Monday, September 8, 2008

အန်အယ်ဒီ (၂)

အန်အယ်ဒီနှင့် တပ်မတော်အစိုးရအကြား မအောင်မမြင်ဖြစ်ခဲ့ရသည့် တွေ့ဆုံဆွေးနွေးမှုများစွာ အကြောင်းမရေးသားခင် ယခင်မြန်မာတီးရှော့ဖိုရမ်တွင် ကျွန်တော်ရေးသားဆွေးနွေးခဲ့သည့် ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ကာ ပြန်လည်ဖော်ပြ ရေးသားလိုက်ပါသည်။ ထိုအရာသည် အန်အယ်ဒီပါတီနှင့် ပြည်သူ၏ ထောက်ခံမှုအကြောင်းအား ဆွေးနွေးခဲ့ခြင်းဖြစ်၏။

အန်အယ်ဒီပါတီသည် အိမ်စောင့်အစိုးရနောက်ပိုင်း မြန်မာနိုင်ငံအတွက် ပထမဆုံး ပြန်လည်ကျင်းပသည့် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဟု ဆိုနိုင်သော န၀တအစိုးရမှ ပြုလုပ်ပေးခဲ့သည့် 1990 ရွေးကောက်ပွဲတွင် ရလဒ်ပြတ်သားစွာ အနိုင်ရရှိခဲ့၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် အနည်းငယ် ရယ်ဖွယ်ဖြစ်နေသည်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခဲ့ပါသည်ဆိုသည်ကို ချွင်းချက်မရှိ လက်ခံခဲ့ကြသည့် အတိုက်အခံတို့အနေဖြင့် သူတို့လက်ခံခဲ့ခြင်းမှာ အဆိုပါရွေးကောက်ပွဲ၏ ကျင်းပပုံစနစ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်ခွင့် စသည်တို့ကြောင့်လည်းကောင်း မဟုတ်ပဲ အန်အယ်ဒီပါတီ အနိုင်ရခဲ့ခြင်းကြောင့် ဖြစ်နေခြင်းပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ပါတီအနေဖြင့် အနိုင်မရရှိခဲ့ပါက ထိုကျင်းပပုံစနစ်၊ နိုင်ငံတကာ စောင့်ကြည့်ခွင့်မရခဲ့ခြင်းတို့သည် အဆိုပါရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ်မပြုရန် အကြောင်းပြချက်များ ဖြစ်လာမည်ဆိုသည်မှာ အနိုင်မရပါက ရွေးကောက်ပွဲရလဒ်အား အသိမှတ်မပြုပဲ သပိတ်မှောက်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့ ကြပုံတို့အား လေ့လာခြင်းအားဖြင့် မြင်တွေ့နိုင်ပေသည်။

ထို့ကြောင့် အန်အယ်ဒီပါတီသည် 90 ရွေးကောက်ပွဲရလဒ်အား ဆုပ်ကိုင်အတည်ပြုထားပါ၏။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်ဟု ကျွန်တော်ကောက်ချက်ချပါသည်။

ပြည်သူဘက်မှ လေ့လာကြည့်ပါမည်။
ပြည်သူသည် မိမိတို့မှ ထောက်ခံအတည်ပြုခဲ့သည့် အဆိုပါပါတီအနေဖြင့်

  1. မည်သည့်စနစ်၊ နိုင်ငံရေး လမ်းကြောင်းဖြင့် နိုင်ငံတော်အား ပုံဖော်ဦးဆောင်မှုပြုပါမည်။
  2. မည်သည့် ဦးတည်ချက်များ၊ စီမံချက်များဖြင့် နိုင်ငံတော်အား တိုးတက်အောင်ပြုမည်။
  3. မိမိတို့အတွက် မည်သည့်အခွင့်အရေးများ၊ ဘ၀အာမခံချက်များအား တိုးမြင့်ပေးမည့် အစီအစဉ်များ ချမှတ်ထားသည်
    အစရှိသော မဲပေးသူတစ်ဦးမှ သိထားသင့်သည့် ရမည့် အခြေခံအကျဆုံးအချက်များကိုပင် မသိရှိခဲ့ပါ။ အခြားခြားသော စီးပွားရေး၊ နိုင်ငံခြားရေး၊ ပညာရေးစသော အချက်များကိုမူ ထည့်သွင်းပင် မစဉ်းစားနိုင်သည့် အခြေအနေတွင် ရှိခဲ့ပါသည်။
ထိုသို့သော မည်သည့်နိုင်ငံရေးလမ်းစဉ်၊ မူဝါဒများဖြင့် အခြေခံသည်ကိုပင် မသိသောနိုင်သော အဆိုပါပါတီသည် အခြားတစ်ဖက်တွင်လည်း နိုင်ငံအကျိုးပြု စွမ်းဆောင်ချက်များ၊ သမိုင်းကြောင်းများ လုံးဝမရှိသောကြောင့် အဆိုပါအချက်များဖြင့်လည်း ချင့်ချိန်ရန်မဖြစ်နိုင်ပါချေ။

သို့ဆိုလျှင် အဘယ်ကြောင့် အန်အယ်ဒီအား ရွေးချယ်ခဲ့ကြပါသနည်း။
အဓိကအကျဆုံး အချက်မှာ မဆလအားဆန့်ကျင်ရုံ မဲပေးကြခြင်းဖြစ်၏။ မဆလအစိုးရအပေါ် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ပြည်သူသည် ထိုအစိုးရမဟုတ်ရင် ပီးရောဆိုသည့် စိတ်ဓါတ်နှင့် မဲပေးခဲ့ခြင်းသည် အဓိကအချက်ဟု ကျွန်တော်မြင်ပါသည်။

စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပြည်သူသည် မဆလအစိုးရအား ဆန့်ကျင်ရုံပီးရော မဲပေးချိန်တွင် များပြားလှသော ဘာမှန်းမသိသည့် ပါတီများအကြား အဘယ့်ကြောင့် အန်အယ်ဒီအား မဲပေးခဲ့ပါသနည်း။ ထိုအချိန်က အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်ပြုတ်များ၊ စစ်အရာရှိဟောင်းများနှင့် ဒေါ်စုကြည်တို့ ဦးဆောင်နေပါ၏။ ပြည်သူသည် ထိုအရာရှိပြုတ်များဟာ စိတ်မ၀င်စားလှသည့်အပြင် အမြင်မကြည်သည့် စိတ်သည်ပင် ရှိကြပါ၏။ ဒေါ်စုကြည်သည်လည်း ပြည်သူ့အနေဖြင့် မိုးကျနတ်သမီးအလား ဘာမှန်းမသိပဲ ရုတ်တရက်ပေါ်လာသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်သည် ပြည်သူသို့ ကြီးစွာလွှမ်းမိုးမှု ပြုပါတော့၏။ မဆလအား ဆန့်ကျင်စိတ်ဖြင့် ဘယ်သို့ ကပ်ရမည်မသိသော လမ်းပျောက်ပြည်သူသည် ဗိုလ်ချုပ်အရှိန်ဖြင့် ဒေါ်စုကြည်ထံစုရုံးကြပါ၏။ နိုင်ငံခြားမှ ပညာတတ်ကြီးဖြစ်သည်ဆိုသည့် အမြင်ကလည်း သူတို့အား ပိုမိုအထင်ကြီးစေပါ၏။

ထိုသို့လေ့လာမိသောအခါ 1990 ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်ဆိုသည့် အန်အယ်ဒီပါတီသည် မည်သည့် ဒီမိုကရေစီစနစ်၊ လမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း၊ စွမ်းဆောင်အားထုတ်မှုအရည်အချင်းတို့ ကြောင့်မှမဟုတ်ပဲ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများ၊ မှီရာစွဲကပ်မှုများဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပါတီအား နိုင်ငံရေးအမြင်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်သောကြောင့်လည်း ပါတီအနေဖြင့် မူလဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းမှ အဘယ်မျှသွေဖယ်နေပြီဆိုသည်ကိုလည်း သတိမထားမိကြပါတော့ချေ။ ထိုသို့ လမ်းကြောင်းမမှန်သော ရွေးချယ်မှုရလဒ်ကြောင့်လည်း သက်တမ်းနုလှသော ပါတီ၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်ပါ စနစ်ကျသည့် လမ်းစဉ်အားအခြေမခံနိုင်တော့ပဲ ပုဂ္ဂလိက လွှမ်းမိုးမှုကိုသာ အားထားအမှီပြုရသည့် အခြေအနေသို့ ရိုက်ခတ်ခြင်း ခံရပါတော့၏။

သို့သော် ပါတီအနေဖြင့် ပြန်ကြည့်မည်ဆိုလျှင်လည်း အဆိုပါအချိန်သည် ရှုပ်ထွေးလှသော အခြေအနေအတွင်း ပါတီအား အသေအချာတည်ဆောက်ရန် အချိန်မပေးနိုင်သော၊ အမျိုးမျိုးပြောင်းလဲနေသော အနေအထားများကြားတွင် မိမိတို့၏ လမ်းစဉ်များ အယူဝါဒများသည်ပင် စမ်းတ၀ါးဝါးနိုင်နေသော အခြေအနေဖြစ်ပါ၏။ နုနယ်လှသော ပါတီသက်တမ်းသည်လည်း ပြောင်မြောက်သော စွမ်းဆောင်ချက်များ နိုင်ငံအကျိုးပြု လုပ်ငန်းများအား လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော အခါလည်း ဖြစ်ပေသည်။

အံ့သြောဖွယ်ကောင်းသည်မှာ ယခုအနှစ်နှစ်ဆယ်ကြာမြင့်ပီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
  1. ပြည်သူ၏ အန်အယ်ဒီအား ထောက်ခံမှုသည် ယခင်အချိန်များနှင့် များစွာမကွာခြားလှပဲ တပ်မတော်အစိုးရအား ဆန့်ကျင်ရုံဆိုသော စိတ်သာရှိနေပြီး အခြားမည်သည့် အချက်မျှမရှိသေးပါချေ။
  2. လွန်ခဲ့သောကာလက မိမိတို့ ထောက်ခံအားပေးခဲ့သည့် ပါတီ၏ လမ်းစဉ်များ၊ စီမံချက်များ၊ ဦးတည်ချက်များအား သေချာစွာမသိရှိခဲ့သော ထိုသူတို့သည် ယခုအချိန်တွင်လည်း မသိရှိကြပါသေးချေ။
  3. ပါတီသက်တမ်းနုလှသောကြောင့် နိုင်ငံအကျိုးပြုလုပ်ငန်းများ၊ စွမ်းဆောင်ချက်များအား ဘာမှလုပ်ပြနိုင်ခဲ့ခြင်း မရှိသည့် အဆိုပါပါတီသည် အနှစ်နှစ်ဆယ်ကြာပြီးသည့် အချိန်ထိလည်း ဘာမှလုပ်မပြနိုင်သေးပါချေ။
ထို့ပြင် ပါတီတွင်းတည်ဆောက်ပုံသည်လည်း စတင်စဉ်ကာလကဲ့သို့ပင် စနစ်တကျမရှိသေးခြင်း၊ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုသည် ပိုမိုဆိုးဝါးစွာ ပြင်းထန်အားကောင်းလာခြင်း၊ လမ်းစဉ်များ ဦးတည်ချက်များ အားလုံးသည်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေသေးခြင်းတို့အား တွေ့မြင်ရပါ၏။

ထိုသို့ ထိုသို့လေ့လာမိသောအခါ။ ကျွန်တော်တို့သည် နိုင်ငံအား ဆက်လက်မောင်းနှင်ရန် လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်ကျော်က ဖုတ်ပူမီးတိုက်နိုင်လှသည့် ရလဒ်တစ်ခုကိုသာ မဖြစ်မနေ ဖက်တွယ်ထားသင့် ပါသည်လား။ ပါတီ၏ ပျက်ယွင်းနေသော အနေအထားများအား လစ်လျူရှုပေးထားသင့်ပါသည်လား။ ထို့ကြောင့် အန်အယ်ဒီပါတီအနေဖြင့် မိမိအချိန်များအား လွန်ခဲ့သည့် ရလဒ်အပေါ်တွင်သာ ဖက်တွယ်လျှက် ချစားသကဲ့သို့ အကုန်ခံမည့်အစား တပ်မတော်အစိုးရမှ မဖြစ်မနေဦးဆောင်ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် အချက်များအား ဖိအားပေးဆောင်ရွက်ခြင်းကိုသာ အဓိကထား လှုပ်ရှားရန်သင့်ပါ၏။ တဖက်မှလည်း ပါတီအား စည်းစနစ်ကျန ခိုင်မာသည့် အဆင့်မှီ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်သင့်သည်ဟု ယူဆပါသည်။ လက်ရှိအခြေအနေနှင့် အစိုးရအပေါ် ငြီးငွေ့စိတ်ပျက်နေသော ပြည်သူအများစုသည်လည်း ပါတီအား ထောက်ခံရန်အသင့်ရှိနေကြမည်ဟု လေ့လာမိ၏။

ုထိုသို့ပြုခြင်းအားဖြင့် ရှေ့ဆက်တိုးရန်လမ်းမရှိပဲ စမ်းတ၀ါးဝါးနိုင်လှသော ပါတီအနေဖြင့် ကောင်းမွန်သော ရလဒ်ဖြစ်ထွန်းမည် ဖြစ်မည့်အပြင် နိုင်ငံအတွက်လည်း တည်ငြိမ်မှုများဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပေ၏။ ထို့ကြောင့် နိုင်ငံအတွက်ဟုဆိုကာ လှုပ်ရှားနေကြသည့်၊ ရုန်းကန်ခဲ့ကြသည့်၊ စွန့်လွှတ်ခဲ့ကြသည့် သင်တို့၏နှစ်နှစ်ဆယ်သည် လည်ပြန်ကြည့်မည်ဆိုလျှင် အကျပ်တည်းများဖြင့် အခက်တွေ့နေသည့် မြန်မာနိုင်ငံတော်ကြီးအား ၀မ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ သင်တို့ပုံဖော်ချင်သည့် နိုင်ငံတော် ဖြစ်ခဲ့ပါသလား။ ပိုမို စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုနိုင်ငံ့အကျပ်အတည်းသည် လက်ရှိအစိုးရကြောင့်သာဟု ပုံဖော်ဟစ်ကြွေးနေကြသော်လည်း သင်တို့၏လမ်းကြောင်းများ၊ လှုပ်ရှားမှုများသည် ထိုအရာများအား ပိုမိုဆိုးဝါးစေမည့် အထောက်အပံ့များသာ အစဉ်တစိုက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။ သင်တို့သည်လည်း ထိုအချက်ကို သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းပင် ဖြစ်၏။ ထိုလမ်းကြောင်းများကိုသာ ဆက်လက်စွဲကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်ဟု ယူဆပါသည်လား။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

4 comments:

Unknown said...

ဟေ့ ... မြန်မာဟာ မြန်မာပဲ။
မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။
မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်ရေမြေခြားကို
ရောက်နေရပေမယ့်တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသားလုပ်ဖို့ဘယ်တော့မှ စိတ်မကူးလေနဲ့။

(ဦးသန့်)

ကိုမျိုးမြန်မာရေးတာလွဲနေတယ်။
ကုလသမဂ္ဂအတါင်းရေးမှုးချုပ် ဦးသန့် “ာ အမေရိကန်နိုင်ငံသားအဖြစ်နဲ့ အမေရိကန်နိုင်ငံမှာ ၁၉၇၄ ခုနျစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

MyoMyanmar said...

ကိုဂျူး

ကျွန်တော့်အနေဖြင့် ယခင်ဆိုခဲ့သည့် ဦးသန့်၏ စကားနှင့် ပက်သက်၍ ရှင်းလင်းစွာဆိုထားပီးဖြစ်သော်လည်း သင်သည် ကျွန်တော်သိလိုသည့်အရာအား ဖြေကြားခြင်းမျိုးမဟုတ်ပဲ အဘယ့်ကြောင့် ထပ်မံရေးသားလာသည်အား နားမလည်ပါချေ။ တုန့်ပြန်ချိန် ကြာမြင့်ခဲ့သောကြောင့် သင့်အနေနှင့် မဖတ်ရသေးသည်လည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ရာ ထိုအရာအတွက် သင့်ဖော်ပြချက်ကိုသာ မျှော်လင့်ပါ၏။

ယခုအဓိက မေးလိုသည်မှာ သင်ဆိုခဲ့သည့် "ကိုမျိုးမြန်မာ ရေးတာလွဲနေတယ်"ဆိုသည့် အချက်တွင် မည်သည့်အချက်သည် လွဲသနည်း။ ဤစကားအား ဦးသန့်မပြောခဲ့ဟု ဆိုလိုသည်လား။ သို့မဟုတ်ပါလျှင်မူ အခြား မည်သည့်လွဲချက်မျှ ရှာမတွေ့ပါချေ။

ဤနေရာတွင် ထိုစာသားအား ကျွန်တော့်၏ ဘလော့တွင် ရေးသားဖော်ပြရန် ဆုံးဖြတ်ခဲ့သည့် ခံယူချက်အား စာဖတ်သူများ သိရန်အလို့ငှာ အနည်းငယ် ရှင်းလင်းရန်လိုအပ်မည်ဟု ထင်ပါသည်။

ဆိုခဲ့ပီးသကဲ့သို့ပင် ကျွန်တော်သည် မည်သည့်နိုင်ငံခေါင်းဆောင်တို့၏ မှတ်သားဖွယ်စာစုကိုသော် လည်းကောင်း၊ ရုပ်ပုံများကိုသော် လည်းကောင်း၊ မိမိဘလော့တွင် ဖော်ပြခြင်းမပြုခဲ့ပါချေ။ ထိုပုဂ္ဂိုလ်တို့၏ မှတ်သားဖွယ်စကားစုများမှ မိမိခံယူချက်နှင့် မကိုက်သည်များကို ချန်လှပ်ထိန်ဖယ်၍ သော်လည်းကောင်း၊ မိမိဆန့်ကျင်သူများကို ထိစေမည့် အချက်များကိုသာ ထုတ်နှုတ်၍သော်လည်းကောင်း စိတ်ပျက်ဖွယ်ကောင်းသော ဘလော့လောကတွင် တွေ့မြင်နေရသည့် ဖော်ပြချက်များသည် အမှန်တကယ်လေးစားသည်ထက် အသုံးချခြင်း ဟုခံစားရသောကြောင့် ဖြစ်ချေ၏။

ယခုဦးသန့်စာသည် ကျွန်တော်နှစ်ခြိုက်သော စာများတွင် အပါအ၀င်ဖြစ်၏။ ထိုအရာကို ဘလော့တွင် ဖော်ပြရခြင်းမှာ

၁) မိမိကိုယ်တိုင် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပြီး နိုင်ငံခြားသားလုပ်ဖို့ အခွင့်အရေးတစုံတရာအား လှမ်းယူနိုင်နေသည့်အခြေအနေတွင် မိမိကိုယ်တိုင်အား ပြန်သတိပေးလိုခြင်း။

၂) လက်ရှိအခြေအနေတွင် ဘလော့ဆိုသည်မှာ အဓိကအားဖြင့် ပြည်ပရှိမြန်မာများသာ ဖတ်ကြသောကြောင့် အခွင့်အရေးတစုံတရာ၏ ဆွဲဆောင်မှုကို ကြံ့ကြံ့ခံကာ မြန်မာနိုင်ငံသားဖြစ်မှုကို ခက်ခဲစွာ ရုန်းကန်ဖက်တွယ်ထားရသူများအား ဂုဏ်ယူစွာ အားပေးလိုခြင်း။ (ဆိုလိုသည်မှာ ဒုက္ခသည်အဖြစ်လည်းကောင်း၊ နိုင်ငံသားအဖြစ်လည်းကောင်း ခံယူလိုက်ခြင်းအားဖြင့် မိမိ၏နေထိုင်ခွင့်အတွက်လည်းကောင်း၊ ၀င်ငွေသည်လည်းကောင်း၊ အလုပ်လုပ်ကိုင်ခွင့်သည်လည်းကောင်း ပိုမိုအဆင်ပြေ လွယ်ကူစေမည်ကို သိလျှက်နှင့် မြန်မာနိုင်ငံသားဖြစ်မှုကိုသာ မြတ်နိုးစွာ ဖက်တွယ်ထားသူများအား ဆိုခြင်းဖြစ်သည်။ ထိုသူတို့သည် အခွင့်အရေးဆိုသည်ကို မရသည့်အချိန်တွင် မလိုချင်ပါဟု အော်နေခြင်းမျိုးမဟုတ်ပဲ ရလျှက်နှင့် မယူပဲနေကြသူများ ဖြစ်၏။ မြတ်နိုးဖွယ်ကောင်းလေ၏၊ လေးစားဖွယ်ကောင်းလေ၏။ ထိုအရာသည် အထူးသဖြင့် အနောက်နိုင်ငံများတွင် ပိုမိုထင်ရှားပေသည်)

၃) မြန်မာနိုင်ငံသားအဖြစ်မှာ စွန့်လွှတ်ပါမည်ဟု လက်မှတ်ထိုးပီး အခြားနိုင်ငံသားအဖြစ် ခံယူကြမည့် သူများကိုလည်း အနည်းဆုံးတော့ ဟန့်တားလိုခြင်းလည်း ဖြစ်၏။

၎) ယခုစာ၏ အဓိပ္ဗါယ်သည် မည်သည့်မူဝါဒကိုမျှ စွဲဆောင်နေခြင်းလည်းမဟုတ်။ လှုံဆော်နေခြင်းလည်းမဟုတ်သည့်အပြင် ယခုစာပါအတိုင်း လိုက်နာ၍ မည်သည့်အကျိုးအမြတ် တစ်စုံတရာသည်မျှ လိုက်နာသူအပေါ် ရရှိမည်မဟုတ်သောကြောင့် ကျွန်တော့်နေရာလေးတွင် ဖော်ပြခြင်းသည် အသုံးချအမြတ်ထုတ်ခြင်းဟုလည်း မခံယူသောကြောင့် ဖြစ်၏။

ထိုသို့ အနှစ်သာရတစ်ခုကို နှစ်ခြိုက်မိသောကြောင့် ဖော်ပြရန်ဆုံးဖြတ်ခဲ့သော အရာသည် ဦးသန့်ဆိုသည်ဟု ဆိုသောကြောင့် ဦးသန့်ဟုဖော်ပြခဲ့ခြင်းသာ ဖြစ်၏။ ထိုသူဆိုသောကြောင့် ထိုစကားကို ကြိုက်ပါသည်မဟုတ်ပဲ.. ထိုစကားကို ကြိုက်သောကြောင့် ဆိုသူအမည်ကို ဖော်ပြခြင်းသက်သက်သာ ဖြစ်၏။

မြန်မာနိုင်ငံသား တစ်ဦးအဖြစ် ဦးသန့်အပေါ် အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားစိတ်သည်လည်း ကျွန်တော့်တွင် နက်ရှိုင်းစွာရှိပါ၏။

ကိုဂျူး
ကျွန်တော်သည် သင်၏ယခင်ဆောင်းပါးတွင် မေးခဲ့သည့် မေးခွန်းအပေါ်ဖြေကြားခဲ့သည့်အတိုင်းပင် ဦးသန့်သည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်ဟု လက်မခံသေးပါချေ။

သင့်အနေဖြင့် အဆိုပါအချက်အား သေချာစွာဖော်ပြနိုင်မည်ဆိုလျှင် ဗဟုသုတတစ်ခုအဖြစ် ကျေးဇူးတင်ရှိမည်ဖြစ်ပါသည်။

အချုပ်ဆိုရလျှင်မူ ယခုစကားကို ဦးသန့်မပြောခဲ့ပါဆိုသည့် အချက်အား ထောက်ပြနိုင်လျှင်မှအပ အခြား မည်သည့်အချက်နှင့်မျှ ကျွန်တော်ပြောသည်မှာ လွဲမှားစရာမရှိသောကြောင့် သင်ဆိုခဲ့သည် ထိုအချက်အား ကျွန်တော့်အနေဖြင့် ပယ်ပါ၏။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

Unknown said...

ကိုမျိုးမြန်မာရဲ့ပြန်စာကို မဖတ်လိုက်ရပါ။
ဖတ်ချင်ပါတယ်။

MyoMyanmar said...

ကျွန်တော့်၏ ဒီနှောင်ကြိုး ဆောင်းပါးတွင် သင်မေးခဲ့ချိန်က ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချက်အား ခိုင်လုံစေမည့် အထောက်အထားတွေ့နိုင်မည်လားဟု လိုက်လံရှာဖွေနေသည့်အတွက် များစွာကြာမြင့်ခဲ့ဖြင်းဖြစ်၏။

ကျေးဇူးတင်ပါသည်။