Thursday, January 1, 2009

၂၀၀၉

၂၀၀၈ ကိုနှုတ်ဆက်တာလား.. ၂၀၀၉ ကိုကြိုတာလားမသိနိုင်ပေမဲ့ ကျွန်တော့ပတ်ဝန်းကျင်ကတော့ လှုပ်ရှားတက်ကြွနေကြပါတယ်.. တစ်ယောက်နဲ့ တစ်ယောက်အတွေ့မှာ Happy New Year လို့ နှုတ်ဆက်ကြပုံကတော့ ရောက်လာမဲ့ ၂၀၀၉ ကို ကြိုဆိုချင်စိတ်ဟာ တစ်နှစ်ကြာခဲ့ပီ ဖြစ်တဲ့ ၂၀၀၈ အဟောင်းကြီးကို နှုတ်ဆက်ချင်စိတ်ထက် ပိုကြမယ်ထင်ပါရဲ့.. လူတိုင်းလူတိုင်းဟာ ရောက်လာမဲ့နှစ်သစ်အတွက် စိတ်လှုပ်ရှားနေကြပုံပါပဲ.. ကျွန်တော်လည်း အပါအ၀င်ပေါ့ဗျာ..

၂၀၀၈ ဟာ ကမ္ဘာအတွက်ကော ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ပါ တော်တော် ရုပ်ပျက်ဆင်းပျက်နိုင်တဲ့နှစ်လို့ ခံစားမိပါတယ်.. ဆိုးဝါးလှတဲ့ သဘာဝဘေးဒဏ်တွေရော.. လူ့ပယောဂတွေနဲ့ ပေါ်လာတဲ့ စစ်ပွဲတွေရော.. မောဟဒေါသတွေနဲ့ ဖြစ်လာတဲ့ အနိုင်လိုမှုတွေရော.. နောက်ဆုံး ကပ်ရပ်ဖြစ်လာတဲ့ စီးပွားရေး ဂယက်တွေရောနဲ့ လူတွေကို တော်တော်စိတ်ဒုက္ခပေးခဲ့တဲ့ နှစ်ပါပဲ.. ဒီတော့လည်း မွန်းကြပ်မှုတွေနဲ့ ကျွန်တော်တို့ဟာ ဘာမှမဟုတ်တဲ့ နာမဂဏန်းတစ်ခုပဲဖြစ်တဲ့ ၂၀၀၈ ဆိုတာကြီးကို လွှဲချပီး ကျော်လွန်ချင်စိတ် အသစ်သစ်တစ်ခုခုကို တောင့်တစိတ်နဲ့ ၂၀၀၉ ကို ကြိုမိတာထင်ပါရဲ့လေ..

အဓိကကတော့ လူတွေရဲ့စိတ်ဓါတ်တွေပါ.. ရုပ်ဝတ္ထုတွေ လောဘတွေ တက်မက်မှုတွေ မုန်းတီးမှုတွေနဲ့ ပွမ်းတီးပီး ငြိမ်းအေးစိတ်မရှိတဲ့လူတွေ.. အဲဒီလူတွေကပဲ အဲဒီစိတ်တွေအခြေခံပီး လှုပ်ရှားကြ.. အဲဒီမှာ ထိခိုက်ခံစားရတဲ့ လူတွေကလည်း အဲဒီစိတ်ဓါတ်တွေနဲ့ပဲ တုန့်ပြန်ကြနဲ့.. သဘာဝဘေးအန္တရာယ်ဆိုတာ ထားလို့ ကျန်တဲ့အရေးအရာတွေ ဆုတ်ယုတ်ပျက်ယွင်းမှုမှာ ဒီစိတ်ဓါတ်တွေက အဓိကအချက်တွေ ဖြစ်လာကြတာလဲ မြင်နိုင်ပါတယ်.. ဒီလိုစိတ်ဓါတ်တွေနဲ့ သွားကြမဲ့ ၂၀၀၉ဟာရော.. နောက်ထပ် ဓါးစာခံ သက်မဲ့ဂဏန်းတစ်ခုပဲ ဖြစ်လာမှာပါပဲ..

ကျွန်တော်တို့ အမိမြေရဲ့ နိုင်ငံရေးကရော.. နှစ်နှစ်ဆယ်ဆိုတာကို အသာထားလို့ တစ်နှစ်ကိုပဲ ကြည့်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်တဲ့ ခြေလှမ်းကလွဲလို့ ဘာမှမထူးခဲ့ပါဘူး.. ဒါတောင် လက်ရှိအစိုးရက လှမ်းတဲ့ခြေလှမ်းဖြစ်ခဲ့ပီး တကယ့်တကယ် အတိုက်အခံတွေဟာ ဘာများလုပ်ခဲ့ကြပါလဲလေ.. လူငယ်တွေအတွက် အတိုက်အခံဆိုတာဟာ အစိုးရလုပ်တာကို နောက်ကလိုက်ပီး ကဖျက်ယဖျက်လုပ်တာကို ခေါ်တာပဲလို့ ထင်ရလောက်အောင် ဘာအခင်းအကျင်းကိုမှ ဦးဆောင်လှုပ်ရှား စီမံခဲ့တာမျိုးမရှိပဲ အစိုးရတစ်လှမ်းလျှောက်မှ အဲဒါကို ကန့်လန့်လိုက်တိုက်ရုံပဲ သွားနေတာပါပဲ.. ဒါကိုကြည့်ပီး တကယ်လို့များ အစိုးရငြိမ်ငြိမ်နေရင်လည်း ၂၀၀၈ဟာ ဘာမှမထူးတဲ့ နိုင်ငံရေးနှစ်တစ်ခု ထပ်ဖြစ်သွားဖို့ပဲ ရှိတယ်လို့ ကောက်ချက်ချမိပြန်ပါရော.. ဒါမကောင်းဘူးလို့ ပြောမဲ့လူတွေ၊ ကန့်ကွက်မဲ့လူတွေများနေပီး ဒီလမ်းကြောင်းကို ဒီလိုလုပ်ရမယ်ဆိုပီး လက်တွေ့ကျကျပြောနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ မပေါ်ထွန်းသေးတာလဲ ကျွန်တော်တို့နိုင်ငံရဲ့ ကံမကောင်းတဲ့ အချက်ပေါ့လေ..

ဒီတော့ ဒီလိုပူလောင်မှုတွေနဲ့ လူတွေရဲ့စိတ်ဓါတ်တွေဟာ နှစ်တွေကို ငြစ်နွမ်းစေပါရဲ့.. ဒါတွေကို မပြင်ပဲ သွားမဲ့ ၂၀၀၉ကရော ကောင်းနိုင်ပါ့မလား... အင်း.. နှစ်တနှစ်ကုန်ဆုံးမှုနဲ့ အသေအချာကို ကြီးရင့်လာတဲ့ ကျွန်တော့်အသက်ကပဲ တရားသဘောတွေ စဉ်းစားမိနေစေတာများလားဗျာ.. ပူလောင်ငြစ်နွမ်းနေတဲ့ စိတ်ကို ငြိမ်းသတ်တဲ့နေရာမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ မြတ်ဘုရားရဲ့ ဒေသနာတွေကို ဘာအရောင်မှ မလွှမ်းတဲ့ ဘုရားသားတော် သံဃာတစ်ပါးပါးဆီမှာ နာယူပီး စိတ်ကိုငြိမ်သက်စေချင်တဲ့စိတ်လည်း ဖြစ်မိပါတယ်.. အဲလိုသံဃာတွေ ပြည့်နှက်နေသေးတဲ့ မြန်မာနိုင်ငံမှာ လူဖြစ်ရတာကိုလည်း မိဘနဲ့ကံတရားကို ကျေးဇူးတင်မိပါတယ်ဗျာ..

Count Down အတွက် လူတွေတက်တက်ကြွကြွ အော်လိုက်တဲ့အသံက ကျွန်တော့်အတွေးတွေကို ရပ်တန့်စေပါတယ်.. မီးလာတုန်း အားအပြည့်သွင်းထားလို့ ထိန်နေတဲ့ ဘက်ထရီမီးချောင်းတွေ အောက်မှာ ကျွန်တော့်ဆွေမျိုးသားချင်းတွေ.. သူငယ်ချင်းတွေ.. ချစ်စရာ့မြန်မာတွေပေါ့ဗျာ.. သူတို့မျက်နှာတွေ ပျော်နေကြပါရဲ့.. ကျွန်တော်လည်း ပျော်ပါတယ်.. ဘာပဲပြောပြော နှစ်သစ်ဟာ မျှော်လင့်ချက်အသစ်တွေနဲ့ လူတွေကို လှုပ်ရှားတက်ကြွစေတာတော့ အမှန်ပါပဲ..

Happy New Year 2009

မောင်ငယ်ရင်သွေး