Thursday, May 8, 2008

မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်နည်း။

နာဂစ်ဟုအမည်တွင်သော ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၂)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုအား ရက်စက်စွာ ပေါ်ပေါက်စေခဲ့ပါသည်။ ယခုကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် များပြားလှသည့် အပြီးမသတ်နိုင်သေးသော လူအသေအပျောက်စာရင်းများ၊ ပျောက်ဆုံးစာရင်းများ၊ ထိခိုက်ပျက်စီးမှုစာရင်းများ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံများသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများ၏စိတ်နှလုံးကို ညှိုးချုံးစေခဲ့ပြီး မြန်မာလူမျိုးများအဖို့မူ ဆိုဖွယ်မရှိအောင်ပင် ထိခိုက်ခံစားကြရပါ၏။

ဤဆိုးဝါးလှသော အဖြစ်ကြီး၏ အဓိကတာဝန်ရှိသူအဖြစ် ကျွန်တော်သည် လက်ရှိတပ်မတော်အစိုးရအား ပြင်းထန်စွာစွပ်စွဲ ပြစ်တင်လိုက်ပါသည်။

အစိုးရသည် ပုံမှန်အသိပေးမှုမျိုးကိုသာ ပြုလုပ်ခဲ့ပြီး မည်သည့်ကာကွယ်မှုမျိုးကိုမျှ ထိထိရောက်ရောက် မပြုလုပ်ခဲ့ပါချေ။ အကယ်၍ အစိုးရအနေဖြင့် ကာကွယ်မှုများ သတိပေးမှုများ ပြုခဲ့သည်ဆိုလျှင်တောင်မှ ဤမျှပြင်းထန်သော သဘာဝအန္တရာယ်ကို ကာကွယ်နိုင်ခြင်းမရှိနိုင်၊ အသေအပျောက်စာရင်းများ ယခုကဲ့သို့ပင်များပြားစွာ ရှိနေဦးမည်မှာ သေချာသော်လည်း ငါတို့တတ်နိုင်သမျှ လုပ်ခဲ့တာပဲဟု ဖြေသိမ့်နိုင်ပါဦးမည်။ (မုန်တိုင်း၏ပြင်းထန်မှုသည် ကာကွယ်မှုများပြုလုပ်ခဲ့မည်ဆိုလျှင်တောင် ထိုအရာများအား ချိုးဖျက်ဝါးမျိုနိုင်စွမ်းအားတွေ့ရှိခြင်း၊ ရွာများအား ရွှေ့စေသည့်အထိကာကွယ်မှုမျိုးကိုမူ ပြုလုပ်မည်မဟုတ်သည်မှာ သေချာခြင်း၊ ထိုသို့ပြုလျှင်တောင် ရွာခံများ၊ နိုင်ငံရေးအဖွဲ့အစည်းများက လက်ခံကြမည်မဟုတ်ခြင်းတို့ကြောင့် ကာကွယ်မှုပြုခြင်းသည်လည်း များစွာထိရောက်မည်မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။) ယခုမူ အပြစ်မဲ့စွာသေဆုံးသွားကြသည့် လူထောင်သောင်းတို့အတွက် တပ်မတော်အစိုးရ၏ တာဝန်ကျေပွန်မှုသည် လက်လွတ်စံပယ် နိုင်လွန်းလှချေသည်ဟု ခံစားယုံကြည်မိပါ၏။ ၀မ်းနည်းဖွယ်အတိ ကောင်းချေ၏။

ဤနေရာတွင် ၀န်ခံရန်တစ်ခုရှိပါ၏။ မုန်တိုင်းသည် တစ်နာရီကို မိုင်တစ်ရာကျော်နှုန်းဖြင့် ပြင်းထန်စွာတိုက်ခတ်နေပြီး 36နာရီအတွင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဟု အစိုးရသတင်းစာမှ မေ (၁) ရက်တွင် ကြော်ငြာခဲ့စဉ်က ကျွန်တော့်အနေဖြင့် အန္တရာယ် ကိစ္စတစ်ခုဟုပင် သဘောမထားပဲ မိမိ၏မိသားစုကိုပင် သတိပေးခြင်း၊ မပြုခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာအား တစ်သက်နှင့်တစ်ကိုယ် မကြုံဘူးပဲ ကြောက်စရာဟုလည်းမထင်မိခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် သာမန်ကိစ္စတစ်ခုဟုသာ မှတ်ယူခဲ့ပီး ထိုသတင်းအားဖတ်ရှုပီး နာရီအနည်းငယ်အတွင်း မေ့ပျောက်ခဲ့ပါသည်။ ကျွန်တော့်ကဲ့သို့ပင်အလားတူစွာ ယခုပြင်းထန်စွာ စွပ်စွဲပြစ်တင်နေသော မည်သည့် အသံလွှင့်ဌာန၊ နိုင်ငံရေးအဖွဲ့အစည်းကမျှလည်း ထိုမုန်တိုင်းကြီးလာနေပါပြီ။ အပျက်အစီးများလိမ့်မယ်။ အားလုံးပြင်ကြ။ ဆင်ကြ။ ရွှေ့ကြ၊ ပြုကြဟု အရေးတယူ သတိပေးခြင်းမပြုကြပဲ.. သာမာန်ကိစ္စတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်၊ အစိုးရသတင်းဌာနများကဲ့သို့ပင် သာမာန်ဖော်ပြခဲ့ကြသည်ကိုလည်း ထင်ရှားစွာပင် တွေ့ကြရမည်ဖြစ်ပါသည်။ ယခုအချိန်တွင် နေရာပြည့်စွပ်စွဲပစ်တင်နေကြသည့် ထိုနိုင်ငံရေးအဖွဲ့အစည်းများသည် ထိုကြိုသိခဲ့ပါသည်ဆိုသည့် 48 နာရီအတွင်း အစိုးရ၏ ပေါ့ဆစွာနေမှုကို သူတို့ကလည်း 48 နာရီလုံးလုံး အရေးတယူတစ်ခွန်းမျှပင် မပြောခဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ထိုအရာအား တစ်သက်နှင့်တစ်ကိုယ် မကြုံဘူးပဲ ကြောက်စရာဟုလည်းမထင်မိခြင်းကြောင့် ဖြစ်၏။

လက်ရှိတပ်မတော်အစိုးရ၏ စီမံခန့်ခွဲသော လူများသည်လည်းကောင်း၊ ၀န်ထမ်းများသည်လည်းကောင်း။ တာဝန်ရှိလှသော မိုးလေ၀သဌာနသည်လည်းကောင်း ကျွန်တော်တို့ကဲ့သို့ပင် ယူဆခဲ့ကြမည်ဆိုသည်ကို ကျွန်တော်လေ့လာမိပါသည်။ သို့သော် ရှင်းလင်းစွာသိထားရမည်မှာ အစိုးရသည် အစိုးရဖြစ်၏။ နိုင်ငံတစ်နိုင်ငံအား စီမံအုပ်ချုပ်နေသော အဖွဲ့ဖြစ်၏၊ မကြုံဖူးလို့ မသိဘူးလို့ပါဟူသော စကားမျှဖြင့်လည်းကောင်း၊ ငါပြောခဲ့တာပဲ မတွေ့ဘူးလားဟူသော စကားမျှဖြင့်လည်းကောင်း၊ ထန်းလျှက်ကာ၍မရပါချေ။ ဘယ်သူကရော သိလို့လဲဟူ၍လည်း ဆိုမရပါချေ။ နိုင်ငံအား အုပ်ချုပ်ရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံရေးအဖွဲ့အစည်းများအားလည်း လက်ညှိုးထိုး၍မရပါချေ။ မိုင်တစ်ရာကျော်နှုန်းဖြင့် တိုက်ခတ်သောမုန်တိုင်းသည် မည်မျှထိခိုက်နိုင်သည်။ ပျက်စီးမှုအား မည်မျှကြီးနိုင်သည်၊ မည်သို့တုန့်ပြန်ရမည် စသည်ဖြင့် ပြင်ဆင်မှုမျိုးများ လုံးလုံးမတွေ့ရခြင်းကြောင့် ကျွန်တော့်အနေဖြင့် အစိုးရကိုသော်လည်းကောင်း၊ မိုးလေ၀သဌာန၏ အရည်အချင်းကိုသော်လည်းကောင်း များစွာပင်သံသယဖြစ်မိပါ၏။ နိုင်ငံအား စနစ်တကျစီမံအုပ်ချုပ်နိုင်စွမ်း အရည်အချင်းကိုလည်း ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဟုထင်မိပါသည်။
(မှတ်ချက်။ ။ ဤနေရာတွင် အန်အယ်ဒီပါတီသည်လည်း နိုင်ငံအုပ်ချုပ်နိုင်သူများဖြစ်သောကြောင့်၊ အုပ်ချုပ်ရန်ကြိုးစားနေသူများ ဖြစ်သောကြောင့် ထိုသို့သော အမြင်မျိုးရှိခဲ့သင့်သည်၊ ပြည်သူအား ကျယ်ကျယ်ပြန့်ပြန့် သတိပေးခဲ့ခြင်း၊ တပ်မတော်အစိုးရမှ ပေါ့လျော့နေမှုကို ထောက်ပြခြင်းများ ပြုခဲ့သင့်သည်ဟု ဆိုလိုသူများ ရှိနိုင်ပါ၏။ ကျွန်တော့်မျိုးမြန်မာသည်မူ ထိုသူတို့၏ အရည်အချင်းကို မယုံကြည်သောကြောင့် ထိုသူများထံမှ ထိုသို့သောသတိပေးချက်များ ထွက်မလာခြင်းကို အံ့သြောတကြီး ထောက်ပြ ပြစ်တင်နေမည်မဟုတ်ပဲ တပ်မတော်အစိုးရအားသာ စွပ်စွဲပြစ်တင်ခြင်းဖြစ်ပါသည်။)

ထို့ကြောင့် ယခုအဖြစ်ကြီး၏ အဓိကတာဝန်ရှိသူအဖြစ် လက်ရှိတပ်မတော်အစိုးရအား ကျွန်တော့်အနေဖြင့် ပြင်းထန်စွာစွပ်စွဲပြစ်တင်လိုက်ပါသည်။

ယခု ထိုဆိုးဝါးလှသော အဖြစ်ဆိုးကြီး၏ပြန်လည်ထူထောင်ရေး ကာလသို့ရောက်နေပြီဖြစ်ပါသည်။ အဓိကအရေးကြီးသည့် အသက်ရှင်ကျန်နေနိုင်သည့် ဒုက္ခသည်များအား ရှာဖွေကယ်တင်ခြင်းနှင့် ကယ်ဆယ်ရရှိထားသူများအား ကျန်းမာရေးစောင့်ရှောက်ကာ အဆုံးအပါးမရှိအောင် စောင့်ရှောက်ခြင်းဟူသော ကိစ္စတို့သည် တိကျလျှင်မြန်စွာမလုပ်နိုင်လျှင် မိနစ်တိုင်းသည် လူတို့၏အသက်ဖြစ်နိုင်ပါ၏။ ထို့ကြောင့် လူများကယ်တင်ရေးကိစ္စများ၊ ထိုကယ်တင်ထားသူများ၊ ဒုက္ခသည်များ၏ နေရာချထားရေးများ၊ စားနပ်ရိက္ခာကိစ္စများ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး အစရှိသဖြင့် အတောမသတ်နိုင်သောအရေးများအား အချိန်နှောင့်နှေးခြင်းမရှိ အမြန်ဆုံးပြုလုပ်ရန်လိုအပ်နေသည်ဆိုသည်မှာ သံသယဖြစ်မဖွယ်မရှိပါချေ။

ထိုသဘာဝဘေးအန္တရာယ်ခံရသော ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ခက်ခဲပုံမှာ ကျွန်တော့်အနေဖြင့် လိုက်မမီနိုင်အောင်ပင် ဖြစ်ချေသည်။ ထို့ပြင် မြန်မာနိုင်ငံအတွက် ပိုဆိုးသည်မှာ ထိုသို့ရှုပ်ထွေးနေသည့်ကြားမှ နိုင်ငံရေးခြေရှုပ်မှုများ ဖြစ်လာနိုင်ခြင်း၊ ပြည်ပနိုင်ငံကြီးအချို့၏ စောင့်ကြည့်ခြင်းခံရသည့် နိုင်ငံဖြစ်သောကြောင့် သဘောရိုးဆန်သည့် အကူအညီများအပြင်၊ သဘောမရိုးသည့် အကူအညီများလည်း ပါလာနိုင်ခြင်း၊ မိမိအကျပ်တည်းကို အခွင့်ကောင်းယူကာ စွပ်ဖက်မှုများ ဖြစ်လာနိုင်ခြင်း စသော ရှုပ်ထွေးလှသည့် အရေးတစ်ခုကိုသာ ကွက်ကွက်လေးကြည့်မရသည့် မမြင်သာနိုင်သော အခြေအနေများသည်လည်း ပေါ်ပေါက်နေသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။

သို့သော် ကျွန်တော့်အဖို့မူ အခြားကျယ်ပြန့်သောကိစ္စများအား မဆင်ခြင်ပဲ ပြုလုပ်သည်ဆိုဆို၊ အခြားခြားသော နိုင်ငံ့အရေးများလည်း ရှိနေသေးသည်ဟုပြောပြော ထိုအချက်များအား ယုံကြည်လက်ခံထားသော်ငြားလည်း ယခုချိန်တွင်မူ လူများအား အရေးတကြီးကယ်တင်လိုသည်မှာ ပြင်းပြသောဆန္ဒပင်ဖြစ်၏။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံမှာ စစ်သင်္ဘောကြီးများဖြင့်၊ စစ်လေယာဉ်ကြီးများဖြင့် ၀င်ရောက်ကယ်တင်မှု ပြုလိုပါသည်ဆိုသည့် ကမ်းလှမ်းချက်သည် သဘောရိုးသည်ဖြစ်စေ၊ ဆန်းသည်ဖြစ်စေ၊ ဆန္ဒစောစွာပင် လက်ခံမှုပြုလိုလှပါ၏။ အဆိုပါနိုင်ငံမှ ကမ်းလှမ်းသော ကူညီမှုသည် အခြားနိုင်ငံများထက် ထူးပီးများနေခြင်းမရှိသော်ငြားလဲ တပြားရရ၊ တစ်ယောက်ပိုရှင်ရှင် လက်ခံလိုသည်မှာလည်း ပြင်းပြသောဆန္ဒဖြစ်ပါသည်။

ထို့ကြောင့် တပ်မတော်အစိုးရ၏ ထိုအကူအညီအပေါ် များစွာစဉ်းစားနေခြင်းအပေါ် နားမလည်နိုင်ဖြစ်ရပါ၏။ ထို့အတူ အခြားနိုင်ငံများမှ ဘာမှပြောမနေပဲ လေယာဉ်များ၊ သင်္ဘောများ တစ်စီးပီး တစ်စီးဆိုက်ရောက်ကူညီနေသည့် အချိန်မှာပင် လူသားချင်းစာနာကယ်တင်လိုလှပါသည်ဟု တဖွဖွအော်ကာ မိမိမှအကူညီပေးလိုသော်လည်း တပ်မတော်မှလက်မခံခြင်းဖြစ်သည်ဟု ပေါ်လွင်ထင်ရှားအောင် ကမ္ဘာ့မီဒီယာတွင် နိုင်ငံရေးအမြတ်သာထုတ်နေပီး တခြားတစ်ဖက်မှမူ မိမိတပ်များမ၀င်ရသရွေ့ အကူညီမပေးပဲ ထားထားသည့် အမေရိကန်နိုင်ငံ၏ စိတ်သဘောထားကိုလည်း နားမလည်နိုင်ဖြစ်ရပါ၏။ ပြည်တွင်းမှ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ကျွန်တော်တို့ပါတီဝင်တွေလည်း တတ်နိုင်သမျှ သူတို့မြို့တွေမှာ လုပ်နေကြပါတယ်ဟု ဘာမှမခိုင်လုံသည့်စကားမျှသာ ပြောဆိုပီး မည်သည့်လှုပ်ရှားမှုမျှမရှိပဲ ဘာကိုစောင့်နေမှန်းမသိ စောင့်နေသည်မှာ သေချာလှသော အန်အယ်ဒီပါတီအားလည်း နားမလည်နိုင်ဖြစ်ရပါ၏။ တပ်မတော်အစိုးရ၏ ပြည်တွင်းအားကိုသာအသုံးချရန် အားသန်လွန်းကာ အမှန်တကယ်လိုအပ်သည့် အကူညီများအား လက်ခံရန်လက်တွန့်နေမှုကိုလည်းကောင်း၊ လူများအားကယ်တင်ရန် အဓိကဖြစ်ပါသည်ဟု ကြွေးကြော်နေသော အဆိုပါနိုင်ငံများ၏ လှုပ်ရှားမှုများသည်လည်းကောင်း၊ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးကိုသာ အဓိကထားပီး လူတွေကိုကယ်တင်ဖို့ လစ်လျူရှုသည်ဟု စွပ်စွဲနေသည့် အဆိုပါအန်အယ်ဒီပါတီ၏ ယခုအချိန် နိုင်ငံရေးတိုက်ကွက် လှုပ်ရှားမှုသည်လည်းကောင်း၊ ကျွန်တော့်အား များစွာစိတ်ပျက်မိစေပါသည်။

အချုပ်ဆိုရလျှင် တပ်မတော်အစိုးရအနေဖြင့် ပြင်းထန်လှသော အဖြစ်ဆိုးကြီး၏ ပြန်လည်ထူထောင်ရေး၊ နိုင်ငံ၏ နိုင်ငံရေးအရှုပ်အရှင်းများ၊ ယခုအဖြစ်ကိုသာ ကွက်ကွက်ကြည့်မရပဲ ရှိနေသေးသည့် နိုင်ငံ့အရေးကိစ္စများ၊ ထိုအရေးများနှင့် ယှဉ်ကာလုပ်ဆောင်လျှင် ထိခိုက်နိုင်သည့် ယခုအရေးများစသဖြင့် ရှုပ်ထွေးလွန်းလှသည့်အပြင် ခက်ခဲသော crisis management အား အကောင်းဆုံးကိုင်တွယ် လုပ်ဆောင်ကာ ပြည်သူလူထုအား ပုံမှန်အနေအထားသို့ ရောက်ရှိအောင် စွမ်းဆောင်ပြီး မိမိ၏ ရုပ်ဆိုးလှသော တာဝန်ပျက်ကွက်ခဲ့မှုကို တာဝန်ယူလုပ်ဆောင်ပေးလိမ့်နိုင်မည်ဟု ကျွန်တော့်အနေဖြင့် ယုံကြည် မျှော်လင့်မိပါသည်။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

2 comments:

* In Search of Truth * said...

ကိုဖိုးချမ်းစီမှ Donation Alert Image တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ http://cmsmdy.blogspot.com/2008/05/donation-alert-image.html

Unknown said...

တာဝန်ယူတတ်တဲ့ စိတ်ဓါတ်ကလေးတွေ့ရလို့ ထောက်ခံပါတယ်။ ကိုမျိုးမြန်မာ တိုးတက်လာပါပြီ၊