Saturday, June 14, 2008

ဒီနှောင်ကြိုး

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း ပုံမှန်ပြုလုပ်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှု တစ်ခုဖြစ်သော ဒေါ်စုကြည်၏ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုသည် ယခု ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော သူမ၏ ၆၃ နှစ်မြောက် မွေးနေ့တွင်လည်း အစဉ်အလာမပျက် လှုပ်လှုပ်ရှားရှားပင် ရှိခဲ့ပါ၏။ ယခုဆောင်းပါးသည် သူမမွေးနေ့တွင် ထုတ်ပြန်ကြသော အဖွဲ့အစည်းများ၏ ကြေငြာချက်များကို လည်းကောင်း၊ နိုင်ငံတော်တွင် သူမ၏အနေအထားတစ်ခုကိုလည်းကောင်း လေ့လာသုံးသပ်သော ဆောင်းပါးဖြစ်ပါ၏။

ယခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အဖွဲ့စည်းတို့၏ ကြေငြာချက်တို့သည် ယခင်နှစ်စဉ်ထုတ်ပြန်ခဲ့သည့် ပုံစံများမှ အသွင်ပြောင်းလာသည်ကို ထင်ရှားစွာတွေ့ရ၏။ ယခင်ကာလများက မရဲတရဲသာဖော်ပြ ပြောဆိုရဲခဲ့သော ပြည်ပတပ်များ ၀င်ရောက်ရန်ဖိတ်ခေါ်မှုကို ပြောင်ပြောင်တင်းတင်း ရဲဝံ့စွာပင် မိမိအဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကြေငြာချက်များတွင် ထည့်သွင်းလာကြသည်ကို ၀မ်းနည်းဖွယ်ပင် တွေ့ရှိရပါသည်။ ကျွန်တော့်အနေဖြင့် ဤနေရာတွင် ပြောင်ပြောင်တင်းတင်း ရဲဝံ့စွာဟု သုံးခဲ့သည်မှာ အဆိုပါအဖွဲ့အစည်းများ၏ အားလုံးနီးပါးသည် ပြည်ပတွင် အခြေစိုက်ကြသည့် အဖွဲ့များဖြစ်သောကြောင့် ပြည်ပရောက်စဉ်ကတည်းက အစိုးရအား ရဲဝံ့စွာတိုက်ခိုက်ဝံ့ခဲ့ကြသော အဖွဲ့များဖြစ်သည်ကို သိရှိသော်ငြားလည်း ယခင်ကာလများက မြန်မာတစ်ယောက်အနေဖြင့်၊ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် မိမိအသိစိတ်ဖြင့် မပြောဝံ့ခဲ့သည့် စကားကို ယခု ပြောထွက်လာကြခြင်းအား ဆိုလိုခြင်း ဖြစ်ပါ၏။

အဘယ့်ကြောင့်ပါနည်း။

လေ့လာမိသလောက်ဆိုရမည်ဆိုပါလျှင်...

၁) အဖွဲ့အစည်းအား ကိုယ်စားပြုသည့် ကြေငြာချက်ဖြစ်သော်လည်း ထိုကြေငြာချက်အပေါ် အလေးထားမှုသည် မိမိအဖွဲ့၏အနေအထား၊ အဆင့်အတန်းတစ်ခု၊ ပေါ်ပေါက်လာပုံ စသည်တို့အား မိမိတို့စိတ်တွင် ကိုယ်တိုင် လက်ခံ သိရှိနေသည့်အတွက် များစွာလေးနက်မှုမရှိပဲ ပုံမှန်ဘလော့တစ်ခုမှ တစ်ကိုယ်တော်ရေးထုတ်လိုက်သော စာကဲ့သို့သာ ဖြစ်နေခြင်း။ (ထိုအဖွဲ့တို့၏ ကြေငြာချက်များသည်လည်း တကိုယ်တော်ရေးထုတ်လိုက်သော စာများ ဖြစ်နိုင်သည်ကို ၀န်ခံပါသည်)

၂) ယခင်ကာလများက ပေါ်ပေါ်ထင်ထင် ထုတ်ပြောရန်မ၀ံ့ခဲ့သော်လည်း နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံ၏အနေအထားသည် ထိုတိတ်တခိုး ဦးတည် မျှော်လင့်ချက်အား လူသားချင်းစာနာမှုဆိုသည့် အချက်အားအခွင့်ကောင်းယူကာ လူသိရှင်ကြား တိုက်တွန်းရန် ရုပ်ဆိုးခြင်းများစွာမရှိလှသော အချိန်ကောင်းဖြစ်သည်ဟု ယူဆလာကြခြင်း။ (အခြေအနေများအား လေ့လာကြည့်ပါက ထိုသူတို့မျှော်လင့်ခဲ့သည့် တကယ့်အချိန်ကောင်းအား များစွာကျော်လွန်ခဲ့ပီဖြစ်သည်ကို ထင်ရှားစွာမြင်နိုင်ပါ၏)

၃) နိုင်ငံတော်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပီး Road Map ၏အနေအထားသည် စာရွက်ပေါ်မှာထက် များစွာပုံပေါ်လာသောအခါ ထိုနှေးကွေးလှသော Road Map ပါ လမ်းစဉ်များအား ပေါ့တန်စွာ ပျက်ရယ်ပြုဝေဖန်ရာမှ အလန့်တကြားသတိထားမိလာကြပြီး ထိုလမ်းကြောင်းကို ဆန့်ကျင်ရန်လမ်းကြောင်းအား ပူပန်တကြီး ထွက်ပေါက်ရှာ သကဲ့သို့ ပြုလာကြခြင်း
စသည့်အချက်များအား အဓိကထားလေ့လာမိပါ၏။

သို့သော် ကာယကံရှင်ပါတီဟုဆိုနိုင်သော အန်အယ်ဒီပါတီ၏ တရားဝင်ကြေငြာချက်များတွင်ပင် ထိုအချက်အား သတိကြီးစွာ ရှောင်ရှားနေချိန်တွင် အဆိုပါအဖွဲ့အစည်းများ၏ ပေါ့တန်မှု၊ အဆင်ခြင်မဲ့မှုမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ ဤနေရာတွင် အန်အယ်ဒီပါတီအနေဖြင့် ထိုအချက်အား ရှောင်ရှားခြင်းမှာ အစိုးရ၏မျက်မာန်ကို စိုးရွံ့မှုကြောင့်မဟုတ်ပဲ အဆိုပါပါတီ၏ အုပ်ချုပ်မှုအဖွဲ့ကိုယ်တိုင်က မိမိနိုင်ငံအား တိုင်းတပါးတပ်များ ၀င်ရောက်သိမ်းပိုက်ရန် အဖွဲ့အစည်းအနေဖြင့် တရားဝင် တိုက်တွန်းမှုပြုခြင်းငှာ မသင့်ဟူသော ခံယူချက်ကို လေ့လာတွေ့ရှိနိုင်သေးသောကြောင့် ကျွန်တော့အနေဖြင့် များစွာပင် စိတ်သက်သာရာရမိပါ၏။

ထိုအချက်အပေါ် အခြေခံလျှက် ဒေါ်စုကြည်၏ အနေအထားအား ဆက်လက်လေ့လာလိုခြင်း ဖြစ်ပါသည်။

သေချာစွာ လေ့လာကြည့်မည်ဆိုပါလျှင် အတိုက်အခံများ၏ အဆိုပါစိတ်ဓါတ်ပျက်ယွင်းမှုသည် ကြောက်မယ်ဖွယ်ကောင်းလောက်အောင် ပျံ့နှံ့မှုအား ကြီးမားနေခြင်း၊ အချို့သော နိုင်ငံရေးသမားများ၏ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသကဲ့သို့ ပြောဆိုလာကြခြင်းများသည် စိုးရိမ်ဖွယ်၊ ရှက်ရွံ့ဖွယ်အနေအထားတစ်ခုသို့ ရောက်ရှိနေသည်ကို ထင်းလင်းစွာပင် တွေ့မြင်ရပါ၏။ မှားယွင်းလှသော စိတ်အခြေခံ ခိုင်မာစွာဝင်ရောက်နေသော အဆိုပါအတိုက်အခံတို့၏ လှုပ်ရှားမှုတို့သည်၊ အပြောအဆိုတို့သည် အဘယ်မျှထိ ဆိုးရွားပျက်ယွင်းနေသည် ထိုသူတို့မှ ပြုလုပ်သည့် နိုင်ငံရေးဆိုသည်မှာ၊ ယုံကြည်သည့် နိုင်ငံရေးဆိုသည်မှာ အဘယ်မျှလမ်းကြောင်းလွဲနေသည်ကို ထိုအထဲတွင် မြုပ်ဝင်နေသူများ ဖြစ်သောကြောင့် မိမိတို့ကိုယ်ကိုယ် သတိထားမိရန်မလွယ်သော်လည်း၊ ဘေးလူများ အမြင်တွင်သော်လည်းကောင်း၊ အခြားနိုင်ငံများ၏ အမြင်တွင်သော်လည်းကောင်း၊ ပညာရှင်များ၏ အမြင်တွင်သော်လည်းကောင်း ထင်ရှားစွာပင် ပေါ်လွင်လှပါ၏။

အဆိုပါ စိတ်ဓါတ်တို့ ပေါ်ပေါက်လာရခြင်း၏ တရားခံများတွင် စီးပွားရေးပိတ်ဆို့မှုသည် တကယ့် အဓိကတရားခံအဖြစ် ပါဝင်လျှက်ရှိသည်၊ ယခုဖြစ်ပျက်နေသော အခြေအနေများသည် အဆိုပါစီးပွားရေး ပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်ဟု ကျွန်တော့အနေဖြင့် လက်ညှိုးထိုးမည်ဆိုလျှင် သင်တို့သည် မဟုတ်ပါဟု လိပ်ပြာသန့်စွာ ဆိုရဲကြမည်လော။ အထူးသဖြင့် ဒေါ်စုကြည်သည် သူမလေ့လာချက်များကို လစ်လျူရှုကာ စီးပွားရေးပိတ်ဆို့မှု၏ အကျိုးဆက်မဟုတ်ပါဟု ဆိုမည်လော။ ကျွန်တော့်အနေဖြင့် များစွာပင် စိတ်ဝင်စားမိပါ၏။ သူမသည် ယခုနှောင်းပိုင်းအချိန်များတွင် နိုင်ငံရေးလေ့လာမှုများအား ကျွန်တော်တို့ထက် များစွာပြုနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ၀င်ရောက်နေသူဖြစ်ခြင်း ဆိုသော အချက်များကြောင့် ဒေါ်စုကြည်သည် ထိုပိတ်ဆို့မှု၏ ဆိုးဝါးလှသော သက်ရောက်မှုအား ကျွန်တော်တို့ထက် ပိုမိုနှံ့စပ်စွာ သိရှိမည်ဆိုသည်ကို သံသယကင်းစွာ ယုံကြည်ပါ၏။

သို့သော်.. အဘယ့်ကြောင့်ပါနည်း။

ယခု အသက် ၆၃နှစ် ပြည့်ခဲ့ပြီဖြစ်သည့် အချိန်တွင် ဒေါ်စုကြည်သည် ကမ္ဘာသိ မြန်မာသိ အထင်ကရ ခေါင်းဆောင်တစ်ဦး ဘ၀သို့ ရောက်ရှိနေပြီ ဖြစ်သည်မှာ ငြင်းချက်ထုတ်မရနိုင်သော အရာပင်ဖြစ်၏။ ထိုသို့ အနေအထားသို့ ရောက်ရှိရန် မမျှော်လင့်ခဲ့သည့် သူမအနေဖြင့် ဘ၀အစောပိုင်းကာလများတွင် စိတ်နောက်ကိုယ်ပါ အေးချမ်းစွာနေထိုင်ခဲ့သော်ငြားလည်း နောက်ပိုင်းအချိန်များသည်မူ အတိုက်အခိုက်များ ချုပ်နှောင်ထားမှုများအကြားတွင် ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်ကိုလည်း တွေ့နိုင်ပါသည်။

သို့သော်ငြားလည်း သူမရရှိထားသည့်နေရာသည် သူမကိုယ်တိုင် လျောက်လှမ်းရရှိခဲ့သည် ဆိုခြင်းထက် ပုံသွင်းခြင်းကို ခံရကာ ထိုပုံသွင်းသော လမ်းပေါ်တွင် အလိုက်သင့် လျှောက်လှမ်းရရှိခဲ့ခြင်း၊ လျှောက်လှမ်းရင်းမှ မလျှောက်မနေရ လျှောက်လှမ်းရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းတို့ကို လေ့လာတွေ့ရှိရပါ၏။ ဤကဲ့သို့ ဆိုခဲ့သောကြောင့် သူမသည် အနောက်မှပုံသွင်းသမျှ လှုပ်ရှားပေးနေရသော အနောက်လူဖြစ်ပါသည်။ ဘာသည် စသဖြင့် စွပ်စွဲလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်း အတန်ငယ် ရှင်းလင်းလိုပါသည်။

ရရပါစေဆိုသော ဆန္ဒလုံးဝမပါရှိခဲ့ပဲ (ဆန္ဒလုံးဝမရှိခဲ့သည်ကို ကျွန်တော်ခိုင်မာစွာယုံကြည်ပါ၏) လှုပ်ရှားရင်းမှ ရရှိလာသော များပြားလှသည့် ဆုပေါင်းစုံတို့သည်လည်းကောင်း၊ လူတကာ အားကျစေမည့် အနေအထားတစ်ခုကို လမ်းပေါင်းစုံမှ အင်အားတို့ဖြင့် ကမ္ဘာ့အလည်တွင် ဖော်ဆောင်ပေးချက်တို့သည်လည်းကောင်း သူမအား အစိုးရအား ဆန့်ကျင်ရမည့် လမ်းကြောင်းပေါ်တွင် အစဉ်တစိုက် ရပ်တည်သွားစေရန် ပြန်လမ်းမရှိ ပုံဖော်ချပေးခဲ့သကဲ့သို့ ဖြစ်သွားစေပါ၏။ အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းနေမည်၊ လိုအပ်မည်ဟု သိရှိနေသော၊ ယုံကြည်နေသော အချက်များသည် သူမတွင် ရှိခဲ့မည်ဆိုလျှင်တောင် မခံနိုင်တော့လို့ လျှော့ပေးလိုက်ရပီ၊ ဆက်မတိုက်နိုင်တော့ဘူး၊ စသည့်စွပ်စွဲမှုမျိုးစုံတို့သည်လည်းကောင်း၊ အနေအထားတစ်ခုတွင် ရှိနေသည့် သူမနာမည်သည်လည်းကောင်း သူမအား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုပြုရန် လျှောက်လှမ်းဖို့ ခွင့်မပြုပါတော့ချေ။

ထို့ကြောင့်ပင် အနောက်အုပ်စု၏ လိုလားချက်ဖြစ်သော တပ်မတော် အစိုးရအလုံးစုံ ပြုတ်ကျသွားရေးသည်သာ မြန်မာ့သမိုင်းကြောင်း အနေအထားကြောင့် ခက်ခဲသည်ကို သိလျှက်၊ နိုင်ငံအတွက် နစ်နာမှုများစွာဖြင့် နစ်မွန်းမည်ကို သိလျှက်နှင့်ပင်၊ သူမအနေဖြင့် ဆုပ်ကိုင်ရမည်ဖြစ်ပါ၏။ အစဉ်တစိုက် ဆန့်ကျင်ရန်လမ်းကြောင်းကိုသာ လျောက်လှမ်းရမည်ဖြစ်ပါ၏။ အဆိုပါအချက်သည် အနောက်အုပ်စု အလိုဖြစ်သော်လည်း သူတို့အလိုကို ဖြည့်ရန်လျောက်လှမ်းခြင်းဟု ကျွန်တော်မမြင်ပါ။ ထိုအရာသည် ဒေါ်စုကြည်ဆိုသည့် နာမည်အတွက်ဖြစ်၏။ ကမ္ဘာ့အလည်တွင် ဒီမိုကရေစီသူရဲကောင်းတစ်ဦးအဖြစ် ပုံသွင်းခံခဲ့ရသည့် သူမ၏အနေအထားအတွက် ဖြစ်၏။ အစိုးရအား ရဲရဲတောက် အစဉ်တစိုက် တော်လှန်ခဲ့သူဟူသော ပုံဖော်ခံထားရသည့် သူမဂုဏ်အင်အတွက် ဖြစ်၏။ အခြားရွေးချယ်ရန် လမ်းမရှိပါချေ။

ဒေါ်စုကြည်အနေဖြင့် တပ်မတော်အစိုးရအား အလျော့အတင်းမရှိဟု အစဉ်တစိုက်စွပ်စွဲမှုပြုခဲ့သော်ငြားလည်း မိမိဘက်မှမူ ခြွင်းချက်မရှိ တပ်မတော်အစိုးရ ပြုတ်ကျရေး အချက်ကိုသာ အသေဆုပ်ကိုင်ကာ ဆွေးနွေးညှိနှိုင်းမှု ပြုခဲ့သည့်အတွက်လည်း ဘယ်ဘက်ကမှ မလျော့သည့် များပြားလှသော ဆွေးနွေးပွဲတို့သည် အဟောသိကံ ဖြစ်ခဲ့သည်မှာလည်း အထင်အရှားရှိလှပါချေ၏။ ထိုသို့ ပုံသွင်းပေးထားသည့် လမ်းကြောင်းတစ်ခုကိုသာ မဖြစ်မနေဆုပ်ကိုင်ရတော့မည့် အခြေအနေတွင်ရောက်ရှိနေသော၊ ပူးပေါင်းဆောင်ရွက်ရန် ကြောက်ရွံ့နေရပီဖြစ်သော သူမအား ညှိနှိုင်းဆွေးနွေးရန် ကြိုးစားခဲ့သော တပ်မတော်အစိုးရအနေဖြင့်လည်း အချိန်ကုန် လူပန်း ဖြစ်ခဲ့ရသည်ကို လေ့လာနိုင်ပါ၏။

ယခု သူမအနေဖြင့် နိုင်ငံတော်တိုးတက်ရေးလမ်းကြောင်းတွင် တပ်မတော်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရမည့် အချက်ပါရှိခဲ့လျှင်တောင်၊ ယုံကြည်လျှင်တောင် ထိုအချက်အား ရွေးချယ်ရန် မဖြစ်နိုင်ပါချေ။ အမှန်တကယ်လည်း ခဲယဉ်းသောအချက်ဖြစ်ချေ၏။ မိမိအနေဖြင့် နိုင်ငံတွင် လိုအပ်မှုကြောင့် ရိုးရှင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်လျှင်တောင် ဒေါ်စုလဲ နောက်ဆုံးတော့လည်း သွားတာပါပဲဆိုသော အပြောမျိုးဖြင့် ရင်ဆိုင်ရမည့် လမ်းကြောင်းကို သမိုင်းဝင် ကြီးကျယ်ခမ်းနားလှသော အနေအထားတစ်ခုအား ဆန့်ကျင်လျှက် ပြုလုပ်ရန်မှာ တော်ရုံစိတ်ဓါတ်အားဖြင့် မရနိုင်ပါချေ။ မိမိအဆင့်အတန်း ကြီးမားမြင့်မားလေလေ ထိုအဆင့်အတန်း၏ အရှိန်အဟုန်မှ လွတ်ကင်းစွာ တကယ်လိုအပ်သည် ထင်သည့်အတိုင်း လျှောက်လှမ်းရန်မှာ ခက်ခဲလေလေဖြစ်၏။ သို့သော် ပိုမိုခက်ခဲသွားစေသည်မှာ ဒေါ်စုကြည်သည် ကျွန်တော်ယခင်ဆောင်းပါးများတွင် ဆိုခဲ့ဘူးသကဲ့သို့ စိတ်ဓါတ်ယိမ်းယိုင် ပျော့ပျောင်းသူဖြစ်သောကြောင့် သူမအနေဖြင့် အထင်ကရ ထိခိုက်မှုထင်ရှားလှသည့် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သည့်စကား၊ အနောက်အုပ်စုအား ဆန့်ကျင်သည့်စကားများအား လေသံမျှပင် မဟ၀ံ့သည်အထိ ဖြစ်နေခြင်းပင် ဖြစ်၏။ ထိုမျှထိမူ မလိုအပ်လှဟု ထင်မိပါသည်။ အဆိုပါအချက်များသည် တိုင်းပြည်အကျိုး ဖြစ်ထွန်းစေရုံမှအပ လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟုလည်း မဆိုနိုင်လောက်ပါချေ။

ယခုမူ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဒေါ်စုကြည်သည် ပုံဖော်ပေးထားသော လမ်းကြောင်းအတိုင်း လျောက်လှမ်းရင်းဖြင့်သာ သူမနာမည်ကိုထိန်းသိမ်းရုံမှအပ အခြားလမ်းရွေးချယ်ရန် လွန်စွာမလွယ်ကူပါတော့ချေ။

လောက၏ နှောင်ကြိုးတို့တွင် မိမိကို မြှင့်တင်ပေးသော နှောင်ကြိုးသည် သိက္ခာရှိသူတစ်ဦးအတွက် ဆန့်ကျင်ရအခက်ဆုံးဖြစ်သည်ဆိုသည်ကို ကျွန်တော်မျိုးမြန်မာ လေ့လာတွေ့ရှိရပါ၏။ သို့သော် ကျွန်တော့်အနေဖြင့်မူ မိမိအမည်ထက်လည်းကောင်း၊ အဆင့်အတန်းတစ်ခုထက်လည်းကောင်း နိုင်ငံအကျိုးသည်သာ ပဓါနဖြစ်သည်ဟု ယုံကြည်မိပါ၏။ ထိုသို့ယုံကြည်မိသော်ငြားလည်း နိုင်ငံအကျိုးအတွက် မိမိအမည်အား စွန့်လွှတ်ကြေးဆိုလျှင်တောင် ယခုရေးသားနေသည့် ကျွန်တော်မျိုးမြန်မာပေးရမည့် အရင်းအနှီးသည် ဒေါ်စုကြည်ထက် အဆပေါင်းများစွာ နည်းပါးလှသည်ကို စဉ်းစားမိသောအခါ ....

စာနာနားလည်မိရင်းဖြင့်

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

4 comments:

ကလိုစေးထူး said...

ဒီဆောင်းပါးကို ဖတ်ပြီးတော့ ကိုမျိုးမြန်မာ ကျနော့်ကို ပြောဖူးတဲ့ စကားအတိုင်း ပြန်သုံးရမယ်ဆိုရင် အတွေးအခေါ်အရ ပရမ်းပတာ မနိုင်ဘူးလို့ ပြန်သုံးရမယ်ထင်တာပါပဲ။ ဒါပေမယ့် ဆောင်းပါးပါ အချက်တွေကို ကျနော့်ရဲ့ (ကိုမျိုးမြန်မာနဲ့ မတူတဲ့) ရှုထောင့်ကနေ ၀င်ဆွေးနွေးကြည့်ချင်တယ်။
ပထမဦးဆုံး ဆွေးနွေးချင်တာကတော့ `ဒေါ်အောင်ဆန်းစုကြည်´ ဆိုတဲ့ နာမည်ကို ကိုမျိုးမြန်မာက ဒေါ်စုကြည်လို့ သုံးနှုန်းထားတဲ့ အချက်ပါ။ အောင်ဆန်းနဲ့စုကြည် တွဲလျက်သားအဲဒီနာမည်လေးဟာ နိုင်ငံရေးကိစ္စတွေကို ဖယ်ထားလိုက်ပါဦး၊ မိသားစုတခုရဲ့ မျိုးဆက်အသွင်ကိုဆောင်တဲ့ သဘောမို့ အမည်ရင်း ဒေါ်အောင်ဆန်းစုကြည်လို့ သုံးစွဲခေါ်ဝေါ်ခြင်းဟာ ဘယ်လိုပင် မတူတဲ့ အမြင်ရှိသည့်တိုင်အောင် မိမိရဲ့ ရင့်ကျက်တဲ့ သဘောထားကို ပြရာ ရောက်ပါလိမ့်မယ် ကိုမျိုးမြန်မာ။ နေ့စဉ်ထုတ် မြန်မာသတင်းစာတွေထဲက ဆောင်းပါးရှင်တွေ သုံးလေ့ရှိတဲ့ အဲဒီ `ဒေါ်စုကြည်´ ဆိုတဲ့ အသုံးအနှုန်းဟာ တကယ်တော့ ရိုင်းပျနည်းတမျိုးပဲ လို့ ကျနော်ကတော့ ခံယူပါတယ်။

နောက်တချက်ကတော့ ကိုမျိုးမြန်မာ အခု ပို့စ်ကို ဘယ်နေ့မှာတင်တယ် ဆိုတာ ကျနော် တိတိပပ မသိပါဘူး။ ပို့စ်တင်တဲ့ ရက်စွဲကို ကြည့်မိတော့ ဇွန်လ၊ ၁၄ ရက်နေ့ ၂၀၀၈ ခုနှစ်လို့ ပြပါတယ်။ ဇွန်လ (၁၉)ရက်နေ့မှာမှ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ကိုမျိုးမြန်မာက ငါးရက်ကြိုတင် သိနှင့်နေတာလား၊ ဒါမှမဟုတ် ဘလော့ဂ်မှာ စာတင်တဲ့အခါ ရက်စွဲတပ်တာ ချွတ်ချော်တိမ်းပါးခဲ့တာလား ဆိုတာကတော့ ကိုမျိုးမြန်မာသာလျှင် အသိဆုံး ဖြစ်မယ်ထင်ပါတယ်။

`အစဉ်အလာ မပျက်´ ဆိုတဲ့ အသုံးအနှုန်းလေးကို တွေ့လို့ ပြုံးမိပါတယ်။ လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို လက်ထဲမှာ လိုသလို အသုံးချလို့ရတဲ့ ဥပဒေနဲ့ တားဆီးမှုထက်တောင် ကျော်လွန်သွားတဲ့ ဗြောင်ကျလွန်းတဲ့ အနိုင်ကျင့်မှုကို ရပ်ပြီး သတ္တိရှိရှိ၊ လူကြီးလူကောင်းဆန်ဆန် လွှတ်ပေးလိုက်ရင် ဒီလှုပ်ရှားမှုတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို အလွယ်တကူဖမ်းပြီးတော့ ထောင်ထဲမှာ နှစ်ရှည်လများထည့်ထားနိုင်တယ်ဆိုတာကို သိလျက်နဲ့ `ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး´ တောင်းဆိုခဲ့ကြတဲ့ ပြည်တွင်းက လှုပ်ရှားမှုတွေဟာ ကိုမျိုးမြန်မာပြောသလို အစဉ်အလာ မပျက် ဆိုရင်တောင် ဒါဟာ အင်မတန်မှ လူသားဆန်တဲ့ အစဉ်အလာမပျက်လို့ ကျနော် မြင်တယ်။

အချက် (၁)(၂)(၃) ကို လေ့လာကြည့်ရင် ကိုမျိုးမြန်မာက နာဂစ်မုန်တိုင်း အရေးမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စစ်သင်္ဘောတွေကို အတိုက်အခံတွေက မြန်မာပြည်တွင်း ၀င်ရောက်ပြီး ဒုက္ခသည်တွေကို ကူညီစေလိုတဲ့ ဆန္ဒရဲ့ နောက်ကွယ်မှာ တခြားရည်ရွယ်ချက် ရှိနေတယ်လို့ စွပ်စွဲလိုရင်းပါပဲ။ အဲဒီ တခြားရည်ရွယ်ချက်တွေ အဲဒီလို ရှိနေတယ်လို့ ကိုမျိုးမြန်မာ ဘာလို့ ထင်ရသလဲဆိုတာကို ကောက်ချက်ဆွဲကြည့်ရင်တော့ ကိုယ်နဲ့ အမြင်မတူတဲ့ တခြားတဘက်ကို ယုံကြည်မှုနည်းပါးလွန်းပြီး Negative ဘက်ကိုသာ ဇောင်းပေး ထင်မြင်လိုက်တာလို့ ကျနော် ရိုးရိုးလေးပဲ မြင်ပါတယ်။ ဒုက္ခရောက်နေသူတွေအတွက် ဘယ်လိုကူရမလဲဆိုတာကိုသာ အဓိကဦးစားပေး စဉ်းစားရင် ဒီကိစ္စဟာ စကားထဲထည့်ပြောရမယ့် အငြင်းပွားမှုတောင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

နောက်ပိုင်းမှာ ကိုမျိုးမြန်မာ ဆက်လက်ရေးထားတာတွေကို လေ့လာကြည့်ခြင်းအားဖြင့် `စီးပွားရေး ပိတ်ဆို့မှု´ ကို အကြောင်းပြုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့လိုဟန် တွေ့ရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဒေါ်အောင်ဆန်းစုကြည်က `မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ပေးပါ´ လို့ ပြောလိုက်တိုင်း နိုင်ငံတကာက လိုက်လုပ်ရလောက်တဲ့ ပုဂ္ဂိုလ်ရေး သြဇာရှိနေတယ်လို့ ကိုမျိုးမြန်မာ ထင်ပါသလား။ တကယ်တော့ အဲဒီ စီးပွားရေး ပိတ်ဆို့မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်တစုံတရာ ရှိတယ်ဆိုရင်တောင် အဲဒါဟာ တိုင်းပြည်အာဏာကို ကိုင်တွယ်ထားတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိမှုကို ဘယ်လိုမှ မမှီနိုင်ပါဘူး။ ကျနော် အဲဒီလို ပြောရင် ဟိုဘက်ကနေ ဒီဘက်ကို လက်ညှိုးထိုးလိုက်၊ ဒီဘက်ကနေ ဟိုဘက်ကို လက်ညှိုးထိုးလိုက်တဲ့ သံသရာရှည်လွန်းလှတဲ့ ငြင်းခုန်မှုတွေသာ ဖြစ်လာစရာ ရှိတယ်။ တကယ်တော့ အကျိုးဆက်ပေါင်းမြောက်များစွာကို အရင်းခံပြီးမှသာ ဒါတွေက ဖြစ်လာတာဆိုတာကို သုံးသပ်ကြည့်ရင် မြင်ပါလိမ့်မယ်။ ဒါကြောင့် `ဒေါ်အောင်ဆန်းစုကြည်ကြောင့် ငါတို့နိုင်ငံ စီးပွားရေး အပိတ်ခံနေရတာ´ ဆိုတဲ့ အမြင်ကတော့ နေ့စဉ်ထုတ် သတင်းစာဆန်လွန်းတဲ့ အမြင်လို့ ကျနော်မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရခဲ့တဲ့ ဆုတံဆိပ်တွေဟာ လက်ရှိ အာဏာပိုင်တွေကို တစိုက်မတ်မတ် ဆန့်ကျင်ဖို့အတွက် ပုံဖော်ချက် ဖြစ်သွားတယ်ဆိုရင်တောင် ဒါဟာ အင်မတန်မှ သင့်လျော်တဲ့ တွန်းအားတခုပါပဲ။ လက်ထဲမှာ အာဏာ၊ လက်နက် ရှိပြီး စိတ်မထင်ရင် မထင်သလို ပြုမူလေ့ရှိတဲ့ စစ်တပ်အာဏာပိုင်တွေကို ဆန့်ကျင်ရတယ်ဆိုတာဟာ တကယ့်လက်တွေ့မှာ ဘယ်လောက်ခက်ခဲမလဲ ဆိုတာကို ဆင်ခြင်ကြည့်စေချင်ပါတယ်။ အသက်ဘေးကို ရန်ရှာခဲ့တာကို ရင်ဆိုင်ပြီး အာဏာပိုင်တွေကို ဆန့်ကျင်နေတာဟာ သူမရဲ့ နာမည် တခုတည်းအတွက် လို့ ထင်မြင်ထားချက်ဟာ အင်မတန်မှ ပေါ့သွမ်းတဲ့ အထင်အမြင်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် တိုးတက်ရေးအတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အချက်ပါရှိခဲ့ရင်တောင် ဒါကို ရွေးဖို့ မဖြစ်နိုင်ဘူးလို့ ကိုမျိုးမြန်မာပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကိုမျိုးမြန်မာ စာပိုဖတ်ပါဦး၊ သတင်းပိုဖတ်ပါဦးလို့ ကျနော် အကြံပေးချင်တာပါပဲ။

စက်တင်ဘာလ သံဃာတော်တွေရဲ့ သပိတ်မှောက်ကံဆောင်ပွဲ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်ကနေ တင်စီးလွန်းတဲ့ အချက်တွေနဲ့ တောင်းဆိုကမ်းလှမ်းမှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဝန်ကြီးကနေ တဆင့် ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်စဉ် ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်က `တိုင်းပြည်တစုံတရာ တိုးတက်ကောင်းမွန်လာဖို့အတွက် သူမအနေနဲ့ လက်ရှိအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ´ ဆိုတဲ့ သဘောကို ပြောခဲ့ဖူးတာရှိပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်ကတော့ အဲဒီအချက်ကို အလေးထားဖို့ထက် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေကို ကိုယ်စားပြုမနေပါဘူးဆိုတဲ့ အချက်နဲ့သာ သတင်းစာတွေ၊ ရုပ်သံတွေကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ သိပ်မကြာလှသေးတဲ့ ကာလမို့ ကိုမျိုးမြန်မာ မေ့လျော့လောက်ဦးမယ့် သတင်းအချက်အလက်လို့ ကျနော်မထင်ပါဘူး။

တခု အလေးအနက် ပြောချင်တာက ကျနော် အခုလာရေးလိုက်တဲ့ Comment ဟာ အကျိုးမဲ့ ငြင်းခုန်မှုတွေရဲ့ အစပျိုးမှုတော့ မဖြစ်စေချင်ဘူး။ ကိုမျိုးမြန်မာ ပို့စ်တခုကို ရေးတယ်၊ ဖတ်မိတဲ့ ကျနော်က ကျနော့်ဘက်က အမြင်ကို ပြန်ပြောတယ်။ မတူတာတွေ အများကြီးကို ဘေးလူက ဘယ်အချက်သည် မှန်၏၊ ဘယ်အချက်ကတော့ မှား၏ ဆိုတဲ့ သုံးသပ်မှုတွေနဲ့အတူ ကျနော်ပြောတာတွေထဲမှာ မှားတာတွေပါရင် အဲဒီအမှားကိုပယ်၊ ကိုမျိုးမြန်မာပြောတာတွေက မှန်နေတယ်ဆိုရင်လဲ အဲဒီအမှန်တွေကို ယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခု Comment ကို လာရေးဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ကနေ သွေဖယ်သွားစေလောက်တဲ့ တခြားသော ပြောဆိုဆွေးနွေးမှုတွေကိုတော့ ကျနော် ရှောင်ရှားပါမယ်။

ကလိုစေးထူး

MyoMyanmar said...

ကလိုစေးထူး

ကျွန်တော့်ဆောင်းပါး၏ အားနည်းချက်များအား ထောက်ပြသည့် ဝေဖန်ချက်ကို ပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။

သင်၏အချို့ထောက်ပြသော အချက်တို့သည် ကျွန်တော့၏ အားနည်းချက်များသဖွယ် ဖြစ်ခဲ့သည်ကို ၀န်ခံပါ၏။ အထူးသဖြင့် သင်ဆိုခဲ့သည့် ...တခြားတဘက်ကို ယုံကြည်မှုနည်းပါးလွန်းပြီး Negative ဘက်ကိုသာ ဇောင်းပေး ထင်မြင်လိုက်တာလို့ ... ဆိုသည့်စကားသည် အမှန်ပင် ကျွန်တော်ခံစားနေရသည့် အားနည်းချက်ဖြစ်၏။ ထိုသို့သော ခံစားမှုသည် အမှန်တကယ် နိုင်ငံရေးအတွက် ဟုဆိုကာ ဆောင်းပါးများ ဆွေးနွေးမှုများ ပြုလုပ်ချိန်တွင် များစွာပင် ကျွန်တော့အားလွှမ်းမိုးမှု ပြုခဲ့ပါ၏။

မှန်ပေ၏။ အကယ်၍သာ အစိုးရသည် ဒုက္ခရောက်နေသူတွေအတွက် ဘယ်လိုကူရမလဲဆိုတာကိုသာ အဓိကဦးစားပေး စဉ်းစားခဲ့လျှင်၊ အခြားနိုင်ငံရေး အရှုပ်အရှင်းများအား ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့လျှင် ထိုအရာသည် အငြင်းပွားစရာ ဖြစ်လာမည်မဟုတ်။ ရှင်းစွာဆိုရလျှင် အတိုက်အခံတို့သည် ထိုအချက်ကို အသုံးချကာ ပြည်ပတပ်များ ၀င်ရောက်ရန် လှုံ့ဆော်နိုင်မည်မဟုတ် ဟု ကျွန်တော်ရှင်းလင်းစွာခံစားမိပါ၏။ ယခုမူ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ဒုက္ခသည်များဖြင့် ခံစားနေရသည့်အချိန်တွင်ပင် ပြည်သူအား စစ်ဒုက္ခအတွင်းသို့ ဆွဲသွင်းရန် ထိုနာဂစ်အပေါ် အတိုက်အခံတို့မှ လှုံ့ဆော်ခဲ့ကြပုံမှာ စိတ်ပျက်ဖွယ်ပင် ဖြစ်၏။ သင့်အနေဖြင့် ထိုသူတို့၏ အမှန်တကယ်သာ စာနာမှုပါဟု ဆိုချင်သည်လား။ ရှင်းလင်းစွာမြင်နိုင်ပါသည်။ ထိုအရာသည်မူ ကျွန်တော့၏ တဖက်ကိုယုံကြည်မှု နည်းပါးခြင်းကြောင့် မြင်ခြင်းသက်သက်ဟု မထင်မိပါချေ။

ယခု သင်ဆွေးနွေးခဲ့သည့် အချက်များမှ အဘယ့်ကြောင့် ဒေါ်စုကြည်ဟုသာ သုံးနှုန်းခြင်းအား ရှင်းလင်းလိုပါ၏။ ကျွန်တော်သည် မြန်မာအမျိုးသမီးတို့၏ စောင့်လေမျိုးနွယ် အယူဝါဒအား မဖြစ်မနေ စွဲဖက်ကိုင်တွယ်ထားသူ မဟုတ်ပါ။ အမျိုးအားစောင့်ထိန်းခဲ့သည် အမျိုးသမီးကောင်းများအား သဘောကျနှစ်ခြိုက်စွာ ချီးကျူးဂုဏ်ပြုနေမည်ဖြစ်သော်လည်း အမျိုးမစောင့်နိုင်ကြသည့် အချို့သော အမျိုးသမီးများ ကိုလည်း ရှုတ်ချပြစ်တင်ခြင်းသည်လည်း မိမိစိတ်တွင်သော်လည်းကောင်း၊ ပြင်ပတွင်သော်လည်းကောင်း လုံးဝမရှိပါချေ။ ကမ္ဘာ့ရွာဟုဆိုလာသည့် လူသားတို့၏စည်းလုံးခြင်းတွင် ပါဝင်လာသည့် အဖြစ်တခုဟုသာ သာမာန်လက်ခံနိုင်ပါ၏။ သို့သော် ၀န်ခံရလျှင် ဒေါ်စုကြည်ကိုမူ ထိုအရာအတွက် အနည်းငယ် စိတ်ပျက်မိချေ၏။ မြန်မာတစ်နိုင်ငံလုံး၏ မိန်းမများ နိုင်ငံခြားသားနှင့် လက်ထပ်စေကာမူ သူမအား လက်မထပ်စေချင်ပါ။ ဗိုလ်ချုပ်သွေးသည် မြန်မာစစ်စေချင်သည်မှာ ကျွန်တော့လောဘဖြစ်ပါ၏။ ဗိုလ်ချုပ်သွေးအား မြန်မာ့သွေးသာဖြစ်စေချင်သည်မှာ၊ မြင်ချင်သည်မှာ ကျွန်တော့ဆန္ဒသာဖြစ်ချေ၏။

ထို့ကြောင့် ထိုအရာအတွက် သူမအား စိတ်တွင် အရှင်းကို ခွင့်လွှတ်ပြီးဖြစ်သည်၊ အပြစ်တင်နေမည် ရှုတ်ချနေမည်မဟုတ်သော်လည်း သင်ဆိုခဲ့သလို မျိုးဆက်အသွင်ဆောင်သော နာမည်ဟု ကျွန်တော်သည်လည်း လက်ခံသည့်အတွက် သူမအား အောင်ဆန်းဆိုသည့် မျိုးဆက်အသွင်ကို ထိန်းသိမ်းရန် တာဝန်မကျေခဲ့သူဟု ယူဆကာ ကျွန်တော်သည် ဒေါ်စုကြည်ဟုအစဉ်တစိုက် သုံးနှုန်းခဲ့ခြင်းသာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် မျိုးဆက်အသွင်ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်ဆိုပါလျှင် ထိုသို့နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်းအပေါ် ကျွန်တော့်အနေဖြင့် လုံးဝလက်မခံနိုင်ခြင်းကြောင့် ဖြစ်ပါ၏။ ထို့ကြောင့် ရိုင်းပျခြင်းမဟုတ်ပဲ ခွင့်လွှတ်ခြင်းကြောင့်သာ သုံးနှုန်းခြင်းဖြစ်သည်ဟု ခံယူပါသည်။

ယခုအချက်သည် ကျွန်တော့်အနေဖြင့် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာအား တိုက်ခိုက်ပြောဆိုခြင်းမပြုပါဆိုသည့် အမြင်အား ပေါ်လွင်စေရန် ရှင်းလင်းခြင်းဖြစ်ပါ၏။ ကျန်သည့် သင်ဆိုခဲ့သည့်အချက်များမှာမူ ယခုအချိန်ထိပင် အနှစ်နှစ်ဆယ်လုံးလုံး ကမ္ဘာ့ပညာရှင်များ၊ နိုင်ငံရေးသမားများပင် အကြိတ်အနယ် အပြန်အလှန် ဆွေးနွေးနေကြသည့် အချက်များဖြစ်သောကြောင့် အရှည် ရှင်းလင်းမှုပြုခြင်းသည် သင်ဆိုသကဲ့သို့ အကျိုးမဲ့ငြင်းခုန်မှုများ၏ အစသဖွယ်သာ ဖြစ်လာပါလိမ့်မည်။

အချုပ်ဆိုရလျှင် ကျွန်တော်သည် ယခုဆောင်းပါးအား ဇွန်လ 14 ရက်နေ့တွင် တင်ခဲ့ခြင်းဖြစ်ပါ၏။ အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်များကို ဖတ်ရှုပြီးနောက်၊ မွေးနေ့ပွဲကျင်းပရန် လှုံ့ဆော်မှုများကို ဖတ်ရှုပြီးနောက် ဤဆောင်းပါးအား ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အမှန်တကယ်ပင် သတိလက်လွတ်မဟုတ်ပဲ ထိုနေ့မတိုင်မီ စိတ်ကူးရှိရှိတင်ခဲ့ခြင်း ဖြစ်သော်ငြား သင့်၏ထောက်ပြချက်သည် ကျွန်တော်၏ ပေါ့တိမ်မှုကို ပေါ်လွင်စေပါ၏။ မှန်ပေသည်။ ဒေါ်စုကြည်အား သုံးသပ်ချက်သည် မည်သည့်နေ့တွင်ပင်တင်စေကာမူ အရေးမကြီးသော်လည်း လှုပ်ရှားမှုတို့နှင့် ပက်သက်လျှင်မူ အချို့မှာ ကြိုတင်ကြေငြာချက်ထုတ်ပြီး ဖြစ်သော်လည်း ကျွန်တော့်အနေဖြင့် ထိုနေ့ပြီးမှသာ တင်သင့်ပါ၏။ တင်ရမည်ဖြစ်ပါ၏။ ထိုအရာသည် ကျွန်တော်မျိုးမြန်မာ၏ မှားယွင်းပေါ့တိမ်မှုဖြစ်ပြီး ထောက်ပြပေးခဲ့သည့် သင့်အား များစွာပင် ကျေးဇူးတင်ပါသည်။

မျိုးမြန်မာ

နောင်တွင် စီးပွားရေးပိတ်ဆို့မှုအကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းအကြောင်းတို့အပေါ်တွင် ကျွန်တော်တို့ အမြင်များ ဖလှယ်ရန် အခွင့်ကြုံကြိုက်လိမ့်မည်ဟု မျှော်လင့်ပါ၏။

Unknown said...

ကိုမျိုးမြန်မာဘလော့စာမျက်နှာမှာဖေါ်ပြထားတဲ့ ဦးသန့် ပြောခဲ့တဲ့ စကားလေးက ကောင်းပါတယ်။ ဘယ်ကရသလဲ၊
ကျွန်တော်သိတာကတော့ ဦးသန့်ဟာ ၁၉၇၄ခုနှစ်မှာ အမေရိကန်နိုင်ငံသားအနေနဲ့ အမေရိကန်နိုင်ငံမှာ ကွယ်လွန်တယ်လို့ သိထားပါတယ်။

MyoMyanmar said...

ကိုဂျူး

ကျွန်တော့်အနေဖြင့် သင်ဆိုခဲ့သည့် ဦးသန့်သည် အမေရိကန်နိုင်ငံသား ခံယူခဲ့သည်ဆိုသည့် အချက်အား အတည်ပြုရန် အချိန်ပေးကာ ရှာဖွေခဲ့သော်လည်း မည်သည့်နေရာတွင်မှ မတွေ့ရှိခဲ့ပါချေ။ သို့သော်
၁) ကုလသမဂ္ဂ၏ ဖော်ပြချက်တွင် မြန်မာနိုင်ငံသားဟုသာ သေဆုံးချိန်ထိ ဖော်ပြထားချက်အားလည်းကောင်း၊
၂) ဦးသန့်သေဆုံးချိန်တွင် မြန်မာနိုင်ငံသို့ တကူးတက ပြန်လည် သယ်ဆောင်ခဲ့ခြင်းအား လည်းကောင်း ထောက်ရှု၍ သင်ဆိုခဲ့သည့် အချက်သည် မဖြစ်နိုင်ဟု ကျွန်တော့်အနေဖြင့် ယူဆပါ၏။

အကယ်၍ သင့်အနေဖြင့် ထိုအချက်အား အတည်ပြုရန် အထောက်အထား ခိုင်လုံစွာရှိမည်ဆိုပါလျင် ကျွန်တော့်အနေဖြင့် သိလိုလှပါ၏

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ