Saturday, November 8, 2008

အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

တစ်ပတ်ကျော်မျှ ကြာမြင့်လာပြီဖြစ်သည့် လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်ပွားနေသော ရေပိုင်နက်အငြင်းပွားမှု ပြသနာကြောင့် ဤဆောင်းပါးအားရေးသားခြင်း ဖြစ်ပါ၏။ ဥပဒေမဲ့ မှားယွင်းတောင်းဆိုမှုဟု မြန်မာအစိုးရမှ ပြတ်သားစွာဆိုခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲမှုမှ စတင်ကာ ပေါ်ပေါက်ခဲ့သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားပြသနာအား အခြေပြုကာ မြန်မာ့နိုင်ငံရေးအား လေ့လာလိုခြင်းလည်း ဖြစ်ပါသည်။

ထိုအဖြစ်စတင်ခဲ့သည်နှင့် တပြိုင်နက် မြန်မာ့ဘလော်ဂါများအကြားတွင် လှုပ်လှုပ်ရှားရှား ရှိခဲ့ပြီး မည်သည့်အကြောင်းများကြောင့် ဖြစ်သည်၊ မည်သူမှားသည် မှန်သည်ဟု မသေချာချိန်မှာပင် အချို့သော သူတို့၏။ နာမည်ကြီး မြန်မာနိုင်ငံရေးသတင်းဌာနများမှ ဆောင်းပါးရှင်တို့၏ ရေးသားချက်များသည် အစဉ်အလာမပျက်ပင် လက်ရှိအစိုးရအား စွတ်စွဲပစ်တင်မှုများဖြင့် စခဲ့ကြပါ၏။

သို့သော် ထိုအရာထက် အံ့သြောဖွယ်ကောင်းသည်မှာ တရားဝင်ရပ်တည်နေသော မြန်မာ့အတိုက်အခံပါတီကြီးဟုဆိုသည့် အန်အယ်ဒီပါတီ၊ ပြည်တွင်းပြည်ပရှိ စာတမ်းများ ကြေငြာချက်များ ထုတ်ရာတွင် လက်သွက်လှသော အဖွဲ့အစည်းမျိုးစုံတို့၏ အသံတိတ်မှုပင်ဖြစ်၏။ ထိုအရေးနှင့်ပက်သက်၍ သူတို့ဆီမှ အမြင်များ တုန့်ပြန်မှုများအား ယခု ဆောင်းပါးရေးချိန်အထိ စိုးစဉ်းငယ်မျှ မကြားရခြင်းသည် ကျွန်တော့်အဖို့ ဆန်းကျယ်လှ၏။ အမိမြန်မာနိုင်ငံတော်အတွက် ထို အတိုက်အခံဆိုသည့် နိုင်ငံရေးပါတီကြီး၏ ဖြစ်တည်နေမှုသည်၊ ပြည်တွင်းပြည်ပမှ ဖွဲ့ထားသော အဖွဲ့အစည်းတို့၏ တည်ရှိနေမှုသည် လက်ရှိအစိုးရအား ဆန့်ကျင်ရုံ၊ ပုတ်ခတ်ပစ်တင်ရုံ သက်သက်အတွက်သာ ဖြစ်သည်လား။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိစ္စဆိုသည်မှာ ထိုအဖွဲ့အစည်း ပါတီတို့အနေဖြင့် မိမိတို့အမြင်အား ပြောကြားဖို့ မလိုလောက်အောင်ပင် လားလားမျှမဆိုင်သည်လား။

အဘယ့်ကြောင့် နိုင်ငံတော်အား ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည့်နိုင်ငံများအပေါ် ကန့်ကွက်ပစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ အဆိုပါနိုင်ငံများ၏ သံရုံးများရှေ့တွင် ဆန္ဒပြခြင်းတို့ဖြင့် သဲသဲလှုပ်ရှိလှသော ထိုလူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတို့သည် နိုင်ငံ၏ အချုပ်အခြာကို ထိပါးသော ယခုအရေးတွင် နှာစီးနေကြပါသနည်း။ လေ့လာကြည့်မည်ဆိုလျှင် အဆိုပါသူတို့၏ ယခုလှုပ်ရှားမှုများတွင် ထိုအရေးသည် မဖြစ်နေသကဲ့သို့ပင် ရှိချေ၏။

ဤနေရာတွင် လေ့လာမိသည်မှာ အဆိုပါအတိုက်အခံတို့သည် အစိုးရအား ဆန့်ကျင်မှုနှင့် နိုင်ငံတော်၏ အရေးအရာများအား ကွဲကွဲပြားပြားမရှိလှ ခြင်းပင်ဖြစ်၏။ ယုတ်ဆွအဆုံး ဒို့တာဝန်အေ၇းသုံးပါးကဲ့သို့သော ကိစ္စမျိုးမှာပင်လျှင်

  • အစိုးရမှ ပြည်ထောင်စုမပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်ကြ၏။
    (ပြည်ထောင်စုမှ ခွဲထွက်ရေးကြိုးပမ်းနေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အားပေးအားမြှောက်ပြုသည့် လုပ်ရပ်များ စသည်...)
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး.. ဒို့အရေးဟု ဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုဦးတည်ကြ၏။
    (တိုင်းရင်းသားများအား အစိုး၇နှင့် ငြိမ်းချမ်းရေးရရှိသွားမည်ကို အပြင်းအထန် စိုးရိမ်စိတ်ဖြင့် သွေးထိုးလှုံ့ဆော်သည့်လုပ်ရပ်များ.. အကယ်၍ အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ကာ အလင်းဝင်သည့် တိုင်းရင်းသား အဖွဲ့များ ရှိလာလျှင်ပင် မလိုတမာပြောဆိုမှုများ.. ပုတ်ခတ်မှုများ.. စသည်)
  • အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အေ၇းဟု ဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် နိုင်ငံတော်အား တိုင်းတပါးမှ ၀င်ရောက်သိမ်းယူမှုကို ဦးတည်ကြ၏။
    (ပမာပြစရာ မလိုလှပါပေ.. အားလုံးအသိပင်ဖြစ်ပေ၏.. မည်မျှပင် ထိုအရာအတွက် ထန်းလက်ကာ ဆင်ခြေများပေးစေကာမူ ထိုအချက်သည် အချုပ်အခြာအာဏာ ပျက်စီးရေးကိုသာ ဦးတည်ပေ၏)

ထိုသို့သော အမိမြန်မာနိုင်ငံတော်မှမက မည်သည့်နိုင်ငံအတွက်မဆို အရေးကြီးလှသော၊ ကမ္ဘာပေါ်ရှိနိုင်ငံသားတိုင်းမှ မိမိတို့၏နိုင်ငံအတွက် ထားကိုထားရမည့် မှန်ကန်ကောင်းမွန်သော တာဝန်များကိုပင်လျှင် ငါတို့၏တာဝန်ဖြစ်သည်။ လက်ခံယုံကြည်ပါသည်ဟု ဆိုမည့်အတိုက်အခံ ဒီမိုကရေစီသမား မည်မျှရှိမည်နည်းဟု စာဖတ်သူ ထင်ပါသနည်း။ အစိုးရမှ အော်နေသောအချက်ဖြစ်သည်ဆိုသည်ကပင် ထိုသူတို့အား ကျောခိုင်းပစ်ရန်၊ လှောင်ပြောင်ပစ်လိုက်ရန်၊ ဆုတ်ဖြဲပစ်လိုက်ရန် လုံလောက်သောအချက် ဖြစ်သွားခဲ့သည်မှာ အံ့သြောစရာပင်ဖြစ်၏။

ဤသို့သော စိတ်ဓါတ်တို့သည် လာမည့် နိုင်ငံတော်၏ ဒီမိုကရေစီ နိုင်ငံတော်အတွက်ပင်လျှင် များစွာအကျိုးယုတ်စေမည့် စိတ်ဓါတ်များဖြစ်သည်ဟု ကျွန်တော်ယူဆပါ၏။ ကွဲပြားသော အမြင်တို့ဖြင့် နိုင်ငံတော်၏ အကျိုးကို စွမ်းဆောင်ကြမည့် နိုင်ငံေ၇းပါတီအသီးသီးတို့တွင် ထိုစိတ်ဓါတ်များ ကိန်းအောင်းနေမည် ဆိုပါလျှင် သဘောထား ကွဲပြားမှုများကို မည်သို့ဖြေရှင်းကြမည်နည်း။ မိမိဆန့်ကျင်သူမှ ပြုသည်ဆိုရုံနှင့် ပယ်ရမည်ဆိုလျှင် အဘယ်မှာလျှင် တည်ငြိမ်အေးချမ်းသော၊ ကောင်းမွန်သောလမ်းကို နိုင်ငံသည်လျောက်လှမ်းနိုင်ပါဦးမည်နည်း။ အငြင်းပွားမှုများ တရွတ်ဆွဲ ပြသနာရှာမှုများနှင့်သာ လုံးခြာလည်လိုက်နေသော အဖြစ်များသာ ရှိနေမည်မဟုတ်ပါလား။

ယခုမူကား အဆိုပါအတိုက်အခံတို့သည်
  • အချို့ကလည်း မိမိတို့နှင့်လားလားမျှမဆိုင်သည့် ကိစ္စတစ်ခုကဲ့သို့သော်လည်းကောင်း၊
  • အချို့ကလည်း အစိုးရအခက် ငါတို့အချက်ဟု ဟစ်ကြွေး၍သော်လည်းကောင်း၊
  • အချို့ကလည်း စောင့်ကြည့်လျှက် စစ်ဖြစ်လျှင် ပြည်သူကို စစ်မီးဒဏ်ခံခိုင်းပြန်ပီ၊ ဒေသတွင်း ပြသနာရှာတဲ့အစိုးရ စသည်ဖြင့်.. စစ်မဖြစ်လျှင် နိုင်ငံကိုတောင် မစောင့်ရှောက်နိုင်ဘူး၊ ကြောက်နေတာပဲ စသည်ဖြင့် လက်ညှိုးထိုးရန် အသင့်ပြင်ခြင်းဖြင့်လည်းကောင်း
ရှိနေကြသည်မှာ စိတ်ပျက်ဖွယ်ဖြစ်၏။ ဆိုးရွားသည်မှာ ထိုသူတို့ ဟန်တပြင်ပြင် ဖြစ်နေကြသည့်အရေးမှာ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အရေးဖြစ်နေခြင်းပင်ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်ခံယူချက်ကိုယုံကြည်သည် စွဲကိုင်သည်ဖြစ်စေ အဆိုပါခံယူချက် လှုပ်ရှားမှုတို့သည် အမိနိုင်ငံတော်အား အကျိုးရှိစေမည့်၊ ရေရှည်တည်တံ့ ခိုင်မြဲစေမည့်၊ အချုပ်အခြာအာဏာကို မြတ်နိုးသည့် ခံယူချက်များ လှုပ်ရှားမှုများသာ ဖြစ်သင့်ပါသည်ဟု မိကျောင်းမင်း ရေခင်းပြ တိုက်တွန်းလိုက်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

Tuesday, September 23, 2008

ပြုသူနှင့် ဖျက်သူ

(မြန်မာတီးရှော့တွင် ကျွန်တော်မျိုးမြန်မာမှ ဆွေးနွေးခဲ့ဖူးသည့် အကြောင်းအရာတစ်ခုအား မိမိပိုင် ဘလော့တွင် ပြန်လည်ဖော်ပြ မှတ်တမ်းထားခြင်း ဖြစ်ပါသည်။)

ယခုဆောင်းပါးအား “သင်သည်သာ နိုင်ငံတော်အား အုပ်ချုပ်ခွင့်ရမည်ဆိုပါလျှင် ဘာလုပ်မည်နည်း”ဆိုသည့် မေးခွန်းဖြင့် အစပြုလိုပါ၏။ လျှပ်တပြက် မြန်ဆန်စွာစဉ်းစား၍ဖြစ်စေ၊ သေချာစွာစဉ်းစား၍ဖြစ်စေ မည်သို့ ဖြေဆိုစေကာမူ သင်၏ စိတ်ဝယ်ပေါ်လာမည့် စိတ်ကူးစိတ်သန်းသည် နိုင်ငံတော်၏ အကျိုးကျေးဇူးတစ်စုံတစ်ရာအတွက် မှန်းရွယ်ရည်သန်လျက် ဖြစ်နေမည်ဆိုသည်ကို ကျွန်တော့်အနေဖြင့် သေချာပါ၏။ မိမိလုပ်သမျှအား အကောင်းဆုံး၊ အအောင်မြင်ဆုံး၊ အတော်ဆုံးသာ ဖြစ်စေကြလိုသည်မှာ လူတို့၏ အခြေခံသဘာဝပင် ဖြစ်ပေသည်မဟုတ်လား။ လက်တွေ့နိုင်ငံရေးသည် ထိုမျှလောက်မရိုးရှင်းလှသည်မှာ မှန်သော်လည်း အတ္တကိုအခြေခံထားသည့် လူတို့၏ စရိုက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ထို့ကြောင့် လက်ရှိတပ်မတော်အစိုးရသည် မိမိတို့ အုပ်ချုပ်နေသော နိုင်ငံတော်အား အကောင်းဆုံး ဖြစ်စေလိုမည်မှာ မငြင်းနိုင်သော သဘောတရားဖြစ်၏။ ထိုအရာသည် သူတို့၏နာမည်အတွက် ဖြစ်ချင်ဖြစ်မည်။ နိုင်ငံတည်ငြိမ်တိုးတက်ခြင်းအားဖြင့် သူတို့၏ စွမ်းရည်အား ပြသရာရောက်ကာ အာဏာအား ပိုမိုတည်မြဲ ကြာရှည်အောင် အလွယ်တကူ ဆုပ်ကိုင်နိုင်စေရန် အထောက်အပံ့အတွက် ဖြစ်ချင်ဖြစ်မည်။ အမှန်တကယ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လိုစေသောကြောင့် ဖြစ်ချင်ဖြစ်မည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်ရှိအစိုးရတွင် ထိုသို့ နိုင်ငံကိုဖွံ့ဖြိုးတိုးတက် တည်ငြိမ်စေလိုစိတ်သည် မည်သူ့ထက်မျှ မလျော့အောင် ရှိနေမည်မှာ အမှန်ပင်ဖြစ်၏။ နိုင်ငံတော် တည်ငြိမ်တိုးတက်မှုနှင့် မိမိအာဏာတည်မြဲမှု အကျိုးစီးပွား တိုက်ရိုက်အချိုးကျမှုသည်လည်း နိုင်ငံတစ်ခု၏ အစိုးရတစ်ရပ်နှင့် ထိုနိုင်ငံတို့အကြား မည်သည့်စနစ်တွင်မဆို မှန်ကန်သော သီအိုရီတစ်ခုအဖြစ် ရှိနေဆဲပင်ဖြစ်သည်။ ဤသို့ဖြင့် တပ်မတော်အစိုးရသည် နိုင်ငံတော်အား အမှန်တကယ်ချစ်မြတ်နိုးသောကြောင့်သော်လည်းကောင်း၊ မိမိအာဏာတည်မြဲမှုကြောင့်သော် လည်းကောင်း နိုင်ငံတော်တိုးတက်ရေးတွင် အားစိုက်ကြိုးပမ်းရမည့် ပြုသူများဖြစ်လာကြပါသည်။

ဤနေရာတွင် အဆိုပါပြုသူများအပေါ် ဆန့်ကျင်ရုံမျှဖြင့် ထိုသူများကို ဖျက်သူများဖြစ်သည်ဟု ယူဆ၍မရနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် လူ့သဘာဝအရ လူတိုင်းသည် အကောင်းဆုံးပြုချင်ကြသည်မှာ မှန်သော်လည်း ပြုနိုင်စွမ်းမရှိသူများအား အကောင်းဆုံးလုပ်နေသည်ပဲဟု လွှတ်ထားပေးသည်ထက် ပိုမိုစွမ်းဆောင်နိုင်မည့် လူများက တာဝန်ယူဆောင်ရွက်ခြင်းဖြင့် မိမိအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်၊ နိုင်ငံတို့သည် ပိုမိုကောင်းမွန်သော အနေအထားသို့ ရောက်ရှိမည်ဆိုလျှင် ထိုသို့ကြိုးပမ်းခြင်း၊ ဝေဖန်ခြင်း၊ ထောက်ပြခြင်းတို့သည် လက်သင့်ခံသင့်သော အရာများသာ ဖြစ်လျှက် ထိုသူများသည်လည်း ပြုသူများသာဖြစ်ကြပါချေလိမ့်မည်။

သို့သော်ငြားလည်း လက်ရှိမြန်မာ့နိုင်ငံရေးတွင် အဓိကအတိုက်အခံပါတီအပါအ၀င် အတိုက်အခံအားလုံးနည်းပါးသည် လက်ရှိတပ်မတော်အစိုးရအား ဆန့်ကျင်ရုံသက်သက်ဖြင့် အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များ အားလုံးကို သင့်သည်မသင့်သည် မစဉ်းစား အစဉ်တစိုက် ကန့်ကွက်မှုများကို ပြုလုပ်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်၏။ အစိုးရမှ တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသည်ဆိုလျှင် ထိုသူတို့သည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ပြုကြ၏။ နိုင်ငံသားများ စီးပွားရေး တိုးတက်ရေးသည် ပဓါနဟု ဟစ်ကြွေးချိန်တွင် အတိုက်အခံတို့အတွက် စီးပွားရေးပျက်ပြားရေးသည် ဦးတည်ချက်ဖြစ်ကြ၏။ တိုင်းရင်းသားအရေးသည် အရေးကြီးသည်ဆိုလျှင် တိုင်းရင်းသားများအား သွေးထိုးပင့်မြှောက်ကာ ပျက်ပြားရေးကို ဦးတည်ကြ၏။ ထိုသို့ တိုင်းပြည်၏ အရေးအားလုံးနီးပါးတွင် အဖျက်သဘောဖြင့်သာ တောက်လျောက်လုပ်ဆောင်ခဲ့ကြသည့် အဆိုပါအတိုက်အခံများ၊ ယုတ်စွအဆုံး နိုင်ငံတစ်နိုင်ငံ၏ အဓိကအသက်သွေးကြော ပဓါနကျလှသော
၁) ပြည်ထောင်စုမပြိုကွဲရေး
၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်
၃) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အစရှိသည့်
ဒို့တာဝန်အရေးသုံးပါးလို တာဝန်မျိုးကိုပင် တပ်မတော်အစိုးရမှ ဟစ်ကြွေးသည်၊ ကြေငြာခဲ့သည်ဆိုရုံမျှနှင့် ထိုသူတို့သည် မျက်ကွယ်ပြုကြ၏၊ ပျက်ရယ်ပြုကြ၏၊ ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်ဝံ့ကြ၏။

ထိုသို့ ကောက်ချက်ချလေ့လာမိသောအခါ အတိုက်အခံတို့သည် မြန်မာ့နိုင်ငံရေး သက်တမ်း နှစ်နှစ်ဆယ်တွင် ပြုသူများအဖြစ် ရပ်တည်ခဲ့ကြပါသည်ဆိုသည်ကို ကျွန်တော်မျိုးမြန်မာအနေဖြင့် လက်ခံမပေးနိုင်တော့သည့်အပြင် ထိုသူများသည် ဖျက်သူများသာ ဖြစ်သည်ဟု စွပ်စွဲချင်ပါသည်။ ထိုသူတို့၏ အစိုးရအားဆန့်ကျင်ရုံပီးရော လှုပ်ရှားချက်များ လုပ်ဆောင်ချက်များသည် မည်သည့်နေရာတွင်မှ မြန်မာနိုင်ငံအတွက် အပြုသဘောအကျိုးသက်ရောက်စေသော အရာစဉ်းငယ်ကိုမျှ မတွေ့ရသေးခြင်းသည် ထိုသူတို့အား ဖျက်သူများဖြစ်လာစေပါ၏။

ဆိုခဲ့ပြီးသကဲ့သို့ပင် မြန်မာဟုအမည်ပြောင်းခဲ့ခြင်း ကိစ္စမျိုးမှစကာ လက်ရှိတပ်မတော်အစိုးရမှ မျိုးချစ်စိတ်ကို အခြေခံပါသည်ဟု ဆိုသောကြောင့် မျိုးချစ်စိတ်အား အမြင်ကျဉ်းမြောင်းလှသော သဘောတရားတစ်ခုလောက်သာ ဖြစ်သွားလောက်အောင် ပုံသွင်းပြောဆိုအခြေခံလှုပ်ရှားမှုများအဆုံး ထိုဆန့်ကျင်ရုံပီးရောစိတ်ကို အခြေခံကာ အတိုက်အခံတို့မှ လှုပ်ရှားခဲ့သော အရာအားလုံးသည် နိုင်ငံတော်အတွက် နစ်နာစေမည့်၊ အဖျက်သဘောတရားများသာ သက်ရောက်နေခြင်းမှာ ၀မ်းနည်းဖွယ်ကောင်းလှချေ၏။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

Monday, September 8, 2008

အန်အယ်ဒီ (၂)

အန်အယ်ဒီနှင့် တပ်မတော်အစိုးရအကြား မအောင်မမြင်ဖြစ်ခဲ့ရသည့် တွေ့ဆုံဆွေးနွေးမှုများစွာ အကြောင်းမရေးသားခင် ယခင်မြန်မာတီးရှော့ဖိုရမ်တွင် ကျွန်တော်ရေးသားဆွေးနွေးခဲ့သည့် ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ကာ ပြန်လည်ဖော်ပြ ရေးသားလိုက်ပါသည်။ ထိုအရာသည် အန်အယ်ဒီပါတီနှင့် ပြည်သူ၏ ထောက်ခံမှုအကြောင်းအား ဆွေးနွေးခဲ့ခြင်းဖြစ်၏။

အန်အယ်ဒီပါတီသည် အိမ်စောင့်အစိုးရနောက်ပိုင်း မြန်မာနိုင်ငံအတွက် ပထမဆုံး ပြန်လည်ကျင်းပသည့် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဟု ဆိုနိုင်သော န၀တအစိုးရမှ ပြုလုပ်ပေးခဲ့သည့် 1990 ရွေးကောက်ပွဲတွင် ရလဒ်ပြတ်သားစွာ အနိုင်ရရှိခဲ့၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် အနည်းငယ် ရယ်ဖွယ်ဖြစ်နေသည်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခဲ့ပါသည်ဆိုသည်ကို ချွင်းချက်မရှိ လက်ခံခဲ့ကြသည့် အတိုက်အခံတို့အနေဖြင့် သူတို့လက်ခံခဲ့ခြင်းမှာ အဆိုပါရွေးကောက်ပွဲ၏ ကျင်းပပုံစနစ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်ခွင့် စသည်တို့ကြောင့်လည်းကောင်း မဟုတ်ပဲ အန်အယ်ဒီပါတီ အနိုင်ရခဲ့ခြင်းကြောင့် ဖြစ်နေခြင်းပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ပါတီအနေဖြင့် အနိုင်မရရှိခဲ့ပါက ထိုကျင်းပပုံစနစ်၊ နိုင်ငံတကာ စောင့်ကြည့်ခွင့်မရခဲ့ခြင်းတို့သည် အဆိုပါရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ်မပြုရန် အကြောင်းပြချက်များ ဖြစ်လာမည်ဆိုသည်မှာ အနိုင်မရပါက ရွေးကောက်ပွဲရလဒ်အား အသိမှတ်မပြုပဲ သပိတ်မှောက်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့ ကြပုံတို့အား လေ့လာခြင်းအားဖြင့် မြင်တွေ့နိုင်ပေသည်။

ထို့ကြောင့် အန်အယ်ဒီပါတီသည် 90 ရွေးကောက်ပွဲရလဒ်အား ဆုပ်ကိုင်အတည်ပြုထားပါ၏။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်ဟု ကျွန်တော်ကောက်ချက်ချပါသည်။

ပြည်သူဘက်မှ လေ့လာကြည့်ပါမည်။
ပြည်သူသည် မိမိတို့မှ ထောက်ခံအတည်ပြုခဲ့သည့် အဆိုပါပါတီအနေဖြင့်

  1. မည်သည့်စနစ်၊ နိုင်ငံရေး လမ်းကြောင်းဖြင့် နိုင်ငံတော်အား ပုံဖော်ဦးဆောင်မှုပြုပါမည်။
  2. မည်သည့် ဦးတည်ချက်များ၊ စီမံချက်များဖြင့် နိုင်ငံတော်အား တိုးတက်အောင်ပြုမည်။
  3. မိမိတို့အတွက် မည်သည့်အခွင့်အရေးများ၊ ဘ၀အာမခံချက်များအား တိုးမြင့်ပေးမည့် အစီအစဉ်များ ချမှတ်ထားသည်
    အစရှိသော မဲပေးသူတစ်ဦးမှ သိထားသင့်သည့် ရမည့် အခြေခံအကျဆုံးအချက်များကိုပင် မသိရှိခဲ့ပါ။ အခြားခြားသော စီးပွားရေး၊ နိုင်ငံခြားရေး၊ ပညာရေးစသော အချက်များကိုမူ ထည့်သွင်းပင် မစဉ်းစားနိုင်သည့် အခြေအနေတွင် ရှိခဲ့ပါသည်။
ထိုသို့သော မည်သည့်နိုင်ငံရေးလမ်းစဉ်၊ မူဝါဒများဖြင့် အခြေခံသည်ကိုပင် မသိသောနိုင်သော အဆိုပါပါတီသည် အခြားတစ်ဖက်တွင်လည်း နိုင်ငံအကျိုးပြု စွမ်းဆောင်ချက်များ၊ သမိုင်းကြောင်းများ လုံးဝမရှိသောကြောင့် အဆိုပါအချက်များဖြင့်လည်း ချင့်ချိန်ရန်မဖြစ်နိုင်ပါချေ။

သို့ဆိုလျှင် အဘယ်ကြောင့် အန်အယ်ဒီအား ရွေးချယ်ခဲ့ကြပါသနည်း။
အဓိကအကျဆုံး အချက်မှာ မဆလအားဆန့်ကျင်ရုံ မဲပေးကြခြင်းဖြစ်၏။ မဆလအစိုးရအပေါ် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ပြည်သူသည် ထိုအစိုးရမဟုတ်ရင် ပီးရောဆိုသည့် စိတ်ဓါတ်နှင့် မဲပေးခဲ့ခြင်းသည် အဓိကအချက်ဟု ကျွန်တော်မြင်ပါသည်။

စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပြည်သူသည် မဆလအစိုးရအား ဆန့်ကျင်ရုံပီးရော မဲပေးချိန်တွင် များပြားလှသော ဘာမှန်းမသိသည့် ပါတီများအကြား အဘယ့်ကြောင့် အန်အယ်ဒီအား မဲပေးခဲ့ပါသနည်း။ ထိုအချိန်က အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်ပြုတ်များ၊ စစ်အရာရှိဟောင်းများနှင့် ဒေါ်စုကြည်တို့ ဦးဆောင်နေပါ၏။ ပြည်သူသည် ထိုအရာရှိပြုတ်များဟာ စိတ်မ၀င်စားလှသည့်အပြင် အမြင်မကြည်သည့် စိတ်သည်ပင် ရှိကြပါ၏။ ဒေါ်စုကြည်သည်လည်း ပြည်သူ့အနေဖြင့် မိုးကျနတ်သမီးအလား ဘာမှန်းမသိပဲ ရုတ်တရက်ပေါ်လာသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်သည် ပြည်သူသို့ ကြီးစွာလွှမ်းမိုးမှု ပြုပါတော့၏။ မဆလအား ဆန့်ကျင်စိတ်ဖြင့် ဘယ်သို့ ကပ်ရမည်မသိသော လမ်းပျောက်ပြည်သူသည် ဗိုလ်ချုပ်အရှိန်ဖြင့် ဒေါ်စုကြည်ထံစုရုံးကြပါ၏။ နိုင်ငံခြားမှ ပညာတတ်ကြီးဖြစ်သည်ဆိုသည့် အမြင်ကလည်း သူတို့အား ပိုမိုအထင်ကြီးစေပါ၏။

ထိုသို့လေ့လာမိသောအခါ 1990 ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်ဆိုသည့် အန်အယ်ဒီပါတီသည် မည်သည့် ဒီမိုကရေစီစနစ်၊ လမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း၊ စွမ်းဆောင်အားထုတ်မှုအရည်အချင်းတို့ ကြောင့်မှမဟုတ်ပဲ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများ၊ မှီရာစွဲကပ်မှုများဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပါတီအား နိုင်ငံရေးအမြင်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်သောကြောင့်လည်း ပါတီအနေဖြင့် မူလဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းမှ အဘယ်မျှသွေဖယ်နေပြီဆိုသည်ကိုလည်း သတိမထားမိကြပါတော့ချေ။ ထိုသို့ လမ်းကြောင်းမမှန်သော ရွေးချယ်မှုရလဒ်ကြောင့်လည်း သက်တမ်းနုလှသော ပါတီ၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်ပါ စနစ်ကျသည့် လမ်းစဉ်အားအခြေမခံနိုင်တော့ပဲ ပုဂ္ဂလိက လွှမ်းမိုးမှုကိုသာ အားထားအမှီပြုရသည့် အခြေအနေသို့ ရိုက်ခတ်ခြင်း ခံရပါတော့၏။

သို့သော် ပါတီအနေဖြင့် ပြန်ကြည့်မည်ဆိုလျှင်လည်း အဆိုပါအချိန်သည် ရှုပ်ထွေးလှသော အခြေအနေအတွင်း ပါတီအား အသေအချာတည်ဆောက်ရန် အချိန်မပေးနိုင်သော၊ အမျိုးမျိုးပြောင်းလဲနေသော အနေအထားများကြားတွင် မိမိတို့၏ လမ်းစဉ်များ အယူဝါဒများသည်ပင် စမ်းတ၀ါးဝါးနိုင်နေသော အခြေအနေဖြစ်ပါ၏။ နုနယ်လှသော ပါတီသက်တမ်းသည်လည်း ပြောင်မြောက်သော စွမ်းဆောင်ချက်များ နိုင်ငံအကျိုးပြု လုပ်ငန်းများအား လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော အခါလည်း ဖြစ်ပေသည်။

အံ့သြောဖွယ်ကောင်းသည်မှာ ယခုအနှစ်နှစ်ဆယ်ကြာမြင့်ပီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
  1. ပြည်သူ၏ အန်အယ်ဒီအား ထောက်ခံမှုသည် ယခင်အချိန်များနှင့် များစွာမကွာခြားလှပဲ တပ်မတော်အစိုးရအား ဆန့်ကျင်ရုံဆိုသော စိတ်သာရှိနေပြီး အခြားမည်သည့် အချက်မျှမရှိသေးပါချေ။
  2. လွန်ခဲ့သောကာလက မိမိတို့ ထောက်ခံအားပေးခဲ့သည့် ပါတီ၏ လမ်းစဉ်များ၊ စီမံချက်များ၊ ဦးတည်ချက်များအား သေချာစွာမသိရှိခဲ့သော ထိုသူတို့သည် ယခုအချိန်တွင်လည်း မသိရှိကြပါသေးချေ။
  3. ပါတီသက်တမ်းနုလှသောကြောင့် နိုင်ငံအကျိုးပြုလုပ်ငန်းများ၊ စွမ်းဆောင်ချက်များအား ဘာမှလုပ်ပြနိုင်ခဲ့ခြင်း မရှိသည့် အဆိုပါပါတီသည် အနှစ်နှစ်ဆယ်ကြာပြီးသည့် အချိန်ထိလည်း ဘာမှလုပ်မပြနိုင်သေးပါချေ။
ထို့ပြင် ပါတီတွင်းတည်ဆောက်ပုံသည်လည်း စတင်စဉ်ကာလကဲ့သို့ပင် စနစ်တကျမရှိသေးခြင်း၊ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုသည် ပိုမိုဆိုးဝါးစွာ ပြင်းထန်အားကောင်းလာခြင်း၊ လမ်းစဉ်များ ဦးတည်ချက်များ အားလုံးသည်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေသေးခြင်းတို့အား တွေ့မြင်ရပါ၏။

ထိုသို့ ထိုသို့လေ့လာမိသောအခါ။ ကျွန်တော်တို့သည် နိုင်ငံအား ဆက်လက်မောင်းနှင်ရန် လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်ကျော်က ဖုတ်ပူမီးတိုက်နိုင်လှသည့် ရလဒ်တစ်ခုကိုသာ မဖြစ်မနေ ဖက်တွယ်ထားသင့် ပါသည်လား။ ပါတီ၏ ပျက်ယွင်းနေသော အနေအထားများအား လစ်လျူရှုပေးထားသင့်ပါသည်လား။ ထို့ကြောင့် အန်အယ်ဒီပါတီအနေဖြင့် မိမိအချိန်များအား လွန်ခဲ့သည့် ရလဒ်အပေါ်တွင်သာ ဖက်တွယ်လျှက် ချစားသကဲ့သို့ အကုန်ခံမည့်အစား တပ်မတော်အစိုးရမှ မဖြစ်မနေဦးဆောင်ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် အချက်များအား ဖိအားပေးဆောင်ရွက်ခြင်းကိုသာ အဓိကထား လှုပ်ရှားရန်သင့်ပါ၏။ တဖက်မှလည်း ပါတီအား စည်းစနစ်ကျန ခိုင်မာသည့် အဆင့်မှီ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်သင့်သည်ဟု ယူဆပါသည်။ လက်ရှိအခြေအနေနှင့် အစိုးရအပေါ် ငြီးငွေ့စိတ်ပျက်နေသော ပြည်သူအများစုသည်လည်း ပါတီအား ထောက်ခံရန်အသင့်ရှိနေကြမည်ဟု လေ့လာမိ၏။

ုထိုသို့ပြုခြင်းအားဖြင့် ရှေ့ဆက်တိုးရန်လမ်းမရှိပဲ စမ်းတ၀ါးဝါးနိုင်လှသော ပါတီအနေဖြင့် ကောင်းမွန်သော ရလဒ်ဖြစ်ထွန်းမည် ဖြစ်မည့်အပြင် နိုင်ငံအတွက်လည်း တည်ငြိမ်မှုများဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပေ၏။ ထို့ကြောင့် နိုင်ငံအတွက်ဟုဆိုကာ လှုပ်ရှားနေကြသည့်၊ ရုန်းကန်ခဲ့ကြသည့်၊ စွန့်လွှတ်ခဲ့ကြသည့် သင်တို့၏နှစ်နှစ်ဆယ်သည် လည်ပြန်ကြည့်မည်ဆိုလျှင် အကျပ်တည်းများဖြင့် အခက်တွေ့နေသည့် မြန်မာနိုင်ငံတော်ကြီးအား ၀မ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ သင်တို့ပုံဖော်ချင်သည့် နိုင်ငံတော် ဖြစ်ခဲ့ပါသလား။ ပိုမို စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုနိုင်ငံ့အကျပ်အတည်းသည် လက်ရှိအစိုးရကြောင့်သာဟု ပုံဖော်ဟစ်ကြွေးနေကြသော်လည်း သင်တို့၏လမ်းကြောင်းများ၊ လှုပ်ရှားမှုများသည် ထိုအရာများအား ပိုမိုဆိုးဝါးစေမည့် အထောက်အပံ့များသာ အစဉ်တစိုက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။ သင်တို့သည်လည်း ထိုအချက်ကို သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းပင် ဖြစ်၏။ ထိုလမ်းကြောင်းများကိုသာ ဆက်လက်စွဲကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်ဟု ယူဆပါသည်လား။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

Friday, August 8, 2008

အန်အယ်ဒီ (၁)

လူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် မြန်မာနိုင်ငံ၏ အထင်ကရအတိုက်ခံပါတီဖြစ်သော အန်အယ်ဒီပါတီသည် ကျင်းပအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပြုလုပ်မည့် 2010 ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ပြုမည် (သို့) မပြုမည်ဆိုသည့် အခြေအနေ၊ ပါတီ၏ လှုပ်ရှားမှုများ စသည်တို့အပေါ်တွင် ကျွန်တော့်လေ့လာချက်ကို ဖော်ပြလိုသောကြောင့် ယခုဆောင်းပါးအား ရေးသားခြင်း ဖြစ်၏။

ကြေငြာချက်ထုတ်ကာ၊ စာဖြင့်ပေဖြင့် လာမည့်ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း လုံးဝမပြုဟု ပြောဆိုခြင်းကို တရားဝင်မတွေ့ရှိသော်ငြားလည်း ယခုချိန်ထိမူ အဆိုပါပါတီသည် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအား ကန့်ကွက်လျှက် မိမိတို့၏ ၉၀ ရလဒ်ပယ်ဖျက်မှုအပေါ် လက်မခံနိုင်ကြောင်း အစဉ်တစိုက်ပင် ပြောဆိုခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။ ဤနေရာတွင် မိမိတို့သည် အဆိုပါကျင်းပမည့် ရွေးကောက်ပွဲသို့ လုံး၀၀င်ရောက်မည်မဟုတ်ကြောင်း တရားဝင် ကြေငြာချက်ထုတ်ကာ ပြောကြားခြင်းဖြင့် အဆိုပါ ပါတီအနေဖြင့် လက်မခံကြောင်းကို ပိုမိုထင်ရှားစွာဖြင့် ထိထိရောက်ရောက် ပြသရာရောက်မည် ဖြစ်သော်ငြားလည်း အဆိုပါနည်းလမ်းကိုမူ မပြုလုပ်နိုင်သေးကြောင်း သတိပြုမိပါသည်။

ထိုသို့မပြုလုပ်နိုင်ခြင်းမှာ
  1. နိုင်ငံတကာမှ ယခုဖွဲ့စည်းပုံနှင့် 2010 ရွေးကောက်ပွဲအား လက်ခံမှုအတိုင်းအတာကို ပါတီအနေဖြင့် သေချာစွာအကဲမဖြတ်နိုင်သေးခြင်း။
  2. အကယ်၍များ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုသည် အားကောင်းခဲ့ပါမူ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခဲ့ပါက ပါတီ၏အနေအထားသည် ဘေးရောက်သွားနိုင်ပါသည်။ အနာဂါတ်မြန်မာနိုင်ငံရေးတွင် ထိုသူတို့၏ နေရာပျောက်သွားမည်ဖြစ်၏။

  3. ဒေါ်စုကြည်ထံမှ မည်သည့်မှတ်ချက်မျိုးမှ ထွက်ပေါ်မလာသေးခြင်း။
    ဤနေရာတွင် ပါတီအနေဖြင့်သော်လည်းကောင်း၊ ပါတီ၏အုပ်ချုပ်မှုအဖွဲ့သည်လည်းကောင်း ဒေါ်စုကြည်၏ ဆုံးဖြတ်မှုမပါပဲ တရားဝင်ကြေငြာချက်ထုတ်ပြန်ဆုံးဖြတ်ရန် များစွာခက်ခဲသည့် ပါတီ၏အနေအထားကို အားလုံးသိရှိပီးဖြစ်သည်။

  4. ဒေါ်စုကြည်အနေဖြင့်လည်း ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသေးခြင်း။
    အကျယ်ချုပ်ကျခံနေရသည် ဆိုစေကာမူ သူမဆုံးဖြတ်ချက်တစ်ခုအား ပါတီမှသိရှိလိုက်နာအောင် အကြောင်းကြားမှုပြုရန်မှာ လွန်စွာလွယ်ကူမှုရှိမည်မှာ အမှန်ပင်ဖြစ်သောကြောင့် သူမကိုယ်တိုင် ဆုံးဖြတ်မှုပြုရန် ခက်ခဲနေသည်ကြောင့်သာ တိကျသော လမ်းကြောင်းတစ်ခု မထွက်လာသေးခြင်း ဖြစ်သည်ဟု ကောက်ချက်ချပါသည်။
    အမှတ် (၁) တွင် ကျွန်တော်ဆိုခဲ့သည့် အချက်သည် သူမအား ဆုံးဖြတ်ချက်ရဲဝံ့စွာချရန် ခက်ခဲစေပုံပေါ်သည်။ ထိုအရာအတွက် အထူးသဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ ဘယ်သို့ဆက်လက်ကာ အစိုးရကို ဖိအားပေးမည်ဆိုသည်ကို လည်းကောင်း အဆိုပါနိုင်ငံများနှင့် အကြေအလည်ဆွေးနွေးရန်မှာ၊ တိုင်ပင်ရန်မှာ (ပွင့်လင်းစွာဆိုရလျှင် လက်ဝါးရိုက် အစီအစဉ်ချရန်မှာ) အဓိကလိုအပ်ချက်ဖြစ်နေမည်ဟု လေ့လာမိပါသည်။ မိမိမှ လက်မခံလိုသည်မှာ သေချာသော်လည်း ထိုသို့သော အဓိက အထောက်ပံ့ပေးနေသည့် နိုင်ငံများနှင့် သေချာသည့် သဘောတူညီချက်မရှိထားပဲ လမ်းကြောင်းအားရွေးချယ်ရန်၊ တရားဝင်ထုတ်ဖော်ပြောဆိုရန်မှာ သူမအား ခက်ခဲစေလိမ့်မည်ဟု ကျွန်တော့်အနေဖြင့် ကောက်ချက်ချ၏။ ထိုသို့ဆွေးနွေးမှုများ ပြုရန်မှာမူ ယခုသူမရင်ဆိုင်နေရသည့် အကျယ်ချုပ်သည် များစွာသော အနှောင့်အယှက်တစ်ခု ဖြစ်လာချေ၏။
ထိုသို့သော အချက်များကို လေ့လာပီးနောက် အဆိုပါအန်အယ်ဒီပါတီ၏ အနေအထားအား ဆက်လက်သုံးသပ်မှု ပြုလိုပါသည်။

အခြေအနေအရပ်ရပ်တို့ကြောင့် ဒေါ်စုကြည်ပေါ်တွင်သာ လုံးဝမှီခိုခဲ့ရသော အဆိုပါပါတီသည် ဒီမိုကရေစီပါတီဖြစ်သော်ငြားလည်း တစ်ဦးတစ်ယောက်၏ အာဏာ ဆုံးဖြတ်ချက်ပေါ်တွင်သာ တည်ခဲ့သည်၊ ဦးတည်လှုပ်ရှားခဲ့သည်ကို (အချို့မှ ငြင်းချက်များထုတ်စေကာမူ) အားလုံးအသိပင်ဖြစ်၏။ ထိုသို့ အနေအထားမမှန်သည့် အတွက်ကြောင့်ပင်လျှင် လက်ရှိအစိုးရအနေဖြင့် ဒေါ်စုကြည်အား ထိန်းသိမ်းထားရုံမျှဖြင့် အတိုက်အခံတို့၏ နိုင်ငံရေးတိုက်ကွက်မှန်သမျှကို အလွယ်တကူပင် ချုပ်ကိုင်နိုင်ခြင်းဖြစ်၏။ အမှန်ဆိုရလျှင်မူ အဆိုပါပါတီမှ နိုင်ငံရေးတိုက်ကွက်ဆိုသည်မှာ လုံးဝထွက်လာခြင်းပင်မရှိ၊ တခါတရံ အစိုးရမှ သေချာရင်ဆိုင်ဖြေရှင်းရသည့် အနည်းငယ်သော လှုပ်ရှားမှုတို့သည် အခြားသော အဖွဲ့အစည်းများ၊ မျိုးဆက်သစ်များထံမှသာ ဖြစ်နေခြင်းသည် ခေါင်းဆောင်ပါတီဆိုသော ဂုဏ်ပုဒ်အတွက် များစွာအံ့အားသင့်စေပါ၏။

ဤနေရာတွင် အန်အယ်ဒီအနေဖြင့် ထိုသို့ဖြစ်နေခြင်းမှာ အဓိကပဲ့ကိုင်သူ ဒေါ်စုကြည်၏မူဝါဒအားနည်းမှု သည်လည်း အကြောင်းရာတစ်ရပ်ဖြစ်ချေ၏။ သူမသည် သေချာသောလမ်းကြောင်းကို ပါတီအတွက် မချမှတ်ခဲ့ပဲ သူမထံမှသာ အာဏာသက်ဆင်းမှုကိုလည်း ပြင်ဆင်ရန်မကြိုးစားခဲ့ပါချေ။ ထို့ပြင် ယခုအနှစ်နှစ်ဆယ်အတွင်း ကြည့်မည်ဆိုလျှင် အရေးပါသည့် အလှည့်အပြောင်း ဆုံးဖြတ်ချက်များအား သေချာတိကျသော လမ်းစဉ်မရှိပဲ ဆန့်ကျင်ရုံချမှတ်ခဲ့ခြင်းပင်ဖြစ်၏။ အထင်ရှားဆုံးပမာဆိုရလျှင် အမျိုးသားညီလာခံမှ ထွက်ခွာရန် မိမိစိတ်ကြိုက်ဆုံးဖြတ်စဉ်က ထွက်ခွာပီးလျှင် မည်သည့်လမ်းစဉ်အား အကောင်အထည်ဖော်မည်၊ မည်သို့ပြုလုပ်မည်ဆိုသည့် လမ်းကြောင်းမျိုးလုံးဝမထားရှိခဲ့ပဲ တရှုးထိုးဆုံးဖြတ်ရုံ သက်သက်သာ ပြုလုပ်ခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် ညီလာခံမှ ထွက်ခွာခဲ့သည့် အဆိုပါပါတီသည် ထိုထွက်ခွာခဲ့မှုနှင့် ထိုက်တန်သည့်၊ ဒီမိုကရေစီလမ်းကြောင်းအား အကျိုးရှိစေမည့် မည်သည့် လှုပ်ရှားမှု၊ လမ်းကြောင်းကိုမှ မပြုလုပ်နိုင်ပဲ အကျိုးမဲ့ အချည်းနှီးဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါတွင်လည်း သူတို့သည် မည်သည့်ဦးတည်ချက်မျှမရှိပဲ မသတ်မှတ်ပဲ ဆုံးဖြတ်ချက်တစ်ခု ချဖို့ အော်နေကြပြန်ပီ ဖြစ်၏။ ထိုသို့ ၀င်ပြိုင်ခြင်း မပြိုင်ခြင်း၏ နောက်ပိုင်းလမ်းစဉ်သည် အဘယ်အရာနည်း။ လွန်ခဲ့သည့် ဆယ်ရှစ်နှစ်ကျော်က ရွေးကောက်ပွဲရလာဒ်ကြီးအကြောင်းလား၊ တွေ့ဆုံးဆွေးနွေးရေးလို့ ခုအော်နေသည့်အရာလား၊ မည်သည့်လမ်းစဉ်ရှိသနည်း။ ထိုသို့မေးခွန်းများအား လေ့လာမိသောကြောင့် နောက်ပိုင်းတွင် ထိုအရာများနှင့်ပက်သက်သည့် အကြောင်းများအား ဆက်လက်ဆွေးနွေးမှု ပြုလိုပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတင်ပါ၏။

မျိုးမြန်မာ

Saturday, August 2, 2008

ပြည်သူ့အတွက်တဲ့လား...

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပီ.. ဟော.. Road Map တဆင့်တက်သွားပီ လို့လဲဆိုရော အသံတွေမျိုးစုံထွက်.. ဟိုလိုဝေဖန်ရတာနဲ့ ဒီလိုကြေငြာချက် ထုတ်ရတာနဲ့ နိုင်ငံရေး အဖွဲ့တွေလည်း အရင်လို ဘာလုပ်ရမှန်းမသိ ပျင်းရိပျင်းတွဲမဟုတ်တော့ပဲ အလုပ်လေးဘာလေးရလို့ စည်စည်ကားကား ရှိလာတာလေးကြည့်.. ထောက်ခံပါရဲ့.. မထောက်ခံပါ အသံမျိုးစုံနားထောင်လို့ ဒီအကြောင်းလေး ရေးဖို့ဖန်လာရပါတယ်လို့ အစပျိုးချင်ပါရဲ့ခင်ဗျာ...

ကျွန်တော်ကတော့ ထောက်ခံမဲထည့်ပီးတော့ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သမို့ အတည်ပြုခဲ့တဲ့ ရာနှုန်းကြီးထဲမှာ သဲတစ်ပွင့်ခေါ်မလား အုတ်တစ်ချပ်ဖြစ်မလား ပါတော့ပါခဲ့ပါရဲ့.. ဘာလို့လဲဆိုတော့ ဒီလမ်းသည်သာ မြန်မာ့အရေးအတွက် တဆင့်တက်သွားစေမဲ့လို့ ယုံကြည်လို့ပါပဲ..

ကျွန်တော့်အနေနဲ့ကတော့ ရှင်းပါတယ်.. ခုလိုအကြပ်အတည်းမှာ ကျွန်တော့နိုင်ငံကြီးရှိနေတာကို ဘယ်လိုလွတ်အောင်လုပ်နိုင်မလဲ.. ဒီနေရာမှာ လက်ညှိုးထိုးမလွဲတဲ့ အတိုက်အခံပါဆိုပီး လက်မထောင်နေတဲ့ လူတွေရဲ့ အရည်အချင်းဟာ သူတို့တော်လှန်ရေးသက်တမ်း လူပျိုဖြစ်လာတာနဲ့လိုက်ပီးကို မေးခွန်းထုတ်စရာ ဖြစ်လာပါရော.. ပြည်သူ့အတွက်ပါလို့ တပြားမှမလျော့အောင် အော်နေပေမဲ့လည်း ပြည်သူ့အတွက် ဆိုတာ လက်တွေ့ရော စာတွေ့မှာပါ ဘာတစ်ခုမှ ထွက်မလာတဲ့အပြင် လုံးခြာလည်ရိုက်ပီး ဘာတွေမှန်းမသိအောင် ဖြစ်နေကြတာတွေ.. အစတော့ စိတ်ပါ.. နောက်တော့ ငွေနောက်ပါပီး စီးပွားရေးသက်သက်လို လုပ်နေကြတဲ့ တော်လှန်ရေးသမားအချို့တွေ.. ဒီလူတွေကို ကြည့်ပီး ညစ်လာတာတော့ အမှန်ပဲဗျ.. လုပ်နေတာပဲလေကွာဆိုရင်လဲ အကျိုးသက်ရောက်မှုဟာ ဘာမှမရှိ၊ ပြည်သူကို ဘယ်နေရာမှမှ အကာကွယ်မလုပ်ပေးနိုင်တဲ့ အပြင် ကျရောက်နေတဲ့ အကျပ်အတည်းတွေကို ပိုဆိုးစေမဲ့ ဖရုံသီးတွေဖြစ်နေတာ.. ထွက်လာသမျှ အစီအစဉ်တွေ စာတမ်းတွေဟာ ဖရုံသီးမက အလေးပြားတွေပါဖြစ်လာနေလို့ ဘူးလေးရာ အလေးဆင့်လို့ စကားပုံတောင် ပြောင်းရမလိုပါပဲ..

ဒါ့အပြင် တချို့တွေကတောင် ဆိုကြသေးသဗျ.. ပြည်သူတွေမှ မပါလာပဲ.. ပြည်သူတွေ ကြောက်မနေကြပါနဲ့.. တိုက်ကြပါ ခိုက်ကြပါ.. ဆိုပီး ပြည်သူ့တောင် သူတို့မအောင်မြင်မှုကို လွှဲချချင်သေးတာ မြင်ရသေးသဗျ.. ဟုတ်ကဲ့.. အဲလိုပြောချင်သပဆိုလည်း ဘာလို့ ပြည်သူ့အတွက်လို့ နာမည်ခံချင်ကြသေးလဲခင်ဗျ.. ပြည်သူဟာ ကိုယ့်ဘာသာ အသက်စွန့်တိုက်ယူရမယ်.. တိုက်တော့လည်း ဒီနေရာမှာ အဲဒီအတိုက်အခံဆိုတာက ရှေ့ဆုံးကနေ တိုက်ပေးမှာလည်း မဟုတ်.. မင်းတို့အသက်စွန့်တိုက်ကြ ငါတော့ ပြည်သူ့အတွက် လုပ်လိုက်ဦးမယ်ဆိုပီး ဘာလုပ်နေမှန်းမသိ ပုံစံကတော့ ဘယ်သူ့က ဘယ်သူ့အတွက် လုပ်ရမှာပါလိမ့်လို့ ခေါင်းတောင်နောက်မိပါရဲ့.. အင်း.. ငါသေသွားရင် မင်းတို့တိုက်လို့ အောင်မြင်ချိန်မှာ ဘယ်သူက တိုင်းပြည်တိုးတက်အောင် နောက်ပိုင်းဦးဆောင်မလဲကွ.. ဗိုလ်ချုပ်မမြင်ဘူးလားဆိုတဲ့ စိတ်မျိုးထားရှာတယ် ထင်ပါ့ အတိုက်အခံတို့ရယ်...

အဲဒီတော့ မင်းတို့ ပြည်သူတွေကြောက်လို့ဆိုရင်လဲ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပီး ကျွန်တော့်အနေနဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်မို့ ပြောချင်ပါ့ဗျာ.. ဟုတ်ပီ အဲလိုပြည်သူတွေရှိတယ်ပေါ့ဗျာ.. ဟော နှစ်ပေါင်းများစွာ ၀ါရင့်နေတဲ့ တော်လှန်ရေးသက်ရင့်ကြီးတွေ.. (ဆိုးတာက ၀ါရင့်တွေဖြစ်လာတာက မအောင်မြင်လွန်းလို့ကိုး) ဒါတွေလည်းရှိတယ်.. နောက်တစ်ခါ ဘယ်လိုတိုက်မယ်.. ဘယ်လိုလုပ်မယ်.. ဆိုတာမျိုး အားကိုးလောက်ဖွယ်စီမံချက်လည်း ဘာမှမရှိ.. ဒါတွေလည်း မြင်နေရတယ်..

ဒီတော့ ဘယ်လိုလုပ်ကြမလဲဗျာ.. မင်းတို့မထောက်ခံကြနဲ့.. ရတာလေးနဲ့ ကျေနပ်လိုက်ရင် ပိုဆိုးသွားမယ်.. ငါတိုက်ပေးမယ်ဆိုရအောင် ဘယ်မလဲ အဲဒီ..ငါ... နိုင်ငံခြားမှာလား.. ထောင်ထဲမှာလား.. ဒီလိုပဲ လိမ်ပိန်ပီး အဲဒီငါကို ဘယ်လောက်ထိစောင့်ရမှာလည်း.. ခပ်ရှင်းရှင်းပြောရင် အတိုက်အခံတွေမှာ လက်ရှိအစိုးရကို ထိခိုက်အောင် လုပ်နိုင်တဲ့စွမ်းရည် မရှိ.. နှလုံးရည်ရော.. လက်ရုံးရည်မှာပါ မယှဉ်နိုင်တာ အထင်းသားကို မြင်နေရတော့လည်း စိတ်အလေသားဗျ..

ပိုဆိုးလာတာက အဲဒီလူတွေဆီက ကိုယ့်ဘာသာ အားကိုးတဲ့စိတ်လုံးဝမရှိပဲ ဟိုနိုင်ငံဝင်တိုက်ပါလား ဒီနိုင်ငံဝင်ဖဲ့ပါလားဆိုတဲ့ ကျွန်လမ်းကို ရွေးလာတာပဲ.. အဲဒီလမ်းကြောင်းဟာ ခံစားရတဲ့နိုင်ငံမှာ side effect ဘယ်လောက်ဆိုးတယ်.. မအောင်မြင်တဲ့စနစ်ဆိုတာ ကုလကော အမေရိကန်ကောလို ကျူးကျော်သူတွေတောင် လက်ခံနေရတဲ့အချိန်မှာ ကိုယ့်ဘာသာတော့ စွန့်စားပီး ဘာမှမလုပ်ချင်ပဲ.. ၀င်ပါတော့ တိုက်ပါတော့ လုပ်နေတဲ့ အဝေးရောက်နိုင်ငံရေးသမားတွေဟာ တကယ့်ကို အော့နှလုံးနာစရာဗျ.. ဒီတော့ ဒီလမ်းကြောင်းဟာ ကျွန်တော်လုံးဝပယ်တယ်ဗျာ.. အင်း.. ဒါပေမဲ့ ၀င်လာလို့ကတော့လည်း ကျွန်တော်ဟာ သေနတ်ဆိုတာမကိုင်ဖူးတဲ့... တပ်မတော်သားမဟုတ်တဲ့ လူတစ်ယောက်ပေမဲ့ နိုင်ငံကာကွယ်ဖို့အတွက် အသက်စွန့်ဖို့တော့ နိုင်ငံသားအနေနဲ့ တာဝန်ရှိတယ်လို့ ယုံကြည်ထားသူတစ်ယောက်အနေနဲ့ စစ်တွေပီးလို့ မြန်မာပြည်မှာ အဲဒီဆိုးကျိုးတွေ ကြုံရမှုကို ကိုယ်တွေ့မြင်နိုင်ဖို့ထိလည်း အသက်ရှင်လျှက် ဖြစ်ချင်မှဖြစ်မှာပေါ့လေ..

ဒီတော့ အကိုတို့ အမတို့ရာ.. မဟုတ်တရုတ် လမ်းကြောင်းကြီး တစ်ခုကို ဇွတ်မျှော်လင့်ရုံကလွဲပီး ဘာမှအရည်အချင်းမရှိတဲ့ လူတစ်စုလို့ မြင်လာတဲ့အချိန်မှာ နောက်ဘယ်နှစ်နှစ်မှန်းမသိတာကို.. အခန့်မသင့်ရင် တိုင်းပြည် သူများလက်အောက် ပြန်ကျသွားနိုင်တဲ့လမ်းကို မစောင့်ကြည့်ချင်တော့ဘူး.. သူတို့ဟာ ပြည်သူ့အတွက် တကယ်ကို လုပ်ချင်ကြသူတွေ.. ကိုယ်ကျိုးစွန့်သူတွေ ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်.. ဒါပေမဲ့ လုပ်နိုင်စွမ်းမရှိကြပါဘူးခင်ဗျ.. အဲဒီတော့ အချိန်ကြာတာနဲ့အမျှ လမ်းကြောင်းဟာ ပြည်သူ့အတွက် သူတို့ဆိုတဲ့နေရာကနေ သူတို့အတွက် ပြည်သူပြန်ဖြစ်သွားအောင် ပြည်သူတွေဟာ အသုံးချခံတွေ.. လှိမ့်ပိန့်ခံသူတွေ ဖြစ်လာကြပါရော..

ဒီတော့ ကျွန်တော် ကိုယ့်ဘာသာ လျောက်ကြည့်တဲ့လမ်းပေါ့ဗျာ.. ဟုတ်ကဲ့ မောင်ငယ်ရင်သွေးဆိုတဲ့ ကျွန်တော်ဟာ သဲတစ်ပွင့်အဖြစ် အစိုးရပြောနေတဲ့ အနာဂါတ်မြန်မာနိုင်ငံသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာစေရန်ဆိုတဲ့ ဖွဲ့စည်းပုံမှာ ပါဝင်ထောက်ခံခဲ့ပါတယ်ခင်ဗျားးး....

အိုကေ.. အမြင်မတူတာလေးတွေ ရှိရင်လည်း ပြန်ပြောပေါ့ဗျာ..

ကျေးဇူးတင်ပါတယ်..
မောင်ငယ်ရင်သွေး

Saturday, June 14, 2008

ဒီနှောင်ကြိုး

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း ပုံမှန်ပြုလုပ်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှု တစ်ခုဖြစ်သော ဒေါ်စုကြည်၏ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုသည် ယခု ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော သူမ၏ ၆၃ နှစ်မြောက် မွေးနေ့တွင်လည်း အစဉ်အလာမပျက် လှုပ်လှုပ်ရှားရှားပင် ရှိခဲ့ပါ၏။ ယခုဆောင်းပါးသည် သူမမွေးနေ့တွင် ထုတ်ပြန်ကြသော အဖွဲ့အစည်းများ၏ ကြေငြာချက်များကို လည်းကောင်း၊ နိုင်ငံတော်တွင် သူမ၏အနေအထားတစ်ခုကိုလည်းကောင်း လေ့လာသုံးသပ်သော ဆောင်းပါးဖြစ်ပါ၏။

ယခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အဖွဲ့စည်းတို့၏ ကြေငြာချက်တို့သည် ယခင်နှစ်စဉ်ထုတ်ပြန်ခဲ့သည့် ပုံစံများမှ အသွင်ပြောင်းလာသည်ကို ထင်ရှားစွာတွေ့ရ၏။ ယခင်ကာလများက မရဲတရဲသာဖော်ပြ ပြောဆိုရဲခဲ့သော ပြည်ပတပ်များ ၀င်ရောက်ရန်ဖိတ်ခေါ်မှုကို ပြောင်ပြောင်တင်းတင်း ရဲဝံ့စွာပင် မိမိအဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကြေငြာချက်များတွင် ထည့်သွင်းလာကြသည်ကို ၀မ်းနည်းဖွယ်ပင် တွေ့ရှိရပါသည်။ ကျွန်တော့်အနေဖြင့် ဤနေရာတွင် ပြောင်ပြောင်တင်းတင်း ရဲဝံ့စွာဟု သုံးခဲ့သည်မှာ အဆိုပါအဖွဲ့အစည်းများ၏ အားလုံးနီးပါးသည် ပြည်ပတွင် အခြေစိုက်ကြသည့် အဖွဲ့များဖြစ်သောကြောင့် ပြည်ပရောက်စဉ်ကတည်းက အစိုးရအား ရဲဝံ့စွာတိုက်ခိုက်ဝံ့ခဲ့ကြသော အဖွဲ့များဖြစ်သည်ကို သိရှိသော်ငြားလည်း ယခင်ကာလများက မြန်မာတစ်ယောက်အနေဖြင့်၊ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် မိမိအသိစိတ်ဖြင့် မပြောဝံ့ခဲ့သည့် စကားကို ယခု ပြောထွက်လာကြခြင်းအား ဆိုလိုခြင်း ဖြစ်ပါ၏။

အဘယ့်ကြောင့်ပါနည်း။

လေ့လာမိသလောက်ဆိုရမည်ဆိုပါလျှင်...

၁) အဖွဲ့အစည်းအား ကိုယ်စားပြုသည့် ကြေငြာချက်ဖြစ်သော်လည်း ထိုကြေငြာချက်အပေါ် အလေးထားမှုသည် မိမိအဖွဲ့၏အနေအထား၊ အဆင့်အတန်းတစ်ခု၊ ပေါ်ပေါက်လာပုံ စသည်တို့အား မိမိတို့စိတ်တွင် ကိုယ်တိုင် လက်ခံ သိရှိနေသည့်အတွက် များစွာလေးနက်မှုမရှိပဲ ပုံမှန်ဘလော့တစ်ခုမှ တစ်ကိုယ်တော်ရေးထုတ်လိုက်သော စာကဲ့သို့သာ ဖြစ်နေခြင်း။ (ထိုအဖွဲ့တို့၏ ကြေငြာချက်များသည်လည်း တကိုယ်တော်ရေးထုတ်လိုက်သော စာများ ဖြစ်နိုင်သည်ကို ၀န်ခံပါသည်)

၂) ယခင်ကာလများက ပေါ်ပေါ်ထင်ထင် ထုတ်ပြောရန်မ၀ံ့ခဲ့သော်လည်း နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံ၏အနေအထားသည် ထိုတိတ်တခိုး ဦးတည် မျှော်လင့်ချက်အား လူသားချင်းစာနာမှုဆိုသည့် အချက်အားအခွင့်ကောင်းယူကာ လူသိရှင်ကြား တိုက်တွန်းရန် ရုပ်ဆိုးခြင်းများစွာမရှိလှသော အချိန်ကောင်းဖြစ်သည်ဟု ယူဆလာကြခြင်း။ (အခြေအနေများအား လေ့လာကြည့်ပါက ထိုသူတို့မျှော်လင့်ခဲ့သည့် တကယ့်အချိန်ကောင်းအား များစွာကျော်လွန်ခဲ့ပီဖြစ်သည်ကို ထင်ရှားစွာမြင်နိုင်ပါ၏)

၃) နိုင်ငံတော်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပီး Road Map ၏အနေအထားသည် စာရွက်ပေါ်မှာထက် များစွာပုံပေါ်လာသောအခါ ထိုနှေးကွေးလှသော Road Map ပါ လမ်းစဉ်များအား ပေါ့တန်စွာ ပျက်ရယ်ပြုဝေဖန်ရာမှ အလန့်တကြားသတိထားမိလာကြပြီး ထိုလမ်းကြောင်းကို ဆန့်ကျင်ရန်လမ်းကြောင်းအား ပူပန်တကြီး ထွက်ပေါက်ရှာ သကဲ့သို့ ပြုလာကြခြင်း
စသည့်အချက်များအား အဓိကထားလေ့လာမိပါ၏။

သို့သော် ကာယကံရှင်ပါတီဟုဆိုနိုင်သော အန်အယ်ဒီပါတီ၏ တရားဝင်ကြေငြာချက်များတွင်ပင် ထိုအချက်အား သတိကြီးစွာ ရှောင်ရှားနေချိန်တွင် အဆိုပါအဖွဲ့အစည်းများ၏ ပေါ့တန်မှု၊ အဆင်ခြင်မဲ့မှုမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ ဤနေရာတွင် အန်အယ်ဒီပါတီအနေဖြင့် ထိုအချက်အား ရှောင်ရှားခြင်းမှာ အစိုးရ၏မျက်မာန်ကို စိုးရွံ့မှုကြောင့်မဟုတ်ပဲ အဆိုပါပါတီ၏ အုပ်ချုပ်မှုအဖွဲ့ကိုယ်တိုင်က မိမိနိုင်ငံအား တိုင်းတပါးတပ်များ ၀င်ရောက်သိမ်းပိုက်ရန် အဖွဲ့အစည်းအနေဖြင့် တရားဝင် တိုက်တွန်းမှုပြုခြင်းငှာ မသင့်ဟူသော ခံယူချက်ကို လေ့လာတွေ့ရှိနိုင်သေးသောကြောင့် ကျွန်တော့အနေဖြင့် များစွာပင် စိတ်သက်သာရာရမိပါ၏။

ထိုအချက်အပေါ် အခြေခံလျှက် ဒေါ်စုကြည်၏ အနေအထားအား ဆက်လက်လေ့လာလိုခြင်း ဖြစ်ပါသည်။

သေချာစွာ လေ့လာကြည့်မည်ဆိုပါလျှင် အတိုက်အခံများ၏ အဆိုပါစိတ်ဓါတ်ပျက်ယွင်းမှုသည် ကြောက်မယ်ဖွယ်ကောင်းလောက်အောင် ပျံ့နှံ့မှုအား ကြီးမားနေခြင်း၊ အချို့သော နိုင်ငံရေးသမားများ၏ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသကဲ့သို့ ပြောဆိုလာကြခြင်းများသည် စိုးရိမ်ဖွယ်၊ ရှက်ရွံ့ဖွယ်အနေအထားတစ်ခုသို့ ရောက်ရှိနေသည်ကို ထင်းလင်းစွာပင် တွေ့မြင်ရပါ၏။ မှားယွင်းလှသော စိတ်အခြေခံ ခိုင်မာစွာဝင်ရောက်နေသော အဆိုပါအတိုက်အခံတို့၏ လှုပ်ရှားမှုတို့သည်၊ အပြောအဆိုတို့သည် အဘယ်မျှထိ ဆိုးရွားပျက်ယွင်းနေသည် ထိုသူတို့မှ ပြုလုပ်သည့် နိုင်ငံရေးဆိုသည်မှာ၊ ယုံကြည်သည့် နိုင်ငံရေးဆိုသည်မှာ အဘယ်မျှလမ်းကြောင်းလွဲနေသည်ကို ထိုအထဲတွင် မြုပ်ဝင်နေသူများ ဖြစ်သောကြောင့် မိမိတို့ကိုယ်ကိုယ် သတိထားမိရန်မလွယ်သော်လည်း၊ ဘေးလူများ အမြင်တွင်သော်လည်းကောင်း၊ အခြားနိုင်ငံများ၏ အမြင်တွင်သော်လည်းကောင်း၊ ပညာရှင်များ၏ အမြင်တွင်သော်လည်းကောင်း ထင်ရှားစွာပင် ပေါ်လွင်လှပါ၏။

အဆိုပါ စိတ်ဓါတ်တို့ ပေါ်ပေါက်လာရခြင်း၏ တရားခံများတွင် စီးပွားရေးပိတ်ဆို့မှုသည် တကယ့် အဓိကတရားခံအဖြစ် ပါဝင်လျှက်ရှိသည်၊ ယခုဖြစ်ပျက်နေသော အခြေအနေများသည် အဆိုပါစီးပွားရေး ပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်ဟု ကျွန်တော့အနေဖြင့် လက်ညှိုးထိုးမည်ဆိုလျှင် သင်တို့သည် မဟုတ်ပါဟု လိပ်ပြာသန့်စွာ ဆိုရဲကြမည်လော။ အထူးသဖြင့် ဒေါ်စုကြည်သည် သူမလေ့လာချက်များကို လစ်လျူရှုကာ စီးပွားရေးပိတ်ဆို့မှု၏ အကျိုးဆက်မဟုတ်ပါဟု ဆိုမည်လော။ ကျွန်တော့်အနေဖြင့် များစွာပင် စိတ်ဝင်စားမိပါ၏။ သူမသည် ယခုနှောင်းပိုင်းအချိန်များတွင် နိုင်ငံရေးလေ့လာမှုများအား ကျွန်တော်တို့ထက် များစွာပြုနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ၀င်ရောက်နေသူဖြစ်ခြင်း ဆိုသော အချက်များကြောင့် ဒေါ်စုကြည်သည် ထိုပိတ်ဆို့မှု၏ ဆိုးဝါးလှသော သက်ရောက်မှုအား ကျွန်တော်တို့ထက် ပိုမိုနှံ့စပ်စွာ သိရှိမည်ဆိုသည်ကို သံသယကင်းစွာ ယုံကြည်ပါ၏။

သို့သော်.. အဘယ့်ကြောင့်ပါနည်း။

ယခု အသက် ၆၃နှစ် ပြည့်ခဲ့ပြီဖြစ်သည့် အချိန်တွင် ဒေါ်စုကြည်သည် ကမ္ဘာသိ မြန်မာသိ အထင်ကရ ခေါင်းဆောင်တစ်ဦး ဘ၀သို့ ရောက်ရှိနေပြီ ဖြစ်သည်မှာ ငြင်းချက်ထုတ်မရနိုင်သော အရာပင်ဖြစ်၏။ ထိုသို့ အနေအထားသို့ ရောက်ရှိရန် မမျှော်လင့်ခဲ့သည့် သူမအနေဖြင့် ဘ၀အစောပိုင်းကာလများတွင် စိတ်နောက်ကိုယ်ပါ အေးချမ်းစွာနေထိုင်ခဲ့သော်ငြားလည်း နောက်ပိုင်းအချိန်များသည်မူ အတိုက်အခိုက်များ ချုပ်နှောင်ထားမှုများအကြားတွင် ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်ကိုလည်း တွေ့နိုင်ပါသည်။

သို့သော်ငြားလည်း သူမရရှိထားသည့်နေရာသည် သူမကိုယ်တိုင် လျောက်လှမ်းရရှိခဲ့သည် ဆိုခြင်းထက် ပုံသွင်းခြင်းကို ခံရကာ ထိုပုံသွင်းသော လမ်းပေါ်တွင် အလိုက်သင့် လျှောက်လှမ်းရရှိခဲ့ခြင်း၊ လျှောက်လှမ်းရင်းမှ မလျှောက်မနေရ လျှောက်လှမ်းရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းတို့ကို လေ့လာတွေ့ရှိရပါ၏။ ဤကဲ့သို့ ဆိုခဲ့သောကြောင့် သူမသည် အနောက်မှပုံသွင်းသမျှ လှုပ်ရှားပေးနေရသော အနောက်လူဖြစ်ပါသည်။ ဘာသည် စသဖြင့် စွပ်စွဲလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်း အတန်ငယ် ရှင်းလင်းလိုပါသည်။

ရရပါစေဆိုသော ဆန္ဒလုံးဝမပါရှိခဲ့ပဲ (ဆန္ဒလုံးဝမရှိခဲ့သည်ကို ကျွန်တော်ခိုင်မာစွာယုံကြည်ပါ၏) လှုပ်ရှားရင်းမှ ရရှိလာသော များပြားလှသည့် ဆုပေါင်းစုံတို့သည်လည်းကောင်း၊ လူတကာ အားကျစေမည့် အနေအထားတစ်ခုကို လမ်းပေါင်းစုံမှ အင်အားတို့ဖြင့် ကမ္ဘာ့အလည်တွင် ဖော်ဆောင်ပေးချက်တို့သည်လည်းကောင်း သူမအား အစိုးရအား ဆန့်ကျင်ရမည့် လမ်းကြောင်းပေါ်တွင် အစဉ်တစိုက် ရပ်တည်သွားစေရန် ပြန်လမ်းမရှိ ပုံဖော်ချပေးခဲ့သကဲ့သို့ ဖြစ်သွားစေပါ၏။ အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းနေမည်၊ လိုအပ်မည်ဟု သိရှိနေသော၊ ယုံကြည်နေသော အချက်များသည် သူမတွင် ရှိခဲ့မည်ဆိုလျှင်တောင် မခံနိုင်တော့လို့ လျှော့ပေးလိုက်ရပီ၊ ဆက်မတိုက်နိုင်တော့ဘူး၊ စသည့်စွပ်စွဲမှုမျိုးစုံတို့သည်လည်းကောင်း၊ အနေအထားတစ်ခုတွင် ရှိနေသည့် သူမနာမည်သည်လည်းကောင်း သူမအား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုပြုရန် လျှောက်လှမ်းဖို့ ခွင့်မပြုပါတော့ချေ။

ထို့ကြောင့်ပင် အနောက်အုပ်စု၏ လိုလားချက်ဖြစ်သော တပ်မတော် အစိုးရအလုံးစုံ ပြုတ်ကျသွားရေးသည်သာ မြန်မာ့သမိုင်းကြောင်း အနေအထားကြောင့် ခက်ခဲသည်ကို သိလျှက်၊ နိုင်ငံအတွက် နစ်နာမှုများစွာဖြင့် နစ်မွန်းမည်ကို သိလျှက်နှင့်ပင်၊ သူမအနေဖြင့် ဆုပ်ကိုင်ရမည်ဖြစ်ပါ၏။ အစဉ်တစိုက် ဆန့်ကျင်ရန်လမ်းကြောင်းကိုသာ လျောက်လှမ်းရမည်ဖြစ်ပါ၏။ အဆိုပါအချက်သည် အနောက်အုပ်စု အလိုဖြစ်သော်လည်း သူတို့အလိုကို ဖြည့်ရန်လျောက်လှမ်းခြင်းဟု ကျွန်တော်မမြင်ပါ။ ထိုအရာသည် ဒေါ်စုကြည်ဆိုသည့် နာမည်အတွက်ဖြစ်၏။ ကမ္ဘာ့အလည်တွင် ဒီမိုကရေစီသူရဲကောင်းတစ်ဦးအဖြစ် ပုံသွင်းခံခဲ့ရသည့် သူမ၏အနေအထားအတွက် ဖြစ်၏။ အစိုးရအား ရဲရဲတောက် အစဉ်တစိုက် တော်လှန်ခဲ့သူဟူသော ပုံဖော်ခံထားရသည့် သူမဂုဏ်အင်အတွက် ဖြစ်၏။ အခြားရွေးချယ်ရန် လမ်းမရှိပါချေ။

ဒေါ်စုကြည်အနေဖြင့် တပ်မတော်အစိုးရအား အလျော့အတင်းမရှိဟု အစဉ်တစိုက်စွပ်စွဲမှုပြုခဲ့သော်ငြားလည်း မိမိဘက်မှမူ ခြွင်းချက်မရှိ တပ်မတော်အစိုးရ ပြုတ်ကျရေး အချက်ကိုသာ အသေဆုပ်ကိုင်ကာ ဆွေးနွေးညှိနှိုင်းမှု ပြုခဲ့သည့်အတွက်လည်း ဘယ်ဘက်ကမှ မလျော့သည့် များပြားလှသော ဆွေးနွေးပွဲတို့သည် အဟောသိကံ ဖြစ်ခဲ့သည်မှာလည်း အထင်အရှားရှိလှပါချေ၏။ ထိုသို့ ပုံသွင်းပေးထားသည့် လမ်းကြောင်းတစ်ခုကိုသာ မဖြစ်မနေဆုပ်ကိုင်ရတော့မည့် အခြေအနေတွင်ရောက်ရှိနေသော၊ ပူးပေါင်းဆောင်ရွက်ရန် ကြောက်ရွံ့နေရပီဖြစ်သော သူမအား ညှိနှိုင်းဆွေးနွေးရန် ကြိုးစားခဲ့သော တပ်မတော်အစိုးရအနေဖြင့်လည်း အချိန်ကုန် လူပန်း ဖြစ်ခဲ့ရသည်ကို လေ့လာနိုင်ပါ၏။

ယခု သူမအနေဖြင့် နိုင်ငံတော်တိုးတက်ရေးလမ်းကြောင်းတွင် တပ်မတော်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရမည့် အချက်ပါရှိခဲ့လျှင်တောင်၊ ယုံကြည်လျှင်တောင် ထိုအချက်အား ရွေးချယ်ရန် မဖြစ်နိုင်ပါချေ။ အမှန်တကယ်လည်း ခဲယဉ်းသောအချက်ဖြစ်ချေ၏။ မိမိအနေဖြင့် နိုင်ငံတွင် လိုအပ်မှုကြောင့် ရိုးရှင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်လျှင်တောင် ဒေါ်စုလဲ နောက်ဆုံးတော့လည်း သွားတာပါပဲဆိုသော အပြောမျိုးဖြင့် ရင်ဆိုင်ရမည့် လမ်းကြောင်းကို သမိုင်းဝင် ကြီးကျယ်ခမ်းနားလှသော အနေအထားတစ်ခုအား ဆန့်ကျင်လျှက် ပြုလုပ်ရန်မှာ တော်ရုံစိတ်ဓါတ်အားဖြင့် မရနိုင်ပါချေ။ မိမိအဆင့်အတန်း ကြီးမားမြင့်မားလေလေ ထိုအဆင့်အတန်း၏ အရှိန်အဟုန်မှ လွတ်ကင်းစွာ တကယ်လိုအပ်သည် ထင်သည့်အတိုင်း လျှောက်လှမ်းရန်မှာ ခက်ခဲလေလေဖြစ်၏။ သို့သော် ပိုမိုခက်ခဲသွားစေသည်မှာ ဒေါ်စုကြည်သည် ကျွန်တော်ယခင်ဆောင်းပါးများတွင် ဆိုခဲ့ဘူးသကဲ့သို့ စိတ်ဓါတ်ယိမ်းယိုင် ပျော့ပျောင်းသူဖြစ်သောကြောင့် သူမအနေဖြင့် အထင်ကရ ထိခိုက်မှုထင်ရှားလှသည့် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သည့်စကား၊ အနောက်အုပ်စုအား ဆန့်ကျင်သည့်စကားများအား လေသံမျှပင် မဟ၀ံ့သည်အထိ ဖြစ်နေခြင်းပင် ဖြစ်၏။ ထိုမျှထိမူ မလိုအပ်လှဟု ထင်မိပါသည်။ အဆိုပါအချက်များသည် တိုင်းပြည်အကျိုး ဖြစ်ထွန်းစေရုံမှအပ လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟုလည်း မဆိုနိုင်လောက်ပါချေ။

ယခုမူ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဒေါ်စုကြည်သည် ပုံဖော်ပေးထားသော လမ်းကြောင်းအတိုင်း လျောက်လှမ်းရင်းဖြင့်သာ သူမနာမည်ကိုထိန်းသိမ်းရုံမှအပ အခြားလမ်းရွေးချယ်ရန် လွန်စွာမလွယ်ကူပါတော့ချေ။

လောက၏ နှောင်ကြိုးတို့တွင် မိမိကို မြှင့်တင်ပေးသော နှောင်ကြိုးသည် သိက္ခာရှိသူတစ်ဦးအတွက် ဆန့်ကျင်ရအခက်ဆုံးဖြစ်သည်ဆိုသည်ကို ကျွန်တော်မျိုးမြန်မာ လေ့လာတွေ့ရှိရပါ၏။ သို့သော် ကျွန်တော့်အနေဖြင့်မူ မိမိအမည်ထက်လည်းကောင်း၊ အဆင့်အတန်းတစ်ခုထက်လည်းကောင်း နိုင်ငံအကျိုးသည်သာ ပဓါနဖြစ်သည်ဟု ယုံကြည်မိပါ၏။ ထိုသို့ယုံကြည်မိသော်ငြားလည်း နိုင်ငံအကျိုးအတွက် မိမိအမည်အား စွန့်လွှတ်ကြေးဆိုလျှင်တောင် ယခုရေးသားနေသည့် ကျွန်တော်မျိုးမြန်မာပေးရမည့် အရင်းအနှီးသည် ဒေါ်စုကြည်ထက် အဆပေါင်းများစွာ နည်းပါးလှသည်ကို စဉ်းစားမိသောအခါ ....

စာနာနားလည်မိရင်းဖြင့်

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

Sunday, May 25, 2008

ဒီမိုအတိုက်ခံများ၊ ဒီမိုဘလော့ဂါများ၏ ဂုဏ်ရည် (၁၃) ရပ်

ဟုတ်ကဲခင်ဗျာ.. ကျွန်တော်လေ့လာမိတဲ့ မြန်မာ့အတိုက်အခံ ဒီမိုသမားတွေ၊ ဘလော့ဂါတွေဆိုတာဟာ

၁) တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာပဲ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့တောင် ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ကြသူများဖြစ်ပါတယ်ခင်ဗျ..

၂) စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေးစစ်သားပေါင်းများစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၃) စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပီလို့ အော်နေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့.. အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောနိုင်တဲ့ ဆွံ့အသူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၎) မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ တရားစွဲမတတ်ထိကို ဖြစ်နေပြီး တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ၇ည်ရွယ်တာရော.. နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိနိုင်တဲ့ သူတွေ၊ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ ဖြစ်နေပြန်ပါသေးသဗျ..

၅) အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပစ်တင်နေချိန်မှာပဲ အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင်မထားတော့တဲ့ ခြေရှုပ်မှုတွေ.. သတင်းဖလှယ်တာတွေ.. လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၆) အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး.. ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ.. တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် ပြုလုပ်ကြသူများလည်း ဖြစ်နေပြန်ပါတယ်ခင်ဗျ..

၇) အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို ပစ်တင်နေသူများဟာ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့လည်း နိုင်ငံတကာမှာ မမြင်နိုင်သူများ ဖြစ်နေပါတယ်ဗျ..

၈) တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲနေကြပီး.. တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြော.. အဲလိုပြစ်မှုတွေနဲ့ ပြည်ပထွက်ပြေးလာရင်တောင် ဆီးကြိုနေရာပေးခြင်းများကိုလည်း ပြုလုပ်ကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၉) မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပီလို့ အားရ၀မ်းသာကြေငြာပစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ေ၇ာက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့လည်း လစ်လျူရှုနိုင်သူများ ဖြစ်ကြပါတယ်ခင်ဗျ..

၁၀) မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးသော အဲဒီလူတွေဟာ ဘလော့တွေမှာဆိုလဲ ဘန်းပစ်တာတွေ.. သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ.. ကော်မန့်တွေ ဖျက်ပစ်တာတွေကို အစဉ်တစိုက်လုပ်ဆောင်နေတာကိုလဲ နေရာအားလုံးလိုလိုမှာ အံ့သြောစွာမြင်နိုင်သူများလဲ ဖြစ်နေပြန်ပါရောဗျ..

၁၁) အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတောင်တင်.. အဲဒါတွေကိုးကားပီး ဝေဖန်.. လုပ်ကြံအင်တာဗျူးတွေလွှင့်.. စတာတွေကိုလဲ မရိုးမသား လုပ်နေကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၁၂) ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး.. နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်.. ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်ကအသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန်အစရှိတဲ့ သင်္ဘောတွေ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ ကြံစည်ရက်သူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၁၃) နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုတောင် နားမလည်ပဲ ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ရုံတင်မက သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင်ဆန်လွန်းလှတာကိုလဲ တွေ့ရပါတယ်ခင်ဗျ..

ဟုတ်ကဲ့ခင်ဗျာ.. ဒီလိုမြင်ပီးသကာလမှ ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ ငါဘာလဲ.. သူဘာလဲ.. ငါဘာကောင်းလဲ.. သူဘာကောင်းလဲ.. ငါဘယ်လောက်ရိုးသားလဲ.. သူဘယ်လောက်ရိုးသားလဲ.. အကိုတွေ အမတွေ စဉ်းစားစေချင်ပါတယ်.. ဒီ အတိုက်အခံဒီမိုတွေ၊ ဘလော့ဂါတွေရဲ့ ဂုဏ်ရည် ၁၃ ရပ်ဟာ တကယ်ဟုတ်နေလား မဟုတ်ဘူးလားဆိုတာလဲ ကိုယ့်ဘာသာစဉ်းစားလို့ရပါတယ်ခင်ဗျ..

အားလုံးကျေးဇူးတင်ပါတယ်
မောင်ငယ်ရင်သွေး