Friday, January 25, 2008

သူတို့ ဘယ်တော့လာကြလေမလဲ

ဤခေါင်းစဉ်သည် ယနေ့မြန်မာနိုင်ငံ နိုင်ငံရေးအတိုက်အခံအင်အားစုများ၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် ရောင်စုံအဖွဲ့ပေါင်းစုံ၏ အကြားတွင် ပြန့်နှံ့နေပြီး ပြည်သူများအကြားတွင် ပြန့်ပွားလာအောင် လှုံ့ဆော်ပေးနေသည့် ကြောက်မက်ဖွယ်စိတ်ထားတစ်ခုအကြောင်း ဆွေးနွေးလိုခြင်းဖြစ်၏။

ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများသည် ယခင်ကာလများက ထိုအရာအား စိတ်တွင်း၌သာကြိတ်ကြံကာ ပေါ်ပေါ်ထင်ထင်မပြောဝံ့ကြသော်လည်း ယခုအခါတွင်မူ ထင်ထင်ရှားရှားကို ထုတ်ဖော်ပြောဆိုလာကြကာ ပြည်သူများအကြားတွင်လည်း ထိုရှက်ဖွယ်ကောင်းသောစိတ်ဓါတ်သည် ပုံမှန်တစ်ခုအဖြစ်သို့ ရောက်လာနေသည်ကို ထင်ရှားစွာပင်တွေ့ရပါသည်။ ထိုအယူအဆစိတ်ထားသည် 1885 ပတ်ဝန်းကျင်လောက်တွင် မြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ဘူးသော အနေအထားနှင့် များစွာတူညီလေ၏။ ကျွန်တော့်အနေဖြင့် ရှင်းလင်းစွာပြောရမည်ဆိုလျှင် ထိုအရာသည် ကျွန်စိတ်ပင်ဖြစ်သည်။ လွန်စွာရှုတ်ချသင့်သော၊ အမိမြေအတွက် ရင်နာဖွယ်ကောင်းသော၊ ရှက်ဖွယ်ကောင်းသလို၊ ကြောက်မက်ဖွယ်လည်း အလွန်ကောင်းသည့် စိတ်ထားပင်ဖြစ်၏။ ထိုစိတ်ထားသည် စီးပွားရေးပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုလည်းဖြစ်ချေသည်ဟု ကျွန်တော်ယူဆပါသည်။

အမိမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာအား တိုင်းတပါးစစ်တပ်များဖြင့် သိမ်းယူကာ မိမိတို့အလိုရှိသည့် လူတစ်ယောက် (ပါတီနှင့်စနစ်မဟုတ်ပါ) အား အာဏာပေးစေရန်မှာ ထားသင့်သည့်စိတ်ထားဖြစ်ပါသလား။ ကျွန်တော်ယုံကြည်သည်မှာမူ နိုင်ငံနှင့် လဲယူရန်ထိုက်တန်သည့် စနစ်သည်လည်းကောင်း၊ ကြွယ်ဝမှုသည်လည်းကောင်း၊ မရှိပါချေ။ ဒီမိုကရေစီသည် နိုင်ငံအားအထောက်အပံ့ ဖြစ်ရန်သာဖြစ်ချေသည်။ နိုင်ငံနှင့် လဲယူလောက်အောင် ထိုက်တန်သည့်အရာမဟုတ်ပါ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးသမားများထဲတွင် ထိုသို့ ပြည်သူအားနည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းလမ်းပြပေးနိုင်မည့် သူမျိုးမပေါ်ပေါက်ခြင်း၊ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် မြန်မာနိုင်ငံအတွက် ကံဆိုးမှုပင်ဖြစ်ချေ၏။

ထိုအတိုက်အခံနိုင်ငံရေးသမားများအနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်သင့်သည်မှာ ယင်းတို့မှ ဖိနှိပ်ပါသည်၊ လမ်းကြောင်းမှားနေပါသည် ဟုစွပ်စွဲနေသည့် လက်ရှိတပ်မတော်အစိုးရသည်ပင်လျှင် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားနိုင်ပါသေးလျှင်၊ ကြွေးကြော်နိုင်ပါသေးလျှင် အဘယ်ကြောင့် နိုင်ငံအတွက်လှုပ်ရှားနေပါသည်ဟု ယုံကြည်ထားသည့် မိမိတို့သည် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားသည့် လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ပါသနည်း ဆိုသည်ကိုပင်။ သင်တို့သည် သတိထားမိပါသည်လား။ အဘယ်ကြောင့်ပါနည်း။

အခြားတစ်ဖက်မှ ဘေးအမြင်ဖြင့် သုံးသပ်ကြည့်ပါဦးမည်။ အကယ်၍ တပ်မတော်အစိုးရအနေဖြင့် မျိုးချစ်စိတ်ဆိုသည်မှာ သူတို့အာဏာတည်မြဲရေးအတွက် အပြကောင်းနေသောကြောင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အား လက်ကိုင်ပြုထားသည်ဟု ယူဆကြည့်မည်ဆိုပါစို့။ ထိုသို့ဆိုလျှင် အတိုက်ခံနိုင်ငံရေးသမားများသည် သူတို့နိုင်ငံရေးလမ်းကြောင်းတွင် မျိုးချစ်စိတ်အား အခြေခံမထားခြင်းမှာ မျိုးချစ်စိတ်သည် သူတို့အာဏာရရှိရေးအတွက် တားဆီးထား သောအရာတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု ဖြစ်နေခြင်းကြောင့်ပင်လော ဆိုသည်ကိုပင်။ ဤကောက်ချက်ကို ကျွန်တော့်အနေဖြင့်ဆိုရခြင်းမှာ အတိုက်ခံတို့၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းသည် လက်ရှိအစိုးရအားမဟုတ်ပဲ၊ နိုင်ငံကိုသာ တစ်နည်းမဟုတ်တစ်နည်း ထိခိုက်စေခြင်း၊ မျိုးချစ်စိတ်အား အခြေထားသော လှုပ်ရှားမှုမျိုး မရှိကြခြင်း၊ ပြည်ပအား လိုသည်ထက်ပိုစွာ အောက်ကျို့ရာမှ နောက်ဆုံးတွင် နိုင်ငံကိုပါထိုးအပ်ရန်ထိ အတင့်ရဲစွာ ကြံစည်ကြခြင်း စသည့်ခြေလှမ်းများအား လေ့လာမိခြင်းကြောင့်ဖြစ်ချေသည်။

အချို့သူများသည် နိုင်ငံအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသလိုပြောဆိုလာကြသည်ကိုလည်း အံ့သြောစွာတွေ့ရ၏။ တကယ့်အတိုက်အခံ နိုင်ငံရေးအုပ်စုများထဲတွင် ထိုသို့ပြောလာကြသူများအားတွေ့ရခြင်း၊ ထိုသူများကပင် ဗိုလ်ချုပ်အောင်ဆန်းအား ဟန်ဆောင်ချစ်ပြနေခြင်းမှာ ကျွန်တော့အဖို့မူ ရှေ့ကဖုန်းနောက်ကပေါ်ဆိုသကဲ့သို့ပင် ဖြစ်ချေ၏။ ပိုမိုစိတ်ပျက်စေသည်မှာ ထိုသို့ပရမ်းပတာပြောသူမျိုး ပေါ်ပေါက်သည့်အခါမျိုးတွင်ပင်လျှင် စကားထက်လေ့ရှိသည့်၊ အပြစ်ရှာပြောရာတွင် လွန်စွာတော်သည့် အခြားသောဒီမိုကရေစီအင်အားစုများသည် ရှုတ်ချခြင်းပြုရန်၊ ထိန်းသိမ်းတားဆီးရန် မေ့လျော့နေကြခြင်းပင်ဖြစ်သည်။ ထိုအခါ ဥရောပမှ ပညာရှင်တစ်ဦး (အမည်မမှတ်မိပါ။ မောင်ကောင်းထိုက်စာစုများတွင်ကြည့်နိုင်ပါသည်) ၏ စကားသည် ကျွန်တော့်အား ထိုသို့ ပြည်ပတပ်များအား ၀င်ရောက်သိမ်းယူစေလိုသည့် နိုင်ငံရေးသမားများအား ကြည့်ကာ များစွာအရှက်ရစေပါသည်။ ထိုစကားမှာ “ကျွန်ဖြစ်ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့လူတွေဟာ ကျွန်ပဲဖြစ်ထိုက်တယ်“ ဆိုသောစကားပင်ဖြစ်၏။

ထိုသို့လျှင် နိုင်ငံချစ်စိတ်သည် အာဏာတည်မြဲရာလမ်းကြောင်းဖြစ်သူတို့က ချစ်ပြကြ၊ အာဏာပျက်စီးရာလမ်းကြောင်းဖြစ်သူတို့က ထိုနိုင်ငံချစ်စိတ်အား စွန့်ပယ်ကြသည့် နိုင်ငံရေးသမားများသည် အမှန်တကယ်တွင်မူ မည်သူ့မည်သူမျှ အမိနိုင်ငံတော်အကျိုးထည့်တွက်ခြင်းအား မည့်သည့်နေရာတွင်မျှ ကျွန်တော့်အနေဖြင့် မမြင်ရခြင်းသည် ၀မ်းနည်းဖွယ်ပင်ဖြစ်ချေသည်။

ယခင်ကသမိုင်းတွင် အနောက်ကိုယုံစားမိသောကြောင့် ရာစုနှစ်ချီအောင် ဘ၀နှင့်ရင်းကာ ရရှိခဲ့သည့် ကျွန်ဘ၀သင်ခန်းစာများအားလည်း သတိထားမိကြပုံမပေါ်ပါချေ။ ထိုအချိန်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကြီးမားသောအင်အားကို မယှဉ်နိုင်သောကြောင့်သာဟူသော အမှန်တကယ်လည်းဟုတ်သည့် ထင်းလင်းလှသောအဖြစ်၏နောက်ကွယ်တွင် မြန်မာ့ပြည်တွင်းအကွဲအပြဲများ၊ အမတ်များဝန်မင်းများ၏ အနောက်မျှော်စနက်များသည် ထိုကျွန်ဇာတ်သွင်းစီမံကိန်းတွင် အခိုင်အမာအထောက်အပံ့တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ကိုလည်း သင်ခန်းစာယူကြရမည်သာဖြစ်၏။

စစ်ရေးအရဖြေရှင်းခြင်းသည် မှန်ကန်သော၊ အောင်မြင်သော နည်းလမ်းမဟုတ်သည့်အပြင် ထိုအရေးယူခံရသည့်နိုင်ငံ၏ အခြေအနေအားထိန်းသိမ်းရန် လွန်စွာခက်ခဲသည်ဟု ကုလသည်လည်းကောင်း အမေရိကန်သည်လည်းကောင်း၊ လက်ခံထားပြီးဖြစ်၏။ သို့သော် မည့်သည့်အခါတွင်မျှ အရှည်ကိုမတွေးတတ်သည့် နိုင်ငံရေးသမားများသည် ထိုအချက်ကိုလစ်လျူရှုကာ လက်ရှိအစိုးရပြုတ်ကျပြီး သူတို့အာဏာရလျှင်ပြီးရောဆိုသည့် လမ်းကြောင်းအား အတင်းပင်ချည်းကပ်လာကြသည်ကို တွေ့ရ၏။ မြန်မာ့နိုင်ငံရေးသမားအစဉ်အဆက်၏ ကြုံလာမှပဲ ရှင်းလိုက်တော့မယ်၊ ကြိုပူစရာမလိုပါဆိုသည့်စိတ်ဓါတ်သည် လွန်စွာပင်စိတ်ပျက်ဖွယ်ဖြစ်ချေ၏။ ထိုနိုင်ငံရေးသမားများ၏ ဦးဆောင်မှုတွင် စီးပွားရေးပိတ်ဆို့မှုဖြင့် brain wash လုပ်ထားခြင်းခံရသည့် ပြည်သူသည် ဘာကိုမျှမစဉ်းစားနိုင်ပဲ ပါလာရချေသည်။

အချုပ်အားဖြင့်ဆိုရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွဲမှားသော အယူအဆများဖြင့် လွန်စွာအန္တရာယ်ကြီးသည့် လွတ်လပ်ရေးဆုံးရှုံးနိုင်သော အနေထားသို့ရောက် အမှန်တကယ် ရောက်နေပြီဟု ကျွန်တော်ယုံကြည်ပါသည်။ ထိုအရာအား သူ့ဘက်ကိုယ့်ဘက် မခွဲနေပဲ အမှန်တကယ်လမ်းကြောင်းတည့်မတ်ရန် အရေးအတကြီး လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်အစိုးရသည်လည်းကောင်း၊ ဆန့်ကျင်ဘက်အတိုက်အခံများသည်လည်းကောင်း ပြည်သူအား မှန်ကန်သောစိတ်ဓါတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကာ နိုင်ငံအား ကမ္ဘာ့အလည်တွင် သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်အောင် ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

ဆောင်ပုဒ်တစ်ခုအား စွဲမြဲစေလိုပါသည်။
သခင်မျိုးဟေ့ ဒို့ဗမာ” ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ



နောက်ပိုင်းတွင် ထိုသို့ ပြည်ပတပ်များအား ဖိတ်ခေါ်မည်ဆိုပါလျှင် ဖြစ်ပေါ်လာနိုင်သည့် အောက်ပါအချက်များအား ကျွန်တော်လေ့လာမိသလောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁) စစ်ဘေးဒဏ်ခံရမည့် နိုင်ငံနှင့် ပြည်သူအခြေအနေ။
၂) စစ်ပြီးစကာလ နိုင်ငံရေးမငြိမ်သက်မှုများနှင့် မင်းမဲ့စရိုက်များ လွှမ်းမိုးနိုင်မှုအလားအလာ။
၃) နိုင်ငံခြားတပ်များ၏ နှစ်ရှည်လများစွဲဝင်ရောက်မှုနှင့် ထိုအရာတို့၏ အကျိုးဆက်များ။
၎) ပြည်ပနိုင်ငံများမှ အာဏာတင်ပေးသည့် အစိုးရတစ်ခု၏သိက္ခာ၊ နိုင်ငံနှင့် ပြည်သူတို့၏ သိက္ခာနှင့်
၅) ဆယ်စုနှင့်နှင့်ချီကာ ကြာမြင့်နိုင်သည့်၊ မျက်နှာကြည့်နေရမည့် နိုင်ငံရေးစွက်ဖက်ခံရမှုများတို့ ဖြစ်၏။

လေ့လာရင်း ခေါင်းစဉ်များထပ်မံ တိုးလာနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်အားကြီးနိုင်ငံတစ်ခု၏ အကြမ်းဖက်သိမ်းယူခြင်းကို ခံရလျှင် အဆိုပါနိုင်ငံ၏ အခြေနေဆိုးရွားမျှုမှာ လွန်စွာများပြားနိုင်သောကြောင့် ဖြစ်ချေသည်

4 comments:

စိုးထက် - Soe Htet ! said...

ထပ်ရေးပါ ... အမြဲ လာ ဖတ် ဖြစ်ပါတယ် :D

Anonymous said...

ဟုတ်တယ်ဗျာ..ဒီလိုစိတ်ဓါတ်အရောင်သန်းနေတဲ့ အရေးအသားတွေ အတွေးအခေါ်တွေကို မြင်တွေ့ရတာတကယ်စိတ်မကောင်းစရာပါ..ဘလော့ဂ် တော်တော်များများမှာလည်း ပြည်ပတပ်တွေကို ဖိတ်ခေါ်သလိုရေးထားတာတွေလည်းတွေ့ရတယ်ဗျ.. အကိုပြောသလိုပေါ့ ဒီမိုကရေစီဆိုတာ နိုင်ငံတော်ကို ကောင်းကျိုးပြုတဲ့အုပ်ချုပ်ရေးပဲဖြစ်ရမှာပေါ့.. နိုင်ငံ တစ်ခုလုံးနဲ့ လဲယူရလောက်အောင် မက်လောက်စရာ လည်းမဖြစ်နိုင်ပါဖူးဗျာ.. ဒီလိုစိတ်ဓါတ်တွေကိုတော့ လက်ဆင့်ကမ်းပေါ်မလာအောင် တိုက်ဖျက်ရမယ်ဗျာ.. မြန်မာနိုင်ငံအရေးကို မြန်မာနိုင်ငံမှာနေထိုင်တဲ့ နိုင်ငံသားတိုင်းကသာ ဖန်တီးပိုင်ခွင့်ရှိရမယ်ဗျ. ဒါကိုတောင် ပြည်ပအုပ်စုတွေက မြန်မာလူမျိုးတိုင်းထက် မြန်မာကိုပိုချစ်သယောင် ထထအော်နေတာတော့ တွေးလိုက်တိုင်း အော့နှလုံးနာသလို ရှက်လည်းရှက်မိပါရဲ့ဗျာ. နောက်ထပ်အကိုရေးသားလာမယ့် အကျိုးဆက်ရလဒ်တွေကိုလည်း စောင့်မျှော်နေပါတယ်.တကယ်တော့ မျိုးချစ်စိတ်ကသာ နိုင်ငံကိုအဘက်ဘက်က ပံ့ပိုးနိုင်တယ်ဆိုတာ ပြည်ပမျှော် မျိုးချစ်စိတ်မဲ့တွေကိုပြောချင်လိုက်ပါဘိဗျာ..

Ka Daung Nyin Thar said...

၂ခုပြောချင်တယ်ဗျာ..
၁) မြန်မာနိုင်ငံမှာ အမေရိကန်တွေ မက်မောစရာ ဘာမှ မရှိပါ။ သူ့ဟာနဲ့သူတောင် လုံးပန်းနေရတာ ၀င်တိုက်ဖို့က ဝေလာဝေးပါ။

၂) တကယ်လို့ ၀င်တိုက်ဖို့ ဆွယ်ကြမယ်ဆိုရင်တောင် ဒီလိုဆွယ်တရားဟောတဲ့လူတွေကို ရှုတ်ချပါတယ်။ တကယ်လို့ အမေရိကန်(သို့) တခြားနိုင်ငံက ၀င်တိုက်ခဲ့ရင်လဲ ၀င်ရောက်တွန်းလှန်ကူညီပေးဖို့ အသင့်ပါပဲ။

နောက်တချက် ထောက်ပြချင်တာလေးက တကယ့်သမိုင်းမှာ “သခင်မျိုးဟေ့ ဒို့ဗမာ” လို့ လာပါတယ်။ “သခင်မျိုးဟေ့ ဒို့မြန်မာ” မဟုတ်ပါ။ နောင်လာနောက်သား လူငယ်များ အမှတ်မှားသွားမှာ စိုးလို့ပါ။

MyoMyanmar said...

မိမိအမြင်များအား ၀င်ရောက်ရေးသားကြသူများ အားလုံးအား ကျေးဇူးတင်ပါသည်။

မှန်ပါသည်။
သခင်မျိုးဟေ့ဒို့ဗမာဖြစ်ပါသည်။ နိုင်ငံအတွက်
လွန်စွာဟစ်ကြွေးရန်ကောင်းသည့် ကျွန်တော် အလွန်နှစ်ခြိုက်သော ဆောင်ပုဒ်တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် ဦးစွာဝန်ခံလိုသည်မှာ ဒီမိုကရေစီလှုပ်ရှားသူများဟု ဆိုသူများဘက်မှ တုန့်ပြန်မှုများကို စိုးရွံ့သည့်အတွက် အဆိုပါဆောင်ပုဒ်အား ပြောင်းလဲမှုပြုကာ တင်ပြမိခြင်းပင်ဖြစ်၏။

သူတို့သည် တိုင်းရင်းသားများနှင့် ကွဲပြားစွာ ဗမာကိုသာ သခင်မျိုးဟုဆိုပါသည် ဘာသည်စသဖြင့် ကျွန်တော်၏ ဒီမိုကရေစီလှုပ်ရှားသူများ၏ အနေအထားအား ဝေဖန်သည့် အမြင်ကို ဆန့်ကျင်ရလျှင်ပြီးရော သဘောထားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိပါးတိုက်ခိုက်လာမည်ကို စဉ်းစားမိခြင်းကြောင့်ဖြစ်ပါသည်။ (ထိုသို့ ရှေ့နောက်မကြည့် ဝေဖန်မှုများကို ကဒေါင်းညင်သာအနေဖြင့်လည်း သတိပြုမိမည်ဟု ယုံကြည်ပါသည်။)

မိမိအမြင်အား ဝေဖန်မှုများအား လေးစားစွာတုန့်ပြန်ဆွေးနွေးရန် ကျွန်တော့်အနေဖြင့် အဆင်သင့်ရှိသော်ငြားလည်း ထိုသို့သောအချက်များကိုမူ ပြန်လည်ဆွေးနွေးခြင်း မပြုလိုပါချေ။

မည်သို့ပင်ဆိုစေကာမူ ပြန်လည်စဉ်းစားမိသည်မှာ ကျွန်တော့်အနေဖြင့် မိမိသဘောဖြင့် ပြောင်းလဲသုံးပြုခွင့်မရှိပါချေ။ ထို့ကြောင့် ဆောင်းပါးပါစာသားအား အနှစ်သာရပြည့်ဝလွန်းသော မြန်မာတိုင်းရင်းသားအားလုံး ဂုဏ်ယူစွာ ဟစ်ကြွေးနိုင်သည့် သခင်မျိုးဟေ့ဒို့ဗမာဟု ပြင်ဆင်မှုပြုပါ၏။

ကျေးဇူးတင်ပါသည်