှင့် အစရှိသော ပေါ့ပေါင်းများစွာလောက်နှင့် အခန့်မသင့်လျှင် နိုင်ငံတော်ပြိုကွဲသည်အထိပင် အန္တရာယ်ရှိနိုင်သည့် လမ်းကြောင်းကို ကျွန်တော်တို့လျှောက်လှမ်းရန် သင့်ပါသည်လား။ ဖွဲ့စည်းပုံတွင် ထိုသို့ လျှောက်လှမ်းရလောက်အောင်ပင် ထိုက်တန်သည်ဆိုသည့် လက်မခံနိုင်စရာ ပြဌာန်းချက်အား သင်တို့တွင်ရှိသည်ဆိုလျှင် ကျွန်တော့်အနေဖြင့် သိလိုလှပါ၏။

ကျွန်တော့်အနေဖြင့်မူ အဆိုးဆုံးဖြစ်သည့် စစ်တပ်သည် အရေးပေါ်အခြေအနေတွင် အာဏာသိမ်းနိုင်သည်ဆိုပြီး ပြဌာန်းထားသည့် အချက်ကိုပင်လျှင် (အကယ်၍ စစ်တပ်မှအချိန်မရွေး အာဏာသိမ်းလိုသော ရည်ရွယ်ချက်ဖြင့် ထည့်သွင်းခဲ့မည်ဆိုလျှင်တောင်) အချိန်မရွေးအာဏာသိမ်းနိုင်ကြောင်း ပြဌာန်းသည်ဟုမယူဆပါချေ။ ကျွန်တော်တို့ အစိုးရသစ်အနေဖြင့် (အန်အယ်ဒီပါတီဖြစ်ရန် များသည်ဟုယုံကြည်ပါသည်) နိုင်ငံအား ဘာကြောင့် အရေးပေါ်အခြေနေထိဖြစ်ရန်ပင် အုပ်ချုပ်ရမည်နည်း။ ထို့ကြောင့် ထိုအရာသည် မလိုအပ်သောပူပန်ရန်မလိုသည့် ပြဌာန်းချက်ဖြစ်၏။ (အခြားအသေးစိတ်အချက်များကိုမူ ဆောင်းပါလွန်စွာမရှည်စေရန်အလို့ငှာ နောက်ပိုင်းတွင် အလျင်းသင့်သလို ဆွေးနွေးမည်ဖြစ်ပါသည်။)

အချုပ်ဆိုရလျှင် သင်တို့သည် မိမိယုံကြည်ချက်အတိုင်း တိုက်ပွဲဝင်စိတ်ဓါတ်များ ထားရှိသည်ဆိုသော်လည်း ရလဒ်အားတွက်ချက်ရန်မမေ့သင့်ပါချေ။ စေတနာသန့်စွာဖြင့် နိုင်ငံတော်အကျိုးအတွက် မိမိပြောဆိုနေမှုများ (blog ပေါ်တွင်ဖြစ်သော်လည်း) မိမိရေးသားနေမှုများသည် အကယ်၍များ အမိမြန်မာနိုင်ငံတော်၏ အနာဂါတ်တွင် အကျိုးယုတ်စေသည့် အကြောင်းအထောက်အပံ့အဖြစ် ပါဝင်ခဲ့သလို ဖြစ်သွားမည်ဆိုလျှင် သင်တို့သည် မည်သို့တာဝန်ယူကြပါမည်နည်း။ ကျွန်တော်တို့သည် ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်ရမည်ဖြစ်သော်လည်း အကျိုးရလဒ်အား မစဉ်းစားသည့် မျက်ကန်းတိုက်ပွဲဝင်ပုံမျိုးဖြင့်မူ စိတ်ဓါတ်ပြင်းထန်ရန်မသင့်ပါချေ။ အထူးသဖြင့် ယခုအရာသည် နိုင်ငံအရေးဖြင်ချေ၏။ ပိုမိုလေးနက်စွာဆိုရလျှင် တိုင်းရင်းသားပေါင်းစုံစုစည်းထားသည့် ရင်ကြားစေ့ရေးဆွေးနွေးနေရဆဲဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အရေးဖြစ်၏။

ထို့ကြောင့် ပိုမိုလေးနက်စေရန် ထပ်မံမေးခွန်းထုတ်ပါမည်။
သင်တို့သည် ထိုသို့သောအခြေအနေမျိုးများ ပေါ်ပေါက်ခဲ့ပါလျှင် မိမိရေးသားပြောဆိုခဲ့မှုများအတွက် မိမိကိုယ်တိုင်မည်သို့ တာဝန်ယူကြပါမည်နည်း။ မည်သူကမျှတော့ သင်တို့ရေးသားမှုအတွက် အပြစ်တင်ကြ အရေးယူကြမည်မဟုတ်ပေ။
ပြန်လည်ဖြေဆိုရန်မလိုပါ။ မိမိဘာသာမေးခွန်းထုတ်စဉ်းစားစေလိုခြင်း ဖြစ်ပါသည်။

ကျွန်တော့်အဖို့မူ နိုင်ငံနှင့် လဲယူရန်ထိုက်တန်သည့် စနစ်သည်လည်းကောင်း၊ ယုံကြည်မှုသည်လည်းကောင်း မရှိပါချေ။ နိုင်ငံသည်သာ အဓိကဖြစ်ပါ၏။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

မှတ်ချက်။ ။ comment ဖြင့်ဆွေးနွေးလိုသူများ ရှိခဲ့မည်ဆိုလျှင် ပုံမှန်တွေ့နေကြဖြစ်သည့် ဟာ.. ဖွဲ့စည်းပုံထောက်ခံဘို့ စည်းရုံးနေတဲ့စာကြီးပဲ.. ဟိုဘက်ကကောင်ပဲ၊ မင်းကလာဆွဲနေတာလာဲးစသော comment များထက် အချက်အလက်အားထောက်ပြသော comment များကိုသာ မျှော်လင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် အထက်ပါရေးသားသည့်အတိုင်း အမှန်ယုံကြည်ပြီး ထိုသို့သော လမ်းကြောင်းကိုပင် ရင်းကာ ကန့်ကွက်လိုသူများ၏ အကြောင်းပြချက်များအား အမှန်တကယ်လေ့လာလိုသောကြောင့် ဖြစ်ချေ၏။

ဤဆောင်းပါးအား နိုင်ငံရေး blog များအကြားကျယ်ပြန့်စွာ ရောက်ရှိစေရန်အလို့ငှာ မိတ္တူအား အောက်ပါ blog များသို့ ပေးပို့ပါ၏။
၁။ http://padaukmyay.blogspot.com/
၂။ http://drlunswe.blogspot.com/

Saturday, February 16, 2008

Road Map၊ နိုင်ငံရေးအတိုက်အခံများနှင့် ကျွန်တော့အယူအဆ

Road Map နှင့် ကျွန်တော့အယူအဆ

ကျွန်တော်သည် လက်ရှိတပ်မတော်အစိုးရမှ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအားအတည်ပြုကာ လမ်းစဉ်(၇)ရပ်အား အချိန်အတိအကျဖြင့် ပြုလုပ်မည်ဆိုသည့် ကြေငြာချက်အား ကြိုဆိုပါသည်။ မြန်မာနိုင်ငံ၏ အကျပ်ရိုက်နေသည့် ထွက်ပေါက်မဲ့ နိုင်ငံရေးအခြေအနေအတွက် အပြုသဘောဆောင်သည့် အသင့်တော်ဆုံး လှုပ်ရှားမှုတစ်ခုအဖြစ် မြင်ပါ၏။ အတန်ငယ်ရှင်းလင်းပါအံ့။

မြန်မာနိုင်ငံအား 1990 အနိုင်ရပါတီ (အန်အယ်ဒီ) သို့ အကြွင်းမဲ့ အာဏာအား အမြန်ဆုံးလွှဲပေးမည်ဆိုပါမူ

၁) လက်ရှိပါတီ၏အခြေအနေ

- လက်ရှိအာဏာကိုလွှဲပြောင်းယူမည့် လူများသည်လည်းကောင်း၊ အဖွဲ့အစည်းသည်လည်းကောင်း များစွာ စနစ်တကျမရှိခြင်း၊ အခြေခံမူများ ဦးတည်ချက်များ လွန်စွာ ရှုပ်ထွေးနေခြင်း
- အဖွဲ့အစည်းတွင်းရှိ အထက်အောက်ဆက်ဆံရေးသည် များစွာပင်အာဏာရှင်ဆန်ခြင်း၊
- အတိုက်အခံများ၏ ဆယ်စုနှစ်နှစ်ခုကြာဦးတည်ချက်၊ လှုပ်ရှားချက်များသည် လက်ရှိအစိုးရပြုတ်ကျရေးသာ ဖြစ်သောကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မည်သည့်အစီမံမျှ မရှိခြင်း (အံ့သြောဖွယ်ကောင်းသည်မှာ ထိုအစီမံများအား နှစ်ရက်သုံးရက်မျှဖြင့် ရေးစွဲပါမည်ဟု ဆိုလာသည့် နိုင်ငံရေးသမားထိပ်သီးကြီးများပင် ပေါ်ပေါက်လာခြင်း)
**အတန်ငယ်အကျဉ်းမျှသာ ဆိုထားခြင်းဖြစ်သည်။ ထိုထက်ပိုမိုသော မြင်သာထင်သာရှိသည် ရှုပ်ထွေးမှုများ အားနည်းချက်များ၊ ယိုယွင်းမှုများ။ အပြင် ကျွန်တော့်အနေဖြင့် လေ့လာရန်လိုက်မမီနိုင်သည့် အရှုပ်ထွေးပေါင်းများစွာမှာ အဆိုပါပါတီအတွင်း ရှိနေသေးသည်မှာလည်း အထင်အရှားပင်ဖြစ်၏**

၂) ပြည်တွင်းပြည်ပအဖွဲ့အစည်းများအခြေအနေ

- ပြည်ပမှလှုပ်ရှားသူများ၊ အချို့အဖွဲ့အစည်းများသည် ပြည်ပအထောက်အပံ့များကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ရှိသင့်သည့် မှီခိုမှုထက်ကျော်လွန်စွာ အန္တရာယ်ရှိလောက်သည့် အဆင့်တိုင် နယ်ကျွံနေကြခြင်း၊
- ထို့အတွက် ပြည်ပစွက်ဖက်မှုကို (ဝေစုခွဲမှုဟုဆိုနိုင်ပါသည်) လိုအပ်သည်ထက်ပိုမိုခံရဖွယ်ရှိခြင်း၊
- တပ်မတော်အစိုးရ ပြုတ်ကျရေးသည်သာ လိုရင်းဖြစ်ကာ လက်မရှောင်တွဲလျှက်ပူးပေါင်းခဲ့မှုကြောင့် ပြည်တွင်း သောင်းကျန်းသူသူပုန်များနှင့် အရှုတ်အထွေးများရှိလာနိုင်ခြင်း၊
- တပ်မတော်အစိုးရအား ဆန့်ကျင်လျှင်ပြီးရောဆိုကာ အားပေးအားမြှောက်လုပ်ခဲ့သည့် တိုင်းရင်းသားခွဲထွက်ရေး လှုပ်ရှားမှုများအတွက် စာရင်းများရှုပ်လာနိုင်ခြင်း၊
- တိုင်းရင်းသားများဖြင့် ခွဲထွက်ခွင့် အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့ပြီး အနောက်မှ ၀င်ရောက်စွက်ဖက်မှုများ ရှိမည်ဆိုလျှင် (မည်သည့်နိုင်ငံမဆို မသမာသော ပြည်ပစွက်ဖက်မှုအား ခံရသည်သာဖြစ်၏) အာဏာရပါတီသည် တွန်းလှန်မှု မပြုနိုင်လောက်အောင် ယခုအနှစ်နှစ်ဆယ်အတွင်း လိုသည်ထက်ပိုသော ပက်သက်ဆက်စပ်မှုများရှိနေခြင်း။

(ထိုသို့ ခွဲထွက်ခွင့်များ ပေါ်ပေါက်ခဲ့မည်ဆိုလျှင် ဒီမိုကရေစီ သမားများ blogger များသည် သတင်းစာများတွင် စာလုံးမဲကြီးများဖြင့် ကန့်ကွက်ရုံမှအပ မည်သို့မျှ ပြုနိုင်မည်မဟုတ်ဆိုသည်မှာ သတိပြုရမည့် အချက်ဖြစ်သည်။ ဆိုလိုသည်မှာ လွတ်လပ်စွာရေးသားခွင့်ဆိုသည်မှာ တိုင်းပြည်တည်မြဲရေးနှင့် စာလျှင် မည်သို့မျှနှိုင်းယှဉ်မရသော ပမွှားအခွင့်အရေးတစ်ခုဟုသာ ကျွန်တော်ယုံကြည်ပါသည်။)

၃) ပြည်သူအခြေအနေ

ဖွဲ့စည်းပုံ၊ ပါဝင်သူများ၏ အနေအထား တို့တွင် စနစ်တကျရှိမှု အင်အားချိနဲ့လှသည့် အစိုးရမှ အုပ်ချုပ်မည့် ပြည်သူသည် စီးပွားရေးပိတ်ဆို့မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို ရင်ဆိုင်ထားရသည့် ပြည်သူဖြစ်နေခြင်း။

ထိုသို့ လေ့လာမိသောအခါ ထိုဒီမိုကရေစီအစိုးရ အုပ်ချုပ်သော နိုင်ငံ၏ အခက်အခဲများအား အထင်းသားတွေ့မြင်လာရပါ၏။ အကျင့်ပျက်လာဘ်စားမှုမှသည် စည်းကမ်းပျက်ယွင်းမှုမျိုးစုံတို့သည် သေချာစွာထိန်းမတ်နိုင်ခြင်းမရှိလျှင် ဒီမိုကရေစီသည် ထိုအရာများကို ပိုမိုဆိုးရွားစေသော စနစ်တစ်ခုဖြစ်လာလေ့ရှိသည်။

ထိုသို့ မနိုင်မနင်းအုပ်ချုပ်မှုများ၊ အကျင့်ပျက်စည်းကမ်းပျက်မှုများ၊ ပြည်တွင်းပြည်ပ အရှုပ်အထွေးများဖြင့် ကသောင်းကနင်းဖြစ်လာပါက မည်သို့ဖြေရှင်းကြမည်နည်း။ လွှဲချစရာ တပ်မတော်အစိုးရလည်းရှိမည်မဟုတ်ပါ။ ဒီမိုကရေစီတွင် ဒီပါတီမကောင်းလျှင် နောက်ပါတီပြောင်းရုံပေါ့ဆိုသည်မှာ ပြောင်းစရာလူရှိရန်လိုပါလိမ့်မည်။ စီးပွားရေးပိတ်ဆို့မှုအောက်တွင် လှိမ့်ပိန့်ခံနေရသည့် ပြည်သူကြားမှ ထိုအခြေနေများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မည့်သူ မည်သူများပေါ်ထွက်လာမည်ဟုထင်ပါသနည်း။ ထိုအခြေအနေမျိုးဆိုက်ရောက်လာပါက တပ်မတော်မှ ပြန်လည်အာဏာသိမ်းရမည်လော။ ဒါမှမရတော့လည်း သိမ်းပေါ့ကွာဟု ဆိုလျှင်တောင် နိုင်ငံသည် တစ်ကပြန်စရပါတော့မည်။ ဒီအခြေအနေထိရောက်အောင် လက်ရှိအစိုးရသည် ဖိအားအမျိုးမျိုးအောက်မှ ကြိုးစားခဲ့ရခြင်းဖြစ်ချေသည်။ သို့သော် ထုံးစံအတိုင်းပင် ဒီမိုကရေစီသမားများသည် နောင်ခါလာနောင်ဈေး၊ ခုရဘို့အဓိကဟူသောစိတ်ဖြင့် မကြံသင့်သည်များကိုပင် ကြံစည်လာကြသည် မဟုတ်လော။

ထို့ကြောင့် Road Map တွင် ရှိသော တပ်မတော်၏ 25 ရာခိုင်နှုန်းသည် ကသောင်းကနင်းဖြင့် ဒီမိုကရေစီသို့သွားကြမည့် အတွေ့အကြုံပိုင်းတွင်လည်းကောင်း၊ စိတ်ဓါတ်ရေးရာပိုင်းတွင်လည်းကောင်း open minded မဖြစ်သော ဒီမိုကရေစီစိတ်ဓါတ်များ အားနည်းသေးသည့် နိုင်ငံရေးသမားများနှင့် ပြည်သူများအတွက် ရှိသင့်သော အထိန်းအကွပ်လေးတစ်ခုဟု ကျွန်တော်ခိုင်မာစွာမြင်ပါသည်။ ထင်သလောက်လွတ်လပ်ခွင့်ကို မရရှိသည်မှာ မှန်သော်လည်း မဖြစ်မနေ အစိုးရသစ်မှ ရင်ဆိုင်လာရမည့် အခက်အခဲများ (ကျွန်တော်သည် ဖြစ်ပေါ်လာနိုင်သည့် ပါတီတွင်းအပြဲကွဲများကို မစဥ်းစားသေးပါ) အား ကူညီ ထိန်းကျောင်းရန် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို မထိခိုက်စေသော ပမာဏရှိသည့် အထိန်းအချုပ်တစ်ခုကို ထိုအစိုးရသစ်တွင် ထားသင့်သည်မှာ မှန်ကန်သောအယူအဆဖြစ်သလို နိုင်ငံတည်ငြိမ်မှုအားလည်း များစွာ အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။

နိုင်ငံရေးအတိုက်အခံများနှင့် ကျွန်တော့အယူအဆ

သို့သော် နိုင်ငံရေးသမားများသည် ထိုRoad Map အကောင်အထည်ပေါ်ကာ အတည်ဖြစ်သွားမည်ကို စိုးရိမ်စိတ်ဖြင့် အပြင်းအထန်လှုပ်ရှားလာကြသည်ကိုတွေ့ရသည်။ အချို့ဆိုလျှင် ဖွဲ့စည်းပုံသည် အဘယ်သို့ရှိသည်၊ မည့်သည့်အချက်ကြောင့် ဆန့်ကျင်သင့်သည်မျိုးကိုပင် မသိရှိပဲ အပြင်းအထန် စုံကန်ငြင်းနေကြသည်မှာ ကျွန်တော့်အဖို့ အံ့သြဖွယ်ပင်ဖြစ်၏။

ဒေါ်စုကြည်နှင့် အနောက်နိုင်ငံများသည်သည် ထို Road Map အကောင်အထည်ပေါ်သွားမည်ကို လွန်စွာစိုးရွံ့၏။ အဘယ်ကြောင့်ဆိုသော် ပန်းတိုင်သည် ဒီမိုကရေစီဖြစ်သော်ငြားလည်း ဒေါ်စုကြည်မပါသည့် ဒီမိုကရေစီဖြစ်နေခြင်းကြောင့်ပင်။ ဤနေရာတွင် ဒေါ်စုကြည်ဟု တိုက်ရိုက်သုံးနှုန်းရခြင်းမှာ အန်အယ်ဒီသည် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးချယ်ခံနိုင်သောကြောင့်ဖြစ်၏။ အနိုင်ရရှိရန်ရာခိုင်နှုန်းသည်လည်း လွန်စွာများသည်ဟု ယုံကြည်ပါသည်။ ထိုအခြေခံဥပဒေတွင် ပြဌာန်းလိုက်သည့် အခန်း(၃) နိုင်ငံတော်အကြီးအကဲ ကဏ္ဍ၏ အမှတ်(၄) အပိုဒ်ခွဲ (စ) ပါ ပြဌာန်းချက်သည် (အသစ်ထွင်ထားသော ပြဌာန်းချက်မဟုတ်ပါ) သူမအား မြန်မာနိုင်ငံရေးတွင် အကြွင်းမဲ့အာဏာရယူရန် ငြင်းပယ်လိုက်သော ပြဌာန်းချက်ဖြစ်နေခြင်းကြောင့် အနောက်အုပ်စုနှင့် သူမအား များစွာထိုခိုက်စေ၏။ အများစုသည်လည်း ထိုပြဌာန်းချက်သည် လက်ရှိအစိုးရမှ သူမအား ဖယ်ရှားချင်သောကြောင့် ဟု စွပ်စွဲကြ၏။ စဉ်းစားစေလိုသည်မှာ ထိုအရာသည် နိုင်ငံတစ်ခုအားအုပ်ချုပ်မည့်သူတစ်ယောက် မဖြစ်မနေရှိကိုရှိရမည့် အရည်အသွေးတစ်ခု ပင်မဟုတ်ပေလော။ မည်သည့် အတိုက်အခံမဆို ဒေါ်စုကြည်သည်သာ ထိုအမဲစက်မရှိခဲ့လျှင် မည်သို့မျှထည့်သွင်းစဉ်းစားရန်ပင် မလိုသည့် အချက်ပင်ဖြစ်၏။

အခြားတစ်ဖက်မှလည်း အစိုးရသည် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုဆန္ဒခံယူလိုက်သည်နှင့် (ပြည်သူမှလည်း အစိုးရဆင်းလျှင်ပြီးရောဟုဆိုကာ ထောက်ခံမဲပေးကြမည်ပင်ဖြစ်သည်) အန်အယ်ဒီမှ တစ်ချိန်လုံးလက်ကိုင်ထားကာ လှိုင်လှိုင်အသုံးချခဲ့သည့် ပြည်သူ၏ထောက်ခံမှုနှင့် အညီဆိုသည့် စကားအား သုံးရန် များစွာခက်ဖွယ် ရှိသွားချေသည်။ အနောက်နိုင်ငံများအနေဖြင့်လည်း ထိုသို့အများပြည်သူဆန္ဒနှင့် အတည်ပြုခဲ့သည့် အခြေခံဥပဒေအား ဆန့်ကျင်ရန်၊ ထိုဥပဒေနှင့်အညီ ပေါ်ပေါက်သည့် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်အား ဆန့်ကျင်ပြီး မြန်မာနိုင်ငံအား ဆက်လက်ဖိအားပေးရန်မှာ များစွာ ရုပ်ဆိုးလာဖွယ် ရှိသည်။ ထို့ကြောင့်ပင် သူတို့သည် ထို Road Map အားဆန့်ကျင်ရန်အတွက် မြင်သာထင်ရှားသည့် ၂၅ ရာခိုင်နှုန်းအား လက်ညှိုးထိုးလာ ကြရချေတော့သည်။ အခြားမည့်သည့် အကြောင်းပြချက်မျှ မခိုင်လုံချေပြီလေ။
ထိုအခါ မိမိဆန္ဒနှင့် နှုတ်ထွက်ပြီးမှ ပြန်ဝင်ရန် နေရာမရှိဖြစ်နေသည့် အရာကြီးသည် အတည်ဖြစ်ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကာလာမည်ကို အနောက်သည်လည်းကောင်း၊ အန်အယ်ဒီသည်လည်းကောင်း၊ ဒေါ်စုကြည်သည်လည်းကောင်း လွန်စွာစိုးရွံ့လာခဲ့သည်။ ထို့ကြောင့်ပင် လက်ရှိအစိုးရမှ ဒီမိုကရေစီအသွင်ပြောင်းမှုများ အီလေးဆွဲကာ သွားနေ့သည့်အချိန်မှာပင် ခပ်လျော့လျော့နေခဲ့သည့် ဒီမိုကရေစီလှုပ်ရှားမှုများ၊ အနောက်ဖိအားများသည် အမှန်တကယ် ဒီမိုကရေစီသို့ အသွင်ပြောင်းသည့် ခြေလှမ်းတစ်ရပ်အဖြစ် အမျိုးသားညီလာခံအား ပြီးစီးအောင်ပြုလုပ်မည်ဟု လက်ရှိအစိုးရ ကြေငြာချိန်မှစကာမူ အပူတပြင်းနှင့် အားစိုက်လှုပ်ရှားလာကြသည်ကို ထင်းလင်းစွာပင်မြင်နိုင်ချေသည်။ ထိုသို့အမျိုးသားညီလာခံ ပြီးဆုံးအောင်မြင်လုပြီဟု ကြေငြာပြီးနောက်ပိုင်တွင် ဆက်တိုက်လာသော ပြည်တွင်းပြည်ပလှုပ်ရှားမှုများသည် အထင်ကရပင်ရှိလှ၏။ ယခုအစိုးရမှ ပြီးဆုံးအောင်မြင်လုပြီဟု ကြေငြာချိန်တွင်မှု မခံမရပ်နိုင်အောင် ပူပန်လာကြသည်မှာ များစွာပင် ထင်ရှားလှပါသည်။

ယခုမူ ဒေါ်စုကြည်သည် ဖခင်အားထပ်မံအသုံးချကာ ပြည်သူအား အဆိုးဆုံးပြင်ဆင်ထားရန်အထိပင် တိုက်တွန်းချေပြီ။ နိုင်ငံရေးအတိုက်အခံများအားလုံးသည်လည်း ထုံစံအတိုင်းပင် သံယောင်လိုက်ကာ မဆန့်ကျင်ဝံ့ပဲ အဖျက်လမ်းစဉ်အား အဝေးမှ လှုံ့ဆော်လာကြ၏။ Road Map ဖြင့်ဒီမိုကရေစီလမ်းစဉ်သည် အထင်ကရရှိနေပြီးသည်ဖြစ်သောကြောင့် ထိုအဆိုးဆုံးပြင်ဆင်ရန်၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီသီးသန့်မဟုတ်တော့ပါ။ အကယ်၍ ကြေငြာခဲ့သလိုပင် တပ်မတော်၏ 25% ကို လက်မခံလိုသောကြောင့်ပါဟု ဆိုလျှင်တောင် ထို ၂၅% လေးအတွက် နိုင်ငံအား မငြိမ်မသက်ဖြစ်စေကာ၊ အခန့်မသင့်လျှင် သူ့ကျွန်ဘ၀သို့ပင် ပြန်လည်ရောက်ရှိနိုင်သည့် အခြေအနေသည် ထိုက်တန်ပါ၏လော။

္မဤနေရာတွင် အတိုက်အခံများအား တိုက်တွန်းလိုသည်မှာ သင်တို့သည် မိမိဦးတည်ချက်အား မိမိရှင်းလင်းစွာသဘောပေါက်ရန်ဖြစ်သည်။ မေးခွန်းထုတ်သင့်သည်မှာ

မိမိဦးတည်ချက်သည် ဒီမိုကရေစီလား။

ထိုသို့ဆိုလျှင် ယခုလမ်းကြောင်းတွင် တပ်မတော်သည် အထိန်းအကွပ်သဘောမျှသာ ပါဝင်နေသည့်အတွက် နိုင်ငံသည် ယခင်တပ်မတော်အစိုးရအုပ်ချုပ်ခြင်းထက် များစွာသာလွန်သော ဒီမိုကရေစီအခြေအနေတစ်ခုသို့ ရောက်ရှိမည်ဖြစ်သောကြောင့် ကျွန်တော်တို့အနေဖြင့် ထွက်ပေါက်တစ်ခုအဖြစ် လျှောက်လှမ်းနိုင်ပါသည်။ ထို့ကြောင့် အတန်ငယ်မနှစ်မြို့နိုင်ပါဆိုလျှင်တောင် နိုင်ငံအားအဆိုးဆုံးပြင်ဆင်ကာ တိုက်ပွဲဝင်ရန်မလိုအပ်ပါချေ။

သို့မဟုတ်

မိမိဦးတည်ချက်သည် အာဏာလား။

ထိုသို့ဆိုလျှင်မူ သင်တို့ဆိုနေသည့် (၂၅) ရာခိုင်နှုန်းသည် အာဏာခွဲတမ်းကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထို (၂၅%) သည် ဒီမိုကရေစီစနစ်ဖြင့် ဖော်ဆောင်နေသော ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် မည်သို့မျှအရာမရောက်သည့် ပမာဏဖြစ်သော်လည်း အကြွင်းမဲ့အာဏာဖြင့် ပိုင်ပိုင်နိုင်နိုင်အသုံးပြုလိုသည့် သူများအတွက်မူ များစွာပင် မျက်စိစူးစရာ ပမာဏကြီးဖြစ်ချေ၏။ ထိုဦးတည်ချက်ရှိလျှင်မူ တိုက်ပွဲဝင်ရန်လမ်းကြောင်းအား အပူတပြင်း လျှောက်လှမ်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာအား ပြည်သူသည် အတည်ပြုရန် မဝေး တော့ချေ။

မည်သို့ဆိုစေကာမူ အချုပ်အားဖြင့်တိုက်တွန်းလိုသည်မှာ သင်တို့သည့် မည်သည့်ဦးတည်ချက်၊ ယုံကြည်ချက်အား ကိုင်စွဲသည်ဖြစ်စေ၊ နိုင်ငံအားမှန်ကန်သောနည်းလမ်းဖြင့် ချစ်ပါ၊ နိုင်ငံတော်ကိုထိခိုက်စေမည့် ကိစ္စများအား ရှောင်ကြဉ်ကာ မိမိယုံကြည်ချက်အတွက် တိုက်ပွဲဝင်ကြပါရန် လေးနက်စွာတိုက်တွန်းလိုပါသည်။

ကျေးဇူးတင်ပါသည်

မျိုးမြန်မာ

Thursday, February 7, 2008

ဒီမိုကရေစီပြည့်ဝဖို့ လိုပါသည်။

မေးခွန်းလေးတစ်ခု ထုတ်ပါရစေ.. ခုကိုမျိုးမြန်မာရဲ့ သူတို့ဘယ်တော့လာကြလေမလဲ ဆိုတဲ့ ဆောင်းပါးကို ဖတ်မိချင်ဖတ်မိကြမဲ့ လူတွေထဲက ဆန့်ကျင်ဘက်အတိုက်အခံတွေ၊ blogger တွေ၊ ဒီမိုကရေစီဆိုသူတွေအားလုံးပေါ့ဗျာ.. ရာခိုင်နှုန်းဘယ်လောက်လောက်များ ဟာ ဟုတ်တယ်ဟေ့.. ဒါကတော့ သတိထားရမယ့် စိတ်ထားပဲ.. တဖက်ကတောင် (ကိုမျိုးမြန်မာကို တဖက်ကလို့ပဲယူဆမှာတော့ အသေအချာပါပဲ) ဝေဖန်လာရအောင် ငါတို့ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ဒီစိတ်ဓါတ် ပျံ့နေလို့များလား.. စပြီးတော့ပေါ့ဗျာ.. စဉ်းစားမိမဲ့လူများ ဘယ်နှရာခိုင်နှုန်းလောက် ရှိမယ်များ ထင်ပါလဲခင်ဗျာ.. 1% တောင် ရှိမယ်မထင်ပါဘူး.. အရင်ကဆို (၀%) ပဲ ထင်ထားတာဗျ.. ဆောင်းပါးမရေးခင်လေးကပ်ပြီး ကိုကဒေါင်း comment ၀င်တယ်.. ကိုမျိုးမေးတာကို ရွှေဘိုသားပြန်ဖြေထားတာတွေ ဖတ်ရတယ်.. ဒါကြောင့်မို့ နဲနဲ (၁%) ပေးလိုက်တာ…

ကျွန်တော်ဒီလိုမေးလို့ ကိုမျိုးဟာ တကယ့်ကိုနိုင်ငံရေးဂုရုကြီးမို့လို့ သူပြောသမျှ တလေးတစားလိုက်လေ့လာနေရမှာမျိုး ဆိုလိုတာမဟုတ်ဘူးနော်… သူလည်းလေ့လာသူသက်သက်ပါပဲ.. ကျွန်တော်ကိုမျိုးကို ဝေဖန်ရမယ်ဆိုရင် သူဟာ သူ့အမြင်တွေကို ခိုင်ခိုင်မာမာလေး ပြောနိုင်တာကလွဲလို့ နိုင်ငံရေးစကားလုံးတွေ ကြီးကြီးသုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောနိုင်တဲ့အနေအထားမျိုးတောင် မရောက်သေးဘူးဗျ.. (ဟီးဟီး.. ညနေကျရင်တော့ ဖုန်းလာပြီကောမလားမသိဘူး..) ကဲ.. ဆက်ရအောင်..

ကျွန်တော့်အမြင်တော့ ရှင်းတယ်ဗျ.. ဒီဆောင်းပါးကပြောတဲ့စိတ်ဓါတ်ဟာ ဘယ်သူပြောပြော.. ဘာကောင်ကြီးပြောပြော.. ဘာကောင်လေးပြောပြော.. ဟုတ်တယ်.. ဒီဆောင်းပါးထောက်ပြခဲ့တဲ့အချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်.. ဒါ့အပြင် ခု နိုင်ငံရေးအတိုက်အခံအုပ်စုတွေထဲမှာ ဒီစိတ်ဓါတ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်.. ဒီမိုကရေစီအရေး၊ ဟိုအရေး၊ ဒီအရေးနဲ့ နိုင်ငံလွတ်လေးရေး ဆုံးရှုံးမဲ့အရေးနဲ့ယှဉ်ရင် အာပလာအရေးလေးတွေမှာတောင် (နိုင်ငံလွတ်လေးရေး ဆုံးရှုံးမဲ့အရေးနဲ့ယှဉ်ရင် ပြောတာနော်.. တော်ကြာ ဒီမိုကရေစီအရေးကို အာပလာအရေးပြောပါတယ်ဆိုပြီး ဖြတ်ညှတ်ဝေဖန်နေကြဦးမယ်..) သဲသဲလှုပ်နေကြတဲ့လူတွေဟာ ခုဒီစိတ်ဓါတ်ကို လစ်လျူရှုကြအုံးမယ်ဗျ.. ဟာ.. ဒီအန္တရာယ်ကို လက်ရှိအစိုးရ ပြုတ်ကျအောင်လုပ်ပြီးမှပဲ ပြောတော့မယ်.. ခုတော့ တိုင်းပြည်ဘယ်သူသိမ်းသိမ်း ဘယ်လောက်မွဲမွဲ ငါ့တို့ ဦးတည်ချက်အပျက်မခံနိုင်ဘူးကွဆိုရင်တော့လည်း အကိုတို့အမတို့ရေ ကျွန်တော်ဖြင့် ဘာပြောရမှန်းတောင် သိမှာမဟုတ်တော့ပါဘူးဗျာ..

ဟုတ်ပြီ.. ဘာကြောင့်သူတို့ ဒါကြီးကို လက်မခံလဲ.. စိတ်ထဲမှာ အန္တရာယ်ပဲဟေ့.. ငါတို့လည်း ဒီစိတ်ဓါတ်ကြီးပျောက်အောင် လှုပ်ရှားမှရတော့မယ် မဖြစ်လဲ..

တခုက ကိုမျိုးဆောင်းပါးဖြစ်နေလို့..

တဖက်ကပြောတာဖြစ်နေလို့.. လက်မခံဘူး.. ရှင်းတယ်.. ဒီမိုကရေစီဆိုတဲ့ blogger တော်တော်များများဟာ ကိုယ်နဲ့အမြင်မတူတဲ့ ဆောင်းပါးကိုဖတ်တိုင်း ငါတို့ဘာများမှားနေလဲဆိုတဲ့ စိတ်ထက် ဘယ်လိုပြန်ဖဲ့ရမလဲဆိုတဲ့ စိတ်နဲ့ဖတ်ကြတာများတယ်.. တကယ်လို့ အမှန်ကြီးထောက်နေရင်တောင်.. စုန်ကန်ညင်းမယ်.. မရရင်ရူးချင်ရောင်ဆောင်မယ်.. ပြီးရင် တဖက်ကလို့ပြောမယ်.. ဒီတော့ဘာဖြစ်လဲ.. တဖက်က အပြစ်မြင်ပြီးပြောတာဖြစ်သွားရော.. ကိုယ်မှားလို့မဟုတ်တော့ဘူး.. ပြင်စရာမလိုဘူး.. ဘာလို့လည်းဆိုတော့ blog တွေ တော်တော်များများကို ကျွန်တော်ဖတ်တယ်ဗျာ.. ဒီမိုကရေစီကို ဝေဖန်တဲ့လူမှန်သမျှဟာ အစိုးရလူလို့ စွပ်စွဲခံရတယ်.. စကားလုံးတွေကတော့ စုံနေတာပါပဲ.. အံ့သြောစရာကောင်းတာက သူတို့တွေက ပြည်သူတွေထဲမှာ ဒါတွေကိုမြင်တဲ့လူတွေ၊ ဘာကိုမှ မျှော်လင့်လို့မဟုတ်ပဲ နိုင်ငံအတွက် ၀င်ရောက်ဆွေးနွေးသူတွေ အမှန်တကယ်ရှိနေတယ်ဆိုတာ မသိတာလား.. မသိချင်ရောင်ဆောင်တာလား.. ဒါမှမဟုတ် ပြည်သူတွေအားလုံး ငပိန်းတွေပဲလို့ ထင်တာလား..

နောက်တစ်ခုပြောမယ်..

အမှန်တကယ်ကို အဲဒီဆောင်းပါးထဲက စိတ်ဓါတ်ကြီး ၀င်နေလို့.. ရှင်းတယ်.. ကိုယ့်မှာ ဒီလိုဖြစ်ချင်စိတ်က တားမရဆီးမရပေါ်နေတယ်.. ဒါကိုဆန့်ကျင်ဘက်လူတွေက ကျွန်စိတ်ဘာစိတ်နဲ့ လာပြီးပြောနေတယ်.. ခပ်ရှင်းရှင်းပဲ.. ဆောင်းပါးထဲမှာ တိုက်တွန်းသလို ဘာမှအရေးတယူလုပ်ပြီး ခေါင်းချောက်ခံနေစရာလဲမလိုဘူး.. အရေးကြီးတာက ဘယ်လိုပင့်ရမလဲစဉ်းစားဖို့ပဲ.. ဒါကိုကာကွယ်ဖို့ကတော့ လွယ်ပါတယ်.. ဒီကောင်တွေကတော့ ပြောမှာပေါ့.. တဖက်ကလူကိုးဆိုပြီးတော့ကို ရူးချင်ရောင်ဆောင်လိုက်ရုံပဲလေ.. ဘယ်ဒီမိုကရေစီသမားဆိုသူကမှလည်း အပြစ်ပြောရဲမှာမဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ ကိုယ့်လူအပြစ်ပြောပြီး ဟိုဘက်ကပြောတာ မှန်တယ်ကွဆိုရင်တော့ ကန်ထုတ်ခံရမှာကိုးဗျ.. အာဏာရှင်ဆန်ပုံပြောပါတယ်..

ဟုတ်ပြီဗျာ.. ဒီတော့ ဒီမိုကရေစီသမားပါလို့ အော်နေတဲ့လူတွေ၊ ချစ်ပြနေတဲ့လူတွေအတော်များများဟာ open minded မဖြစ်ကြဘူးဗျာ…. သူတို့ဟာ ဘာကိုစိုးရိမ်မှန်းမသိရလောက်အောင် ဒီမိုကရေစီနိုင်ငံရေးသမားတွေရဲ့ အားနည်းချက်တွေကို ဝေဖန်တဲ့အချိန်တိုင်းမှာ အတင်းစုံကန်တတ်ကြတယ်ဗျ.. သိပ်အံ့သြောဖို့ကောင်းတယ်.. သဘောကွဲလွဲခွင့်တွေ၊ ဆွေးနွေးမှုတွေနဲ့ အသားမကျကြသေးဘူး.. ဒီတော့ သူတို့အော်နေတဲ့ ဆွေးနွေးမှုကို ဘယ်လိုစမလဲ.. ငြင်းခုန်မှုကတော့ စတာ19 နှစ်ကျော်ပြီဗျ…

အာဏာကိုစွဲကိုင်ထားချင်သေးတဲ့အစိုးရနဲ့.. တိုင်းပြည်မပြိုကွဲဖို့ဆိုတဲ့ အဓိကအကြွင်းမဲ့ မှန်တဲ့အချက်လေးမှာတောင် တဖက်ကပြောတာမို့ နှာစီးချင်ရောင်ဆောင်နေတဲ့ မျိုးချစ်စိတ်လမ်းလွဲ အတိုက်အခံတို့ဟာ ဘာတွေများ ဘယ်လိုညှိနှိုင်းဆွေးနွေးမှာတဲ့လဲ.. နိုင်ငံအတွက်နိုင်ငံအတွက် လို့ဆိုတာဟာ အော်ပြနေရုံနဲ့ မရပါဘူး.. (ဒါဟာ နှစ်ဖက်လုံးကိုပြောတာပါ..)

မကြာခင်မှာ ဒါလေးကိုအခြေထားပြီး Road Map နဲ့ပက်သက်တဲ့ ကျွန်တော့်အမြင်လေးပြောချင်တယ်ဗျာ..

ကျေးဇူးပဲဗျို့

မောင်ငယ်ရင်သွေး

Friday, January 25, 2008

သူတို့ ဘယ်တော့လာကြလေမလဲ

ဤခေါင်းစဉ်သည် ယနေ့မြန်မာနိုင်ငံ နိုင်ငံရေးအတိုက်အခံအင်အားစုများ၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် ရောင်စုံအဖွဲ့ပေါင်းစုံ၏ အကြားတွင် ပြန့်နှံ့နေပြီး ပြည်သူများအကြားတွင် ပြန့်ပွားလာအောင် လှုံ့ဆော်ပေးနေသည့် ကြောက်မက်ဖွယ်စိတ်ထားတစ်ခုအကြောင်း ဆွေးနွေးလိုခြင်းဖြစ်၏။

ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများသည် ယခင်ကာလများက ထိုအရာအား စိတ်တွင်း၌သာကြိတ်ကြံကာ ပေါ်ပေါ်ထင်ထင်မပြောဝံ့ကြသော်လည်း ယခုအခါတွင်မူ ထင်ထင်ရှားရှားကို ထုတ်ဖော်ပြောဆိုလာကြကာ ပြည်သူများအကြားတွင်လည်း ထိုရှက်ဖွယ်ကောင်းသောစိတ်ဓါတ်သည် ပုံမှန်တစ်ခုအဖြစ်သို့ ရောက်လာနေသည်ကို ထင်ရှားစွာပင်တွေ့ရပါသည်။ ထိုအယူအဆစိတ်ထားသည် 1885 ပတ်ဝန်းကျင်လောက်တွင် မြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ဘူးသော အနေအထားနှင့် များစွာတူညီလေ၏။ ကျွန်တော့်အနေဖြင့် ရှင်းလင်းစွာပြောရမည်ဆိုလျှင် ထိုအရာသည် ကျွန်စိတ်ပင်ဖြစ်သည်။ လွန်စွာရှုတ်ချသင့်သော၊ အမိမြေအတွက် ရင်နာဖွယ်ကောင်းသော၊ ရှက်ဖွယ်ကောင်းသလို၊ ကြောက်မက်ဖွယ်လည်း အလွန်ကောင်းသည့် စိတ်ထားပင်ဖြစ်၏။ ထိုစိတ်ထားသည် စီးပွားရေးပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုလည်းဖြစ်ချေသည်ဟု ကျွန်တော်ယူဆပါသည်။

အမိမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာအား တိုင်းတပါးစစ်တပ်များဖြင့် သိမ်းယူကာ မိမိတို့အလိုရှိသည့် လူတစ်ယောက် (ပါတီနှင့်စနစ်မဟုတ်ပါ) အား အာဏာပေးစေရန်မှာ ထားသင့်သည့်စိတ်ထားဖြစ်ပါသလား။ ကျွန်တော်ယုံကြည်သည်မှာမူ နိုင်ငံနှင့် လဲယူရန်ထိုက်တန်သည့် စနစ်သည်လည်းကောင်း၊ ကြွယ်ဝမှုသည်လည်းကောင်း၊ မရှိပါချေ။ ဒီမိုကရေစီသည် နိုင်ငံအားအထောက်အပံ့ ဖြစ်ရန်သာဖြစ်ချေသည်။ နိုင်ငံနှင့် လဲယူလောက်အောင် ထိုက်တန်သည့်အရာမဟုတ်ပါ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးသမားများထဲတွင် ထိုသို့ ပြည်သူအားနည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းလမ်းပြပေးနိုင်မည့် သူမျိုးမပေါ်ပေါက်ခြင်း၊ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် မြန်မာနိုင်ငံအတွက် ကံဆိုးမှုပင်ဖြစ်ချေ၏။

ထိုအတိုက်အခံနိုင်ငံရေးသမားများအနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်သင့်သည်မှာ ယင်းတို့မှ ဖိနှိပ်ပါသည်၊ လမ်းကြောင်းမှားနေပါသည် ဟုစွပ်စွဲနေသည့် လက်ရှိတပ်မတော်အစိုးရသည်ပင်လျှင် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားနိုင်ပါသေးလျှင်၊ ကြွေးကြော်နိုင်ပါသေးလျှင် အဘယ်ကြောင့် နိုင်ငံအတွက်လှုပ်ရှားနေပါသည်ဟု ယုံကြည်ထားသည့် မိမိတို့သည် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားသည့် လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ပါသနည်း ဆိုသည်ကိုပင်။ သင်တို့သည် သတိထားမိပါသည်လား။ အဘယ်ကြောင့်ပါနည်း။

အခြားတစ်ဖက်မှ ဘေးအမြင်ဖြင့် သုံးသပ်ကြည့်ပါဦးမည်။ အကယ်၍ တပ်မတော်အစိုးရအနေဖြင့် မျိုးချစ်စိတ်ဆိုသည်မှာ သူတို့အာဏာတည်မြဲရေးအတွက် အပြကောင်းနေသောကြောင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အား လက်ကိုင်ပြုထားသည်ဟု ယူဆကြည့်မည်ဆိုပါစို့။ ထိုသို့ဆိုလျှင် အတိုက်ခံနိုင်ငံရေးသမားများသည် သူတို့နိုင်ငံရေးလမ်းကြောင်းတွင် မျိုးချစ်စိတ်အား အခြေခံမထားခြင်းမှာ မျိုးချစ်စိတ်သည် သူတို့အာဏာရရှိရေးအတွက် တားဆီးထား သောအရာတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု ဖြစ်နေခြင်းကြောင့်ပင်လော ဆိုသည်ကိုပင်။ ဤကောက်ချက်ကို ကျွန်တော့်အနေဖြင့်ဆိုရခြင်းမှာ အတိုက်ခံတို့၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းသည် လက်ရှိအစိုးရအားမဟုတ်ပဲ၊ နိုင်ငံကိုသာ တစ်နည်းမဟုတ်တစ်နည်း ထိခိုက်စေခြင်း၊ မျိုးချစ်စိတ်အား အခြေထားသော လှုပ်ရှားမှုမျိုး မရှိကြခြင်း၊ ပြည်ပအား လိုသည်ထက်ပိုစွာ အောက်ကျို့ရာမှ နောက်ဆုံးတွင် နိုင်ငံကိုပါထိုးအပ်ရန်ထိ အတင့်ရဲစွာ ကြံစည်ကြခြင်း စသည့်ခြေလှမ်းများအား လေ့လာမိခြင်းကြောင့်ဖြစ်ချေသည်။

အချို့သူများသည် နိုင်ငံအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသလိုပြောဆိုလာကြသည်ကိုလည်း အံ့သြောစွာတွေ့ရ၏။ တကယ့်အတိုက်အခံ နိုင်ငံရေးအုပ်စုများထဲတွင် ထိုသို့ပြောလာကြသူများအားတွေ့ရခြင်း၊ ထိုသူများကပင် ဗိုလ်ချုပ်အောင်ဆန်းအား ဟန်ဆောင်ချစ်ပြနေခြင်းမှာ ကျွန်တော့အဖို့မူ ရှေ့ကဖုန်းနောက်ကပေါ်ဆိုသကဲ့သို့ပင် ဖြစ်ချေ၏။ ပိုမိုစိတ်ပျက်စေသည်မှာ ထိုသို့ပရမ်းပတာပြောသူမျိုး ပေါ်ပေါက်သည့်အခါမျိုးတွင်ပင်လျှင် စကားထက်လေ့ရှိသည့်၊ အပြစ်ရှာပြောရာတွင် လွန်စွာတော်သည့် အခြားသောဒီမိုကရေစီအင်အားစုများသည် ရှုတ်ချခြင်းပြုရန်၊ ထိန်းသိမ်းတားဆီးရန် မေ့လျော့နေကြခြင်းပင်ဖြစ်သည်။ ထိုအခါ ဥရောပမှ ပညာရှင်တစ်ဦး (အမည်မမှတ်မိပါ။ မောင်ကောင်းထိုက်စာစုများတွင်ကြည့်နိုင်ပါသည်) ၏ စကားသည် ကျွန်တော့်အား ထိုသို့ ပြည်ပတပ်များအား ၀င်ရောက်သိမ်းယူစေလိုသည့် နိုင်ငံရေးသမားများအား ကြည့်ကာ များစွာအရှက်ရစေပါသည်။ ထိုစကားမှာ “ကျွန်ဖြစ်ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့လူတွေဟာ ကျွန်ပဲဖြစ်ထိုက်တယ်“ ဆိုသောစကားပင်ဖြစ်၏။

ထိုသို့လျှင် နိုင်ငံချစ်စိတ်သည် အာဏာတည်မြဲရာလမ်းကြောင်းဖြစ်သူတို့က ချစ်ပြကြ၊ အာဏာပျက်စီးရာလမ်းကြောင်းဖြစ်သူတို့က ထိုနိုင်ငံချစ်စိတ်အား စွန့်ပယ်ကြသည့် နိုင်ငံရေးသမားများသည် အမှန်တကယ်တွင်မူ မည်သူ့မည်သူမျှ အမိနိုင်ငံတော်အကျိုးထည့်တွက်ခြင်းအား မည့်သည့်နေရာတွင်မျှ ကျွန်တော့်အနေဖြင့် မမြင်ရခြင်းသည် ၀မ်းနည်းဖွယ်ပင်ဖြစ်ချေသည်။

ယခင်ကသမိုင်းတွင် အနောက်ကိုယုံစားမိသောကြောင့် ရာစုနှစ်ချီအောင် ဘ၀နှင့်ရင်းကာ ရရှိခဲ့သည့် ကျွန်ဘ၀သင်ခန်းစာများအားလည်း သတိထားမိကြပုံမပေါ်ပါချေ။ ထိုအချိန်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကြီးမားသောအင်အားကို မယှဉ်နိုင်သောကြောင့်သာဟူသော အမှန်တကယ်လည်းဟုတ်သည့် ထင်းလင်းလှသောအဖြစ်၏နောက်ကွယ်တွင် မြန်မာ့ပြည်တွင်းအကွဲအပြဲများ၊ အမတ်များဝန်မင်းများ၏ အနောက်မျှော်စနက်များသည် ထိုကျွန်ဇာတ်သွင်းစီမံကိန်းတွင် အခိုင်အမာအထောက်အပံ့တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ကိုလည်း သင်ခန်းစာယူကြရမည်သာဖြစ်၏။

စစ်ရေးအရဖြေရှင်းခြင်းသည် မှန်ကန်သော၊ အောင်မြင်သော နည်းလမ်းမဟုတ်သည့်အပြင် ထိုအရေးယူခံရသည့်နိုင်ငံ၏ အခြေအနေအားထိန်းသိမ်းရန် လွန်စွာခက်ခဲသည်ဟု ကုလသည်လည်းကောင်း အမေရိကန်သည်လည်းကောင်း၊ လက်ခံထားပြီးဖြစ်၏။ သို့သော် မည့်သည့်အခါတွင်မျှ အရှည်ကိုမတွေးတတ်သည့် နိုင်ငံရေးသမားများသည် ထိုအချက်ကိုလစ်လျူရှုကာ လက်ရှိအစိုးရပြုတ်ကျပြီး သူတို့အာဏာရလျှင်ပြီးရောဆိုသည့် လမ်းကြောင်းအား အတင်းပင်ချည်းကပ်လာကြသည်ကို တွေ့ရ၏။ မြန်မာ့နိုင်ငံရေးသမားအစဉ်အဆက်၏ ကြုံလာမှပဲ ရှင်းလိုက်တော့မယ်၊ ကြိုပူစရာမလိုပါဆိုသည့်စိတ်ဓါတ်သည် လွန်စွာပင်စိတ်ပျက်ဖွယ်ဖြစ်ချေ၏။ ထိုနိုင်ငံရေးသမားများ၏ ဦးဆောင်မှုတွင် စီးပွားရေးပိတ်ဆို့မှုဖြင့် brain wash လုပ်ထားခြင်းခံရသည့် ပြည်သူသည် ဘာကိုမျှမစဉ်းစားနိုင်ပဲ ပါလာရချေသည်။

အချုပ်အားဖြင့်ဆိုရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွဲမှားသော အယူအဆများဖြင့် လွန်စွာအန္တရာယ်ကြီးသည့် လွတ်လပ်ရေးဆုံးရှုံးနိုင်သော အနေထားသို့ရောက် အမှန်တကယ် ရောက်နေပြီဟု ကျွန်တော်ယုံကြည်ပါသည်။ ထိုအရာအား သူ့ဘက်ကိုယ့်ဘက် မခွဲနေပဲ အမှန်တကယ်လမ်းကြောင်းတည့်မတ်ရန် အရေးအတကြီး လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်အစိုးရသည်လည်းကောင်း၊ ဆန့်ကျင်ဘက်အတိုက်အခံများသည်လည်းကောင်း ပြည်သူအား မှန်ကန်သောစိတ်ဓါတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကာ နိုင်ငံအား ကမ္ဘာ့အလည်တွင် သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်အောင် ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

ဆောင်ပုဒ်တစ်ခုအား စွဲမြဲစေလိုပါသည်။
“သခင်မျိုးဟေ့ ဒို့ဗမာ” ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ



နောက်ပိုင်းတွင် ထိုသို့ ပြည်ပတပ်များအား ဖိတ်ခေါ်မည်ဆိုပါလျှင် ဖြစ်ပေါ်လာနိုင်သည့် အောက်ပါအချက်များအား ကျွန်တော်လေ့လာမိသလောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁) စစ်ဘေးဒဏ်ခံရမည့် နိုင်ငံနှင့် ပြည်သူအခြေအနေ။
၂) စစ်ပြီးစကာလ နိုင်ငံရေးမငြိမ်သက်မှုများနှင့် မင်းမဲ့စရိုက်များ လွှမ်းမိုးနိုင်မှုအလားအလာ။
၃) နိုင်ငံခြားတပ်များ၏ နှစ်ရှည်လများစွဲဝင်ရောက်မှုနှင့် ထိုအရာတို့၏ အကျိုးဆက်များ။
၎) ပြည်ပနိုင်ငံများမှ အာဏာတင်ပေးသည့် အစိုးရတစ်ခု၏သိက္ခာ၊ နိုင်ငံနှင့် ပြည်သူတို့၏ သိက္ခာနှင့်
၅) ဆယ်စုနှင့်နှင့်ချီကာ ကြာမြင့်နိုင်သည့်၊ မျက်နှာကြည့်နေရမည့် နိုင်ငံရေးစွက်ဖက်ခံရမှုများတို့ ဖြစ်၏။

လေ့လာရင်း ခေါင်းစဉ်များထပ်မံ တိုးလာနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်အားကြီးနိုင်ငံတစ်ခု၏ အကြမ်းဖက်သိမ်းယူခြင်းကို ခံရလျှင် အဆိုပါနိုင်ငံ၏ အခြေနေဆိုးရွားမျှုမှာ လွန်စွာများပြားနိုင်သောကြောင့် ဖြစ်ချေသည်

Tuesday, January 1, 2008

ဒီဇင်ဘာ ၃၁ နှင့် ဘတ်စ်ကားမှတ်တိုင်မှ ရောက်တက်ရာရာအတွေးများ

ရုံးထဲကလှမ်းထွက်လိုက်တော့ အချိန်က (၇)နာရီတောင်ထိုးတော့မယ်.. ဆောင်းတွင်းဆိုတော့ ညရောက်တာကလည်းစောတာမို့ လုံးလုံးကြီးကို မှောင်နေပါပြီ.. Trader Hotel နဲ့ sakura က နှစ်သစ်ကြိုဖို့ ထွန်းထားတဲ့မီးတွေ၊ လမ်းမီးတွေ၊ ဆူးလေဘုရားက မီးတွေနဲ့ မြို့ထဲမှာထိန်လင်းနေပေမဲ့ မီးပျက်ရက်မို့ ကျွန်တော့မြို့သစ်က ရပ်ကွက်လေးကတော့ မှောင်နေမှာပါလေ.. တိုးဝှေ့သွားလာနေတဲ့ လူအုပ်ထဲကနေပဲ ဆူးလေကားဂိတ်ကို လျှောက်လာခဲ့ပါတယ်.. နှစ်သစ်ကူးတော့မှာ မို့လားတော့မသိဘူး.. လူတွေက အနည်းနဲ့ အများတော့ တက်ကြွနေကြသလိုပါပဲ.. လာတဲ့ကားတွေကို တိုးဝှေ့ပြေးတက်နေကြတဲ့ လူအုပ်စုက များတာရော၊ အိမ်ရောက်ရင်လည်း ဖယောင်းတိုင်နဲ့ နေရမှာ ပျင်းတာရောနဲ့ ကျွန်တော် ခရေပင်အောက်ကရပ်ပြီး နည်းနည်း စောင့်နေလိုက်တယ်.. လူတွေကတော့ အရောင်အသွေးအစုံပါပဲ.. ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြီးတော့ မှန်းလို့မရတဲ့လူတွေ...

သူတို့ကိုကြည့်ပြီး ကျွန်တော်တွေးနေမိတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူအများစုဟာ စမတ်ကျကျ ရုံးတက်နိုင်လောက်အောင် အခြေနေမပေးတာတော့ အမှန်ပဲဗျ.. အများအများစုဟာ ငွေကြေးပူပန်မှုတွေကိုယ်စီနဲ့ ကိုယ်ရတဲ့ငွေကို စိစစ်သုံးနေကြရတာချည်းပဲ.. လူနေမှုအဆင့်အတန်းဟာလည်း တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နိမ့်ကျတာပဲ.. ဘာကြောင့်လဲဗျာ..

အများစုကတော့ လက်ရှိအစိုးရကို လက်ညှိုးထိုးကြမှာပဲ.. ဒီမိုကရေစီမရှိလို့.. စစ်အစိုးရအုပ်ချုပ်လို့.. ဖိနှိပ်လို့.. လာဘ်စားလို့.. အား..စုံနေမှာပါပဲ.. ဟုတ်လား.. မဟုတ်ဘူးလား.. ဒါဆိုလည်း ဘာလို့ ဒီလိုအချက်တွေနဲ့ ပြည့်ပြီး ကျပ်တည်းနေ၊ အကျပ်တွေ့နေတဲ့ ပြည်သူကို စီးပွားရေးပိတ်ဆို့မှု ဆိုတာတွေ ထပ်လုပ်နေလဲ..

ပီးတော့ ပိတ်ဆို့မှုတွေကို အရှိန်အဟုန်မြှင့်တော့မယ် ဆိုတာကို ၀မ်းသာအားရ သတင်းတွေကြေငြာနေကြတာလည်း ရေဒီယိုတွေမှာ၊ အင်တာနက်တွေမှာ မြင်နေရတယ်ဗျာ.. ပြည်သူဟာ တော်တော်ကြပ်နေပါပြီဗျာ.. ဘာကြောင့်များ ထပ်ဖိအားပေးချင်ရတာလည်း.. ပြည်သူမှာ တဖက်ကလည်း ဖိနေတယ်.. ဒီဘက်ကလဲ ထပ်ဖိတယ်.. ကိုယ်ဘာမှမတတ်နိုင်တဲ့ ကိစ္စအတွက် အပီခံနေရတယ်.. ကမ္ဘာပေါ်မှာ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေ အများကြီးထဲကမှ ဘာလို့ မြန်မာနိုင်ငံကိုမှ ဒီမိုကရေစီမသုံးလို့ဆိုပြီး ဒဏ်ခတ်ချင်တာလည်း.. မြန်မာပြည်သူကို မင်းတို့ဟာ စစ်အစိုးရကို အသက်စွန့် မတော်လှန်သရွေ့ ငတ်ပြတ်နေအောင် လုပ်ပစ်မယ်.. မင်းတို့နိုင်ငံ မကြီးပွားစေရဘူးဆိုတဲ့ ပုံစံနဲ့ ထပ်ဖိဖို့ ကြိုးစားနေတာဟာ မရက်စက်လွန်းဘူးလားဗျာ..

ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်က နှစ်သက်မိတဲ့စကားလေးတစ်ခုလည်း တွေးမိပါတယ်.. စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်ရအောင် မြန်မာနိုင်ငံဟာ ဘာအပြစ်ရှိလို့လဲ.. သူတို့တွေကရော ဘာမို့လို့ ဒဏ်ပေးပါတယ် ဘာတယ်နဲ့ လာကြောနေတာလည်း.. ဘယ်သူက သူတို့ကို ဒဏ်ပေးပိုင်ခွင့်တွေ ပေးထားလို့လည်း... ကိုယ်တွေကရော ဘာတွေမို့လို့ သူတို့ဒဏ်ပေးတာခံနေရတာလည်း.. ဒါဆိုရင်တော့ ပြည်သူဟာ စီးပွားရေးပိတ်ဆို့မှုကို ခံနေရတာတင်မကတော့ ပါဘူး.. စော်ကားခံရတာပါဖြစ်နေပါပြီ..

နောက်ပြီး ဒီပိတ်ဆို့မှု ကိုလက်ယက်ခေါ်ကြတဲ့ နိုင်ငံရေးသမားတွေ.. ထောက်ခံကြသူတွေ.. သူတို့က စစ်အစိုးရဟာ ရက်စက်ပြီးဖိနှိပ်တယ်လို့ အော်နေကြတယ်.. ဒါဆို အဲဒီဖိနှိပ်တာကို ပြည်သူက အသက်စွန့်မတော်လှန်သရွေ့ မွဲတေအောင်လုပ်ထားမယ်ဆိုတဲ့သဘောလား.. နိုင်ငံနဲ့ ပြည်သူကို တကယ်ချစ်ရင် ဘယ်သူ အုပ်ချုပ်အုပ်ချုပ်ကောင်းစားပါစေလားဗျာ.. ဘယ်ကလာကောင်းစားရမှာလဲ သူတို့အိတ်ထဲပဲရောက်သွားမှာလို့ ရမ်းသမ်းပြောပြီး နိုင်ငံကို ဒီလောက်ထိ နိမ့်ကျစေမယ့် နည်းလမ်းကိုရွေးခဲ့တာတော့ ပရမ်းပတာ နိုင်လွန်းပါတယ်.. ရှင်းရှင်းပြောရင် အဓိကပန်းတိုင်ဟာ နိုင်ငံနဲ့ လူမျိုးကောင်းစားဖို့ မဟုတ်ဘူးလား.. ဒီမိုကရေစီဆိုရင် ကောင်းစားနိုင်တယ်ဆိုပြီး ဒီမိုကရေစီတာမဟုတ်ဘူးလား.. ဒီမိုကရေစီပဲသုံးရမယ်.. ခုစစ်အာဏာရှင် အုပ်ချုပ်နေတယ်.. သူမဆင်းပေးသေးဘူး.. ဆင်းမှာလဲမဟုတ်ဘူး.. အဲဒီတော့ မင်းတို့ သူ့ကိုမတော်လှန်သရွေ့.. နိုင်ငံဒီမိုကရေစီမရှိသရွေ့ မွဲတေနေရမယ်ဆိုတာလား... အသက်စွန့်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရပါဘူး.. ငတ်လွန်းလာပြီကွာ ဘာဖြစ်ဖြစ်တော့ ဆိုပြီး လူစိတ်ပျောက်လောက်အောင် ဖြစ်လာမှပဲ ရမှာပါ.. ပြည်သူကို အဲလောက်ထိသုံးပြီးမှ အောင်ပွဲခံမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ရက်စက်မလွန်းဘူးလား..

ပြည်သူကို နှစ်ဖက်လုံးက ထွက်ပေါက်မရှိအောင် ပိတ်ရိုက်နေတဲ့ ပုံစံဟာ မဖြစ်သင့်ပါဘူး.. နိုင်ငံဟာ ရက်စက်လှတဲ့ အာဏာလုပွဲမှာ ပြားပြားဝပ်နေရပါပြီ.. ဒါဟာ.. ဒီလိုနိုင်ငံရေးသမားတွေရှိတာဟာ အမိမြန်မာနိုင်ငံရဲ့ ကံဆိုးမှုပါပဲ..

သေဆိုသေ ရှင်ဆိုရှင်ဆိုတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တောင် တိုးတက်တဲ့အမြင်တွေနဲ့ သူ့ဘာသာကျဆုံးသေးတာပဲ.. ပြည်သူကို အမြင်ကျယ်အောင် စီးပွားရေးဖွင့်ပေးပြီး ဒီမိုကရေစီလမ်းကြောင်း ရလာအောင် ဘာလို့မကြိုးစားချင်ရတာလဲ.. ကြာမှာပေါ့ဆိုရင်လည်း ခုကောမြန်နေလို့လား.. ကိုယ့်နိုင်ငံကို ပိတ်ပါဆို့ပါနဲ့.. လက်ရှိအစိုးရပြုတ်ကြားတာကလွဲလို့ ဘာကောင်းသတင်းမှ မကြားချင်တော့တာဟာ ဘာကြောင့်များလဲ..

အတွေးတွေစုံပြီး ခေါင်းရှုတ်လာတာနဲ့ ကြည်နေတဲ့စိတ်တောင် ပျောက်သွားသလိုပါပဲ... ကိုယ်ပဲ လိုက်မမီတော့တာလား သူတို့ပဲ ဆန်းပြားလွန်းတာလား...

ဆက်မတွေးချင်တော့တာနဲ့ ကျွန်တော် ခရေပင်အောက်ကထွက်လာလိုက်တယ်.. တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ပေါ်ကိုကြွေကျလာတဲ့ ခရေပွင့်လေးက ပတ်ဝန်းကျင်ကို ကဗျာဆန်သွားစေသလိုပဲ.. ကျွန်တော့်ကို နှစ်သိမ့်တာထင်ပါရဲ့.. တိုးကြပ်ဆဲ ဘတ်စကားပေါ် ကျွန်တော်တိုးတက်လိုက်တယ်.. ခုမှလခလေးထုတ်လာတာမို့ လူကနဲနဲတော့ စိတ်ပေါ့ပါးနေသလိုပါပဲ.. ဘတ်စကားပေါ်မှာလည်း ရီသံတွေ၊ စကားသံတွေ နဲ့ ဆူညံနေတာပဲ..

မြန်မာတွေဟာ ရောင့်ရဲလွယ်ကြတယ်.. မေ့ပျောက်လွယ်ကြတယ်.. ချစ်စရာကောင်းပါတယ်ဗျာ.. ကျွန်တော်ကတော့ စပါယ်ရာအော်သံ.. ခရီးသည်တွေကြပ်သပ်တိုးဝှေ့သံ.. ဘဲဥတွေဝီစီသံ... လက်ဖက်ရည်ဆိုင်က ဘော်လုံးပွဲအားပေးသံ.. ဈေးသည်တွေအော်သံ.. အိမ်မှာရှိတဲ့မိသားစုအသံ.. အိမ်ဘေးကတိုင်းရင်းသူလေးတွေအသံ အားလုံးကို နှစ်သက်တယ်ဗျာ.. ကျွန်တော့်နိုင်ငံဟာ ချစ်စရာပါ..

ဒီနိုင်ငံကို တိုးတက်ပါစေလားဗျာ.. ဘာကြောင့်မှ ပြစ်ဒဏ်မခတ်ပါနဲ့တော့..

ကျွန်တော့်ကားဟာ အသံကျယ်ကြီးအော်ပြီး ပြေးနေပါပြီ.. ၂၀၀၇ ကိုထားခဲ့ပြီး ပြေးနေသလိုပါပဲ.. ၂၀၀၈ ဟာမကြာခင်ရောက်ပါတော့မယ်.. အဲဒီနှစ်သစ်မှာ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုးတွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ ဆုတောင်းလိုက်ပါတယ်ဗျာ..



မောင်ငယ်ရင်သွေး
ဒီဇင်ဘာ ၃၁၊ ၂၀၀၇ အမှတ်တရ