Friday, January 25, 2008

သူတို့ ဘယ်တော့လာကြလေမလဲ

ဤခေါင်းစဉ်သည် ယနေ့မြန်မာနိုင်ငံ နိုင်ငံရေးအတိုက်အခံအင်အားစုများ၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် ရောင်စုံအဖွဲ့ပေါင်းစုံ၏ အကြားတွင် ပြန့်နှံ့နေပြီး ပြည်သူများအကြားတွင် ပြန့်ပွားလာအောင် လှုံ့ဆော်ပေးနေသည့် ကြောက်မက်ဖွယ်စိတ်ထားတစ်ခုအကြောင်း ဆွေးနွေးလိုခြင်းဖြစ်၏။

ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများသည် ယခင်ကာလများက ထိုအရာအား စိတ်တွင်း၌သာကြိတ်ကြံကာ ပေါ်ပေါ်ထင်ထင်မပြောဝံ့ကြသော်လည်း ယခုအခါတွင်မူ ထင်ထင်ရှားရှားကို ထုတ်ဖော်ပြောဆိုလာကြကာ ပြည်သူများအကြားတွင်လည်း ထိုရှက်ဖွယ်ကောင်းသောစိတ်ဓါတ်သည် ပုံမှန်တစ်ခုအဖြစ်သို့ ရောက်လာနေသည်ကို ထင်ရှားစွာပင်တွေ့ရပါသည်။ ထိုအယူအဆစိတ်ထားသည် 1885 ပတ်ဝန်းကျင်လောက်တွင် မြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ဘူးသော အနေအထားနှင့် များစွာတူညီလေ၏။ ကျွန်တော့်အနေဖြင့် ရှင်းလင်းစွာပြောရမည်ဆိုလျှင် ထိုအရာသည် ကျွန်စိတ်ပင်ဖြစ်သည်။ လွန်စွာရှုတ်ချသင့်သော၊ အမိမြေအတွက် ရင်နာဖွယ်ကောင်းသော၊ ရှက်ဖွယ်ကောင်းသလို၊ ကြောက်မက်ဖွယ်လည်း အလွန်ကောင်းသည့် စိတ်ထားပင်ဖြစ်၏။ ထိုစိတ်ထားသည် စီးပွားရေးပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုလည်းဖြစ်ချေသည်ဟု ကျွန်တော်ယူဆပါသည်။

အမိမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာအား တိုင်းတပါးစစ်တပ်များဖြင့် သိမ်းယူကာ မိမိတို့အလိုရှိသည့် လူတစ်ယောက် (ပါတီနှင့်စနစ်မဟုတ်ပါ) အား အာဏာပေးစေရန်မှာ ထားသင့်သည့်စိတ်ထားဖြစ်ပါသလား။ ကျွန်တော်ယုံကြည်သည်မှာမူ နိုင်ငံနှင့် လဲယူရန်ထိုက်တန်သည့် စနစ်သည်လည်းကောင်း၊ ကြွယ်ဝမှုသည်လည်းကောင်း၊ မရှိပါချေ။ ဒီမိုကရေစီသည် နိုင်ငံအားအထောက်အပံ့ ဖြစ်ရန်သာဖြစ်ချေသည်။ နိုင်ငံနှင့် လဲယူလောက်အောင် ထိုက်တန်သည့်အရာမဟုတ်ပါ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးသမားများထဲတွင် ထိုသို့ ပြည်သူအားနည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းလမ်းပြပေးနိုင်မည့် သူမျိုးမပေါ်ပေါက်ခြင်း၊ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် မြန်မာနိုင်ငံအတွက် ကံဆိုးမှုပင်ဖြစ်ချေ၏။

ထိုအတိုက်အခံနိုင်ငံရေးသမားများအနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်သင့်သည်မှာ ယင်းတို့မှ ဖိနှိပ်ပါသည်၊ လမ်းကြောင်းမှားနေပါသည် ဟုစွပ်စွဲနေသည့် လက်ရှိတပ်မတော်အစိုးရသည်ပင်လျှင် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားနိုင်ပါသေးလျှင်၊ ကြွေးကြော်နိုင်ပါသေးလျှင် အဘယ်ကြောင့် နိုင်ငံအတွက်လှုပ်ရှားနေပါသည်ဟု ယုံကြည်ထားသည့် မိမိတို့သည် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားသည့် လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ပါသနည်း ဆိုသည်ကိုပင်။ သင်တို့သည် သတိထားမိပါသည်လား။ အဘယ်ကြောင့်ပါနည်း။

အခြားတစ်ဖက်မှ ဘေးအမြင်ဖြင့် သုံးသပ်ကြည့်ပါဦးမည်။ အကယ်၍ တပ်မတော်အစိုးရအနေဖြင့် မျိုးချစ်စိတ်ဆိုသည်မှာ သူတို့အာဏာတည်မြဲရေးအတွက် အပြကောင်းနေသောကြောင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အား လက်ကိုင်ပြုထားသည်ဟု ယူဆကြည့်မည်ဆိုပါစို့။ ထိုသို့ဆိုလျှင် အတိုက်ခံနိုင်ငံရေးသမားများသည် သူတို့နိုင်ငံရေးလမ်းကြောင်းတွင် မျိုးချစ်စိတ်အား အခြေခံမထားခြင်းမှာ မျိုးချစ်စိတ်သည် သူတို့အာဏာရရှိရေးအတွက် တားဆီးထား သောအရာတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု ဖြစ်နေခြင်းကြောင့်ပင်လော ဆိုသည်ကိုပင်။ ဤကောက်ချက်ကို ကျွန်တော့်အနေဖြင့်ဆိုရခြင်းမှာ အတိုက်ခံတို့၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းသည် လက်ရှိအစိုးရအားမဟုတ်ပဲ၊ နိုင်ငံကိုသာ တစ်နည်းမဟုတ်တစ်နည်း ထိခိုက်စေခြင်း၊ မျိုးချစ်စိတ်အား အခြေထားသော လှုပ်ရှားမှုမျိုး မရှိကြခြင်း၊ ပြည်ပအား လိုသည်ထက်ပိုစွာ အောက်ကျို့ရာမှ နောက်ဆုံးတွင် နိုင်ငံကိုပါထိုးအပ်ရန်ထိ အတင့်ရဲစွာ ကြံစည်ကြခြင်း စသည့်ခြေလှမ်းများအား လေ့လာမိခြင်းကြောင့်ဖြစ်ချေသည်။

အချို့သူများသည် နိုင်ငံအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသလိုပြောဆိုလာကြသည်ကိုလည်း အံ့သြောစွာတွေ့ရ၏။ တကယ့်အတိုက်အခံ နိုင်ငံရေးအုပ်စုများထဲတွင် ထိုသို့ပြောလာကြသူများအားတွေ့ရခြင်း၊ ထိုသူများကပင် ဗိုလ်ချုပ်အောင်ဆန်းအား ဟန်ဆောင်ချစ်ပြနေခြင်းမှာ ကျွန်တော့အဖို့မူ ရှေ့ကဖုန်းနောက်ကပေါ်ဆိုသကဲ့သို့ပင် ဖြစ်ချေ၏။ ပိုမိုစိတ်ပျက်စေသည်မှာ ထိုသို့ပရမ်းပတာပြောသူမျိုး ပေါ်ပေါက်သည့်အခါမျိုးတွင်ပင်လျှင် စကားထက်လေ့ရှိသည့်၊ အပြစ်ရှာပြောရာတွင် လွန်စွာတော်သည့် အခြားသောဒီမိုကရေစီအင်အားစုများသည် ရှုတ်ချခြင်းပြုရန်၊ ထိန်းသိမ်းတားဆီးရန် မေ့လျော့နေကြခြင်းပင်ဖြစ်သည်။ ထိုအခါ ဥရောပမှ ပညာရှင်တစ်ဦး (အမည်မမှတ်မိပါ။ မောင်ကောင်းထိုက်စာစုများတွင်ကြည့်နိုင်ပါသည်) ၏ စကားသည် ကျွန်တော့်အား ထိုသို့ ပြည်ပတပ်များအား ၀င်ရောက်သိမ်းယူစေလိုသည့် နိုင်ငံရေးသမားများအား ကြည့်ကာ များစွာအရှက်ရစေပါသည်။ ထိုစကားမှာ “ကျွန်ဖြစ်ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့လူတွေဟာ ကျွန်ပဲဖြစ်ထိုက်တယ်“ ဆိုသောစကားပင်ဖြစ်၏။

ထိုသို့လျှင် နိုင်ငံချစ်စိတ်သည် အာဏာတည်မြဲရာလမ်းကြောင်းဖြစ်သူတို့က ချစ်ပြကြ၊ အာဏာပျက်စီးရာလမ်းကြောင်းဖြစ်သူတို့က ထိုနိုင်ငံချစ်စိတ်အား စွန့်ပယ်ကြသည့် နိုင်ငံရေးသမားများသည် အမှန်တကယ်တွင်မူ မည်သူ့မည်သူမျှ အမိနိုင်ငံတော်အကျိုးထည့်တွက်ခြင်းအား မည့်သည့်နေရာတွင်မျှ ကျွန်တော့်အနေဖြင့် မမြင်ရခြင်းသည် ၀မ်းနည်းဖွယ်ပင်ဖြစ်ချေသည်။

ယခင်ကသမိုင်းတွင် အနောက်ကိုယုံစားမိသောကြောင့် ရာစုနှစ်ချီအောင် ဘ၀နှင့်ရင်းကာ ရရှိခဲ့သည့် ကျွန်ဘ၀သင်ခန်းစာများအားလည်း သတိထားမိကြပုံမပေါ်ပါချေ။ ထိုအချိန်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကြီးမားသောအင်အားကို မယှဉ်နိုင်သောကြောင့်သာဟူသော အမှန်တကယ်လည်းဟုတ်သည့် ထင်းလင်းလှသောအဖြစ်၏နောက်ကွယ်တွင် မြန်မာ့ပြည်တွင်းအကွဲအပြဲများ၊ အမတ်များဝန်မင်းများ၏ အနောက်မျှော်စနက်များသည် ထိုကျွန်ဇာတ်သွင်းစီမံကိန်းတွင် အခိုင်အမာအထောက်အပံ့တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ကိုလည်း သင်ခန်းစာယူကြရမည်သာဖြစ်၏။

စစ်ရေးအရဖြေရှင်းခြင်းသည် မှန်ကန်သော၊ အောင်မြင်သော နည်းလမ်းမဟုတ်သည့်အပြင် ထိုအရေးယူခံရသည့်နိုင်ငံ၏ အခြေအနေအားထိန်းသိမ်းရန် လွန်စွာခက်ခဲသည်ဟု ကုလသည်လည်းကောင်း အမေရိကန်သည်လည်းကောင်း၊ လက်ခံထားပြီးဖြစ်၏။ သို့သော် မည့်သည့်အခါတွင်မျှ အရှည်ကိုမတွေးတတ်သည့် နိုင်ငံရေးသမားများသည် ထိုအချက်ကိုလစ်လျူရှုကာ လက်ရှိအစိုးရပြုတ်ကျပြီး သူတို့အာဏာရလျှင်ပြီးရောဆိုသည့် လမ်းကြောင်းအား အတင်းပင်ချည်းကပ်လာကြသည်ကို တွေ့ရ၏။ မြန်မာ့နိုင်ငံရေးသမားအစဉ်အဆက်၏ ကြုံလာမှပဲ ရှင်းလိုက်တော့မယ်၊ ကြိုပူစရာမလိုပါဆိုသည့်စိတ်ဓါတ်သည် လွန်စွာပင်စိတ်ပျက်ဖွယ်ဖြစ်ချေ၏။ ထိုနိုင်ငံရေးသမားများ၏ ဦးဆောင်မှုတွင် စီးပွားရေးပိတ်ဆို့မှုဖြင့် brain wash လုပ်ထားခြင်းခံရသည့် ပြည်သူသည် ဘာကိုမျှမစဉ်းစားနိုင်ပဲ ပါလာရချေသည်။

အချုပ်အားဖြင့်ဆိုရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွဲမှားသော အယူအဆများဖြင့် လွန်စွာအန္တရာယ်ကြီးသည့် လွတ်လပ်ရေးဆုံးရှုံးနိုင်သော အနေထားသို့ရောက် အမှန်တကယ် ရောက်နေပြီဟု ကျွန်တော်ယုံကြည်ပါသည်။ ထိုအရာအား သူ့ဘက်ကိုယ့်ဘက် မခွဲနေပဲ အမှန်တကယ်လမ်းကြောင်းတည့်မတ်ရန် အရေးအတကြီး လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်အစိုးရသည်လည်းကောင်း၊ ဆန့်ကျင်ဘက်အတိုက်အခံများသည်လည်းကောင်း ပြည်သူအား မှန်ကန်သောစိတ်ဓါတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကာ နိုင်ငံအား ကမ္ဘာ့အလည်တွင် သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်အောင် ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

ဆောင်ပုဒ်တစ်ခုအား စွဲမြဲစေလိုပါသည်။
“သခင်မျိုးဟေ့ ဒို့ဗမာ” ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ



နောက်ပိုင်းတွင် ထိုသို့ ပြည်ပတပ်များအား ဖိတ်ခေါ်မည်ဆိုပါလျှင် ဖြစ်ပေါ်လာနိုင်သည့် အောက်ပါအချက်များအား ကျွန်တော်လေ့လာမိသလောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁) စစ်ဘေးဒဏ်ခံရမည့် နိုင်ငံနှင့် ပြည်သူအခြေအနေ။
၂) စစ်ပြီးစကာလ နိုင်ငံရေးမငြိမ်သက်မှုများနှင့် မင်းမဲ့စရိုက်များ လွှမ်းမိုးနိုင်မှုအလားအလာ။
၃) နိုင်ငံခြားတပ်များ၏ နှစ်ရှည်လများစွဲဝင်ရောက်မှုနှင့် ထိုအရာတို့၏ အကျိုးဆက်များ။
၎) ပြည်ပနိုင်ငံများမှ အာဏာတင်ပေးသည့် အစိုးရတစ်ခု၏သိက္ခာ၊ နိုင်ငံနှင့် ပြည်သူတို့၏ သိက္ခာနှင့်
၅) ဆယ်စုနှင့်နှင့်ချီကာ ကြာမြင့်နိုင်သည့်၊ မျက်နှာကြည့်နေရမည့် နိုင်ငံရေးစွက်ဖက်ခံရမှုများတို့ ဖြစ်၏။

လေ့လာရင်း ခေါင်းစဉ်များထပ်မံ တိုးလာနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်အားကြီးနိုင်ငံတစ်ခု၏ အကြမ်းဖက်သိမ်းယူခြင်းကို ခံရလျှင် အဆိုပါနိုင်ငံ၏ အခြေနေဆိုးရွားမျှုမှာ လွန်စွာများပြားနိုင်သောကြောင့် ဖြစ်ချေသည်

Tuesday, January 1, 2008

ဒီဇင်ဘာ ၃၁ နှင့် ဘတ်စ်ကားမှတ်တိုင်မှ ရောက်တက်ရာရာအတွေးများ

ရုံးထဲကလှမ်းထွက်လိုက်တော့ အချိန်က (၇)နာရီတောင်ထိုးတော့မယ်.. ဆောင်းတွင်းဆိုတော့ ညရောက်တာကလည်းစောတာမို့ လုံးလုံးကြီးကို မှောင်နေပါပြီ.. Trader Hotel နဲ့ sakura က နှစ်သစ်ကြိုဖို့ ထွန်းထားတဲ့မီးတွေ၊ လမ်းမီးတွေ၊ ဆူးလေဘုရားက မီးတွေနဲ့ မြို့ထဲမှာထိန်လင်းနေပေမဲ့ မီးပျက်ရက်မို့ ကျွန်တော့မြို့သစ်က ရပ်ကွက်လေးကတော့ မှောင်နေမှာပါလေ.. တိုးဝှေ့သွားလာနေတဲ့ လူအုပ်ထဲကနေပဲ ဆူးလေကားဂိတ်ကို လျှောက်လာခဲ့ပါတယ်.. နှစ်သစ်ကူးတော့မှာ မို့လားတော့မသိဘူး.. လူတွေက အနည်းနဲ့ အများတော့ တက်ကြွနေကြသလိုပါပဲ.. လာတဲ့ကားတွေကို တိုးဝှေ့ပြေးတက်နေကြတဲ့ လူအုပ်စုက များတာရော၊ အိမ်ရောက်ရင်လည်း ဖယောင်းတိုင်နဲ့ နေရမှာ ပျင်းတာရောနဲ့ ကျွန်တော် ခရေပင်အောက်ကရပ်ပြီး နည်းနည်း စောင့်နေလိုက်တယ်.. လူတွေကတော့ အရောင်အသွေးအစုံပါပဲ.. ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြီးတော့ မှန်းလို့မရတဲ့လူတွေ...

သူတို့ကိုကြည့်ပြီး ကျွန်တော်တွေးနေမိတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူအများစုဟာ စမတ်ကျကျ ရုံးတက်နိုင်လောက်အောင် အခြေနေမပေးတာတော့ အမှန်ပဲဗျ.. အများအများစုဟာ ငွေကြေးပူပန်မှုတွေကိုယ်စီနဲ့ ကိုယ်ရတဲ့ငွေကို စိစစ်သုံးနေကြရတာချည်းပဲ.. လူနေမှုအဆင့်အတန်းဟာလည်း တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နိမ့်ကျတာပဲ.. ဘာကြောင့်လဲဗျာ..

အများစုကတော့ လက်ရှိအစိုးရကို လက်ညှိုးထိုးကြမှာပဲ.. ဒီမိုကရေစီမရှိလို့.. စစ်အစိုးရအုပ်ချုပ်လို့.. ဖိနှိပ်လို့.. လာဘ်စားလို့.. အား..စုံနေမှာပါပဲ.. ဟုတ်လား.. မဟုတ်ဘူးလား.. ဒါဆိုလည်း ဘာလို့ ဒီလိုအချက်တွေနဲ့ ပြည့်ပြီး ကျပ်တည်းနေ၊ အကျပ်တွေ့နေတဲ့ ပြည်သူကို စီးပွားရေးပိတ်ဆို့မှု ဆိုတာတွေ ထပ်လုပ်နေလဲ..

ပီးတော့ ပိတ်ဆို့မှုတွေကို အရှိန်အဟုန်မြှင့်တော့မယ် ဆိုတာကို ၀မ်းသာအားရ သတင်းတွေကြေငြာနေကြတာလည်း ရေဒီယိုတွေမှာ၊ အင်တာနက်တွေမှာ မြင်နေရတယ်ဗျာ.. ပြည်သူဟာ တော်တော်ကြပ်နေပါပြီဗျာ.. ဘာကြောင့်များ ထပ်ဖိအားပေးချင်ရတာလည်း.. ပြည်သူမှာ တဖက်ကလည်း ဖိနေတယ်.. ဒီဘက်ကလဲ ထပ်ဖိတယ်.. ကိုယ်ဘာမှမတတ်နိုင်တဲ့ ကိစ္စအတွက် အပီခံနေရတယ်.. ကမ္ဘာပေါ်မှာ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေ အများကြီးထဲကမှ ဘာလို့ မြန်မာနိုင်ငံကိုမှ ဒီမိုကရေစီမသုံးလို့ဆိုပြီး ဒဏ်ခတ်ချင်တာလည်း.. မြန်မာပြည်သူကို မင်းတို့ဟာ စစ်အစိုးရကို အသက်စွန့် မတော်လှန်သရွေ့ ငတ်ပြတ်နေအောင် လုပ်ပစ်မယ်.. မင်းတို့နိုင်ငံ မကြီးပွားစေရဘူးဆိုတဲ့ ပုံစံနဲ့ ထပ်ဖိဖို့ ကြိုးစားနေတာဟာ မရက်စက်လွန်းဘူးလားဗျာ..

ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်က နှစ်သက်မိတဲ့စကားလေးတစ်ခုလည်း တွေးမိပါတယ်.. စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်ရအောင် မြန်မာနိုင်ငံဟာ ဘာအပြစ်ရှိလို့လဲ.. သူတို့တွေကရော ဘာမို့လို့ ဒဏ်ပေးပါတယ် ဘာတယ်နဲ့ လာကြောနေတာလည်း.. ဘယ်သူက သူတို့ကို ဒဏ်ပေးပိုင်ခွင့်တွေ ပေးထားလို့လည်း... ကိုယ်တွေကရော ဘာတွေမို့လို့ သူတို့ဒဏ်ပေးတာခံနေရတာလည်း.. ဒါဆိုရင်တော့ ပြည်သူဟာ စီးပွားရေးပိတ်ဆို့မှုကို ခံနေရတာတင်မကတော့ ပါဘူး.. စော်ကားခံရတာပါဖြစ်နေပါပြီ..

နောက်ပြီး ဒီပိတ်ဆို့မှု ကိုလက်ယက်ခေါ်ကြတဲ့ နိုင်ငံရေးသမားတွေ.. ထောက်ခံကြသူတွေ.. သူတို့က စစ်အစိုးရဟာ ရက်စက်ပြီးဖိနှိပ်တယ်လို့ အော်နေကြတယ်.. ဒါဆို အဲဒီဖိနှိပ်တာကို ပြည်သူက အသက်စွန့်မတော်လှန်သရွေ့ မွဲတေအောင်လုပ်ထားမယ်ဆိုတဲ့သဘောလား.. နိုင်ငံနဲ့ ပြည်သူကို တကယ်ချစ်ရင် ဘယ်သူ အုပ်ချုပ်အုပ်ချုပ်ကောင်းစားပါစေလားဗျာ.. ဘယ်ကလာကောင်းစားရမှာလဲ သူတို့အိတ်ထဲပဲရောက်သွားမှာလို့ ရမ်းသမ်းပြောပြီး နိုင်ငံကို ဒီလောက်ထိ နိမ့်ကျစေမယ့် နည်းလမ်းကိုရွေးခဲ့တာတော့ ပရမ်းပတာ နိုင်လွန်းပါတယ်.. ရှင်းရှင်းပြောရင် အဓိကပန်းတိုင်ဟာ နိုင်ငံနဲ့ လူမျိုးကောင်းစားဖို့ မဟုတ်ဘူးလား.. ဒီမိုကရေစီဆိုရင် ကောင်းစားနိုင်တယ်ဆိုပြီး ဒီမိုကရေစီတာမဟုတ်ဘူးလား.. ဒီမိုကရေစီပဲသုံးရမယ်.. ခုစစ်အာဏာရှင် အုပ်ချုပ်နေတယ်.. သူမဆင်းပေးသေးဘူး.. ဆင်းမှာလဲမဟုတ်ဘူး.. အဲဒီတော့ မင်းတို့ သူ့ကိုမတော်လှန်သရွေ့.. နိုင်ငံဒီမိုကရေစီမရှိသရွေ့ မွဲတေနေရမယ်ဆိုတာလား... အသက်စွန့်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရပါဘူး.. ငတ်လွန်းလာပြီကွာ ဘာဖြစ်ဖြစ်တော့ ဆိုပြီး လူစိတ်ပျောက်လောက်အောင် ဖြစ်လာမှပဲ ရမှာပါ.. ပြည်သူကို အဲလောက်ထိသုံးပြီးမှ အောင်ပွဲခံမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ရက်စက်မလွန်းဘူးလား..

ပြည်သူကို နှစ်ဖက်လုံးက ထွက်ပေါက်မရှိအောင် ပိတ်ရိုက်နေတဲ့ ပုံစံဟာ မဖြစ်သင့်ပါဘူး.. နိုင်ငံဟာ ရက်စက်လှတဲ့ အာဏာလုပွဲမှာ ပြားပြားဝပ်နေရပါပြီ.. ဒါဟာ.. ဒီလိုနိုင်ငံရေးသမားတွေရှိတာဟာ အမိမြန်မာနိုင်ငံရဲ့ ကံဆိုးမှုပါပဲ..

သေဆိုသေ ရှင်ဆိုရှင်ဆိုတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တောင် တိုးတက်တဲ့အမြင်တွေနဲ့ သူ့ဘာသာကျဆုံးသေးတာပဲ.. ပြည်သူကို အမြင်ကျယ်အောင် စီးပွားရေးဖွင့်ပေးပြီး ဒီမိုကရေစီလမ်းကြောင်း ရလာအောင် ဘာလို့မကြိုးစားချင်ရတာလဲ.. ကြာမှာပေါ့ဆိုရင်လည်း ခုကောမြန်နေလို့လား.. ကိုယ့်နိုင်ငံကို ပိတ်ပါဆို့ပါနဲ့.. လက်ရှိအစိုးရပြုတ်ကြားတာကလွဲလို့ ဘာကောင်းသတင်းမှ မကြားချင်တော့တာဟာ ဘာကြောင့်များလဲ..

အတွေးတွေစုံပြီး ခေါင်းရှုတ်လာတာနဲ့ ကြည်နေတဲ့စိတ်တောင် ပျောက်သွားသလိုပါပဲ... ကိုယ်ပဲ လိုက်မမီတော့တာလား သူတို့ပဲ ဆန်းပြားလွန်းတာလား...

ဆက်မတွေးချင်တော့တာနဲ့ ကျွန်တော် ခရေပင်အောက်ကထွက်လာလိုက်တယ်.. တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ပေါ်ကိုကြွေကျလာတဲ့ ခရေပွင့်လေးက ပတ်ဝန်းကျင်ကို ကဗျာဆန်သွားစေသလိုပဲ.. ကျွန်တော့်ကို နှစ်သိမ့်တာထင်ပါရဲ့.. တိုးကြပ်ဆဲ ဘတ်စကားပေါ် ကျွန်တော်တိုးတက်လိုက်တယ်.. ခုမှလခလေးထုတ်လာတာမို့ လူကနဲနဲတော့ စိတ်ပေါ့ပါးနေသလိုပါပဲ.. ဘတ်စကားပေါ်မှာလည်း ရီသံတွေ၊ စကားသံတွေ နဲ့ ဆူညံနေတာပဲ..

မြန်မာတွေဟာ ရောင့်ရဲလွယ်ကြတယ်.. မေ့ပျောက်လွယ်ကြတယ်.. ချစ်စရာကောင်းပါတယ်ဗျာ.. ကျွန်တော်ကတော့ စပါယ်ရာအော်သံ.. ခရီးသည်တွေကြပ်သပ်တိုးဝှေ့သံ.. ဘဲဥတွေဝီစီသံ... လက်ဖက်ရည်ဆိုင်က ဘော်လုံးပွဲအားပေးသံ.. ဈေးသည်တွေအော်သံ.. အိမ်မှာရှိတဲ့မိသားစုအသံ.. အိမ်ဘေးကတိုင်းရင်းသူလေးတွေအသံ အားလုံးကို နှစ်သက်တယ်ဗျာ.. ကျွန်တော့်နိုင်ငံဟာ ချစ်စရာပါ..

ဒီနိုင်ငံကို တိုးတက်ပါစေလားဗျာ.. ဘာကြောင့်မှ ပြစ်ဒဏ်မခတ်ပါနဲ့တော့..

ကျွန်တော့်ကားဟာ အသံကျယ်ကြီးအော်ပြီး ပြေးနေပါပြီ.. ၂၀၀၇ ကိုထားခဲ့ပြီး ပြေးနေသလိုပါပဲ.. ၂၀၀၈ ဟာမကြာခင်ရောက်ပါတော့မယ်.. အဲဒီနှစ်သစ်မှာ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုးတွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ ဆုတောင်းလိုက်ပါတယ်ဗျာ..



မောင်ငယ်ရင်သွေး
ဒီဇင်ဘာ ၃၁၊ ၂၀၀၇ အမှတ်တရ

Monday, December 24, 2007

အမေစု

ကိုမျိုးဆောင်းပါးလေးဖတ်ပြီး ကျွန်တော်ခံယူချက်လေး ပြောပါရစေဦးဗျာ.. နိုင်ငံရေးနဲ့မဆိုင်ပါဘူး.. personal ခံစားချက်လေးသက်သက်ပါ...

ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံမှာ ကိုယ်ရိုသေတဲ့အမျိုးသမီးကြီးတွေ၊ သက်ကြီးရွယ်အိုတွေကိုဆိုရင် အမေလို့ခေါ်လေ့ရှိတယ်ဗျာ.. ချစ်စရာလည်းကောင်းတယ်... မြင်ရကြားရတာလည်း နားဝင်ပီယံရှိတယ်ဗျ... ကိုယ့်မိဘနဲ့တောင် တန်းတူထားပြီး ရိုသေလေးစားတယ်ဆိုတာကို ပြရာလည်းရောက်တယ်ဗျာ.. ဒီတော့ ဒေါ်စုကို တချို့တချို့တွေအမေစုလို့ ခေါ်တာများ ဒေါ်စုတော့မသိဘူး ကျွန်တော်တောင်ကြားကနေ ပီတိဖြစ်သေးတယ်.. တော်ရုံလေးစားမှုနဲ့ ဘယ်ခေါ်ကြလိမ့်မလဲ.. ဒေါ်စုအတွက် ဂုဏ်ယူစရာပါပဲ..

အဲ.. အဲဒီမှာ တချို့တွေက အရှိန်လွန်သွားတာလား.. မျက်နှာလုပ်ချင်လွန်းတာလားတော့မသေချာဘူး ...အောင်ဆန်းစုကြည်တို့အမေတွေဘာတွေထိ ဖြစ်လာရော... ကျွန်တော်တော့ နဲနဲလွန်သွားတယ်ထင်တာပဲဗျာ..

စဉ်းစားကြည့်ပါဦး အကိုတို့အမတို့ရာ...
ကျွန်တော့်အတွက်တော့ အမေဟာ
- နိုဘယ်ဆုရချင်မှရမယ်
- ကမ္ဘာကျော်ချင်မှကျော်မယ်
- ပညာတတ်ချင်မှတတ်မယ်
- ပိုက်ဆံရှိချင်မှရှိမယ်
- သြဇာလွှမ်းချင်မှလွှမ်းမယ်
ဒါပေမဲ့ ကျွန်တော့်အမေပါပဲ.. အနန္တကျေးဇူးရှင်အမေပါဗျာ...

ဒီအမေကျေးဇူးကြောင့် ကျွန်တော်လူဖြစ်တယ်.. သူပြုစုကျွေးမွေးလို့ လူလားမြောက်တယ်.. အမေဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်က အမျိုးသမီးတိုင်းထက်သာတဲ့ ဂုဏ်ရှိတယ်ဗျာ... နောက်ကျေးဇူးတင်စရာတစ်ခုက အမေဟာကျွန်တော့်ကို မြန်မာစစ်စစ်တစ်ယောက်အဖြစ်နဲ့ လူ့လောကကို ပို့ပေးခဲ့တယ်... (တချို့တွေလည်း အဲဒီအချက်ကိုကံဆိုးမှုလို့ယူဆပြီး အမေကိုပစ်ပယ်ချင်တာ ဖြစ်ချင်ဖြစ်မှာပေါ့လေ.. ဟားဟား)

ဒေါ်စုအပါအ၀င် တချို့တချို့မိခင်တွေရဲ့ကလေးတွေတောင် အဲဒီလိုကံမပါခဲ့ပါဘူးဗျာ.. ဒါပေမဲ့ဒီမိခင်တွေဟာလည်း သူတို့ကလေးတွေရဲ့ အနှိုင်းမဲ့မိခင်တွေပါပဲ..

ဒီတော့ ရိုသေမှုနဲ့သာ အမေဆိုတဲ့အသုံးကိုသုံးသင့်ပြီး ကိုယ့်အမေကို ပစ်ပယ်တဲ့ထိဖြစ်စေတဲ့ ပုံစံမျိုးတော့ မလုပ်ကြပါနဲ့၊ စိတ်တွေမပြင်းထန်ကြပါနဲ့လို့ ကျွန်တော်ကတော့ ပြောချင်တာပါပဲ.. အိုကေ.. ကျွန်တော့်အမြင်သက်သက်ပါ.. လွဲတာလေးတွေရှိရင်လည်း ထောက်ပြကြပေါ့...

မောင်ငယ်ရင်သွေး

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စုကြည်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော့်အမြင်

ခေါင်းစဉ်အား ပြောင်းလဲတင်ပြထားသော်လည်း ဒေါ်စုကြည်၏ စိတ်နေသဘောထားအား ဆက်လက်သုံးသပ်သည့် ဆောင်းပါးသာဖြစ်ပါသည်။

ဦးစွာ ဗိုလ်ချုပ်အကြောင်း အနည်းငယ်ပြောလိုပါသည်။ ကျွန်တော်သည် ဆွေးနွေးချက်များတွင် ဗိုလ်ချုပ်အကြောင်းကို တစ်ခါမျှထည့်သွင်းခြင်း၊ ဘလော့တွင် ဗိုလ်ချုပ်ပုံများ၊ စာသားများထည့်သွင်းခြင်းအား ယခုဆောင်းပါးမရေးခင်ထိ လုံးဝမပြုလုပ်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်ကဲ့သို့ မြန်မာနိုင်ငံရေးတွင် ဗိုလ်ချုပ်အမည်အား မိမိနေရာအတွက်၊ အာဏာအတွက်၊ ထောက်ခံမှုအတွက်၊ ပိုက်ဆံအတွက်၊ မဲဆွယ်ရေးအတွက် အစချီပြီး အတွက်ပေါင်းများစွာအတွက် သမီးဖြစ်ခဲ့ဘူးသူကပင်မရှောင် လှိုင်လှိုင်အသုံးချခြင်း ပြုနေကြချိန်တွင် ထိုသူများနှင့်ရောရောင်ကာ ပါဝင်မိမည်ကို စိုးရိမ်သောကြောင့် အထူးပင်သတိပြုရှောင်ရှားခဲ့ပါသည်။ ကျွန်တော်လေ့လာမိသည်မှာ လက်ရှိနိုင်ငံရေးလုပ်သူများသည် ပြည်သူ၏ဗိုလ်ချုပ်အပေါ်ထားရှိသော သံယောဇဉ်နှင့် မြတ်နိုးလေးစားမှုအား အသုံးချကာ မိမိလမ်းကြောင်းသည် မည်မျှပင်သွေဖယ်စေကာမူ ဗိုလ်ချုပ်ပြောသည့်စကားများနှင့် အတင်းပင်စပ်ဟပ်ဖြတ်တောက်ယူကာ အသုံးချမှုပြုကြခြင်းပင်ဖြစ်သည်။ ထိုသူတို့သည် မိမိတို့လှုပ်ရှားမှုကို ကိုက်ညီစေမည့် မိန့်ခွန်းများကိုသာ ဖြတ်တောက်ယူကာ ကျန်အပိုင်းများအား ချောင်ထိုးမှုကိုလည်း မျက်နှာပြောင်ပြောင်ပြုဝံ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ နိုင်ငံ၏အာဇာနည်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် အသုံးချခံဖြစ်နေသည်မှာ ရာဇ၀င်ရိုင်းမှုပင်ဖြစ်ချေ၏။

ယခုအခါတွင်မူ စီးပွားရေးပိတ်ဆို့မှုနှင့် ဗိုလ်ချုပ်၏ဖက်ဆစ်ဂျပန်နှင့်လက်တွဲကာ အင်္ဂလိပ်တို့အားဆန့်ကျင်ပုံအား နှိုင်းယှဉ်ကာဆိုလာသည့်အတွက် (ပုထုစဉ်မှတီးရှော့တွင်ရေးသားခဲ့ပြီး အခြား blogger အတော်များများမှလည်း ထောက်ခံကိုးကားကြပါ၏) ယခုဆောင်းပါးအား ရေးသားပြီး တလက်စတည်းမှာပင် ဒေါ်စုကြည်အား ဤရှုထောင့်မှ ဆက်လက်သုံးသပ်သွားမည်ဖြစ်ပါသည်။

ဗိုလ်ချုပ်သည်ဖက်ဆစ်ဂျပန်အား မြန်မာပြည်တွင်းသို့ ဖိတ်ခေါ်လာခြင်းအား ပြည်သူများမှ အပြစ်မမြင်ကြခြင်းသည် အဘယ်ကြောင့်ပါနည်း။ တာဝန်ယူရဲသောစိတ်ဓါတ်ကြောင့်ဟု ကျွန်တော်ယူဆယုံကြည်ပါသည်။ ဗိုလ်ချုပ်သည် မိမိခေါ်လာသည့် ဖက်ဆစ်ဂျပန်တို့သည် မိမိနိုင်ငံတော်အား နစ်နာစေသည်။ မိမိလမ်းကြောင်းသည် မှားယွင်းခဲ့ပြီဟုသိသည်နှင့် တပြိုင်နက် ဂျပန်တော်လှန်ရေးကို မဆုတ်မနှေး ချက်ခြင်းပင် ဦးဆောင်ကာ ပြန်လည်ပြုလုပ်ခဲ့၏။ မည်သည့်အတွက်ကြောင့်မှ ဆုတ်ဆိုင်းနေခြင်းမပြုချေ။ ဤသည်ပင် သူ့အားအာဇာနည်နှင့်ထိုက်တန်စေသော စိတ်ဓါတ်ဖြစ်ခဲ့ပါ၏။ ထိုကဲ့သို့ မိမိအမှားကို တာဝန်ယူရဲသော၊ နိုင်ငံအား မည်သည့်အကြောင်းကြောင့်မှ မနစ်နာစေသည့် အမှန်တကယ်စိတ်ဓါတ်ခိုင်မာသော တာဝန်သိစိတ်ရှိသည့် အာဇာနည်တစ်ဦးသည် ကျွန်တော်တို့ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဖွယ်တည်ရှိပါသည်။ ထိုအရာသည် ဆုကြေးများ၊ အထောက်အပံ့များနှင့် ရစ်တွယ်ကာ လမ်းကြောင်းပျောက်နေသည့်၊ နိုင်ငံကိုနစ်မွန်းစေသည့် နည်းလမ်းများကို သိလျှက်နှင့် နောက်ပြန်မဆုတ်နိုင်သည့် သမီးဖြစ်သူဒေါ်စုကြည်နှင့် လွန်စွာကွဲပြားစေသော အချက်ပင်ဖြစ်၏။

ဒေါ်စုကြည်အားလေ့လာကြည်ပါမည်။ သူမ၏ နိုင်ငံရေးသမားဘ၀အစသည် ယောင်ဝါးဝါးနိုင်လှ၏။ အတွေ့အကြုံအားနည်းသေးသည့်အတွက်ကြောင့်လည်းကောင်း၊ သူမပါဝါအား သူမကိုယ်တိုင် မတိုင်းတာနိုင်သေးသည့်အတွက်လည်းကောင်း တခါတရံ ပျော့ပြောင်းတွေဝေစွာ၊ တခါတရံ တင်းမာခက်ထန်စွာဖြင့် သူမစရိုက်သည် မငြိမ်ပဲ အမျိုးမျိုးဖြစ်ခဲ့ပါသည်။ (အခြေနေကိုမူတည်ပြီး ပျော့သင့်သည့်နေရာတွင်ပျော့၊ မာရမည့်နေရာတွင်မာသည့် ပုံစံမျိုးမဟုတ်ပါ) နောက်ပိုင်းတွင် သူမ၏အရှိန်ဝါသည် နိုင်ငံတကာအလယ်တွင် များစွာနေရာရှိလာသောအခါ၊ ထိုအရာကို သူမကိုယ်တိုင်သတိပြုမိလာသောအခါ သူမသည်မည်သူ့မျှလူမထင်သည့်ပုံစံကို ထင်ရှားစွာပင်ပြလာတော့၏။ အန်အယ်ဒီ၏ ပါတီတွင်းအာဏာသိမ်းခြင်း ခံရခြင်းဟုဆိုချင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီမပြည့်ဝသည့် နိုင်ငံရေးသမားများသည်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးကိုသာဦးတည်သည့် တပါတီစနစ်အောက်တွင် အသားကျနေသည့် ပြည်သူသည်လည်းကောင်း သူမအား ဒီမိုကရေစီစနစ်၊ နည်းလမ်းစသည်တို့ထက် ပုဂ္ဂိုလ်ရေးကိုသာအသားပေးကာ ဒေါ်စုဆိုရပြီ ဘာဖြစ်ဖြစ်ဆိုသည့် အနေထားဖြင့် ကျေကျေနပ်နပ်ပင် သူမ၏လွှမ်းမိုးမှုကို လက်ခံကြပါ၏။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် အသားမကျသော ထိုသူများသည် ဒေါ်စုကြည်၏ လုပ်ရပ်များအပေါ် ဝေဖန်မှုများရှိလာသည့်အခါ ကြမ်းတမ်းစွာတုန့်ပြန်ကြသည့်အတွက် သူမကို ဝေဖန်ဆန့်ကျင်မှုများသည် တစတစပျောက်ကွယ်ကာ သူမအားအကြွင်းမဲ့အာဏာကို ပိုင်စိုးစေ၏။ ယခုမြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိုသည်ကို အငမ်းမရတောင်းဆိုနေကြသော်လည်း ဒေါ်စုမပါသည့်ဒီမိုကရေစီလမ်းကြောင်းများ (အစိုးရလမ်းစဉ် ၇ ရပ်အားမဆိုလိုပါ)၊ မျိုးဆက်သစ်ခေါင်းဆောင်များ မွေးထုတ်သည့်လမ်းကြောင်းများအား တင်ပြမှုများရှိလာသည်နှင့် ခါးခါးသီးသီး ခပ်ကြမ်းကြမ်းပင် တုန့်ပြန်ကြပါသည်။ ထို့ကြောင့်ပင် ဒေါ်စုကြည်သည် အနောက်မှကြေငြာလေ့ရှိသလို ဒီမိုကရေစီ၏ ပုံရိပ်ဖြစ်လာ၏။ ကမ္ဘာ့သမိုင်းနှင့်ချီသည့် ခန့်ခန့်ထည်ထည် အစဉ်လာရှိသော ဒီမိုကရေစီသည် ဒေါ်စုမပါပဲ ဖြစ်တည်၍မရတော့ချေ။ မျက်နှာဖုံးစွပ်ခြင်းခံရချေ၏။

ထိုသို့ အဆင့်တန်းတစ်ခုသည် မည်သို့မှအိမ်မက်ပင်မမက်ခဲ့သော အနေထားသို့ရောက်လာသောအခါ သူမအနေဖြင့် မည်သည့်ပြည်တွင်းနိုင်ငံရေးသမားကိုမျှ မျက်စိထဲတန်းတူမမြင်တော့ချေ။ အဓိကတိုင်ပင်ဆွေးနွေးမှုများသည် အနောက်အုပ်စုများနှင့်သာဖြစ်လာခဲ့၏။ ထို့နောက်တွင်စီးပွါးရေးပိတ်ဆို့မှုသည် ပေါ်ပေါက်လာကာ သူမသည်ဝမ်းသာအားရပင် ထောက်ခံခဲ့ချေသည်။ မည်သည့်နိုင်ငံရေးသမားမျှလည်း ကန့်ကွက်ပါသည်ဟု ကျယ်ကျယ်လောင်လောင်မဆိုဝံ့ကြပါချေ။

မြန်မာ့နိုင်ငံရေးအတိုက်ခံများသည် ထိုအချိန်မှစကာ မြန်မာနိုင်ငံအား အဆိုးပင်မြင်ချင်ကြပါသည်။ ဘက်စုံနိမ့်ကျလာသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအား လက်ညှိုးထိုးစွပ်စွဲကြပါသည်။ အမှန်တကယ် ဖြစ်လာနေသည့် အပြစ်များကို လက်ညှိုးထိုးခြင်းများအပြင် အတွင်းစိတ်တွင်လည်း ထိုအရာများ မြင့်တက်လာမည်ကို စိုးရွံ့မှုများရှိလာကြ၏။ လက်ရှိအစိုးရလက်ထပ်တွင် မည်သည့်အပိုင်းတွင်မျှ ကမ္ဘာ့အလယ်တွင် မြန်မာမျက်နှာရသွားမည်ကို မလိုလားချေ။ ပြည်သူတွေ ကျေနပ်လောက်အောင် ကောင်းသွားမည်ကို မလိုလားချေ။ ယုတ်စွအဆုံး မြန်မာ့ဘောလုံးဆီမီးလောက်တက်ပြီဆိုလျှင်ပင် မျက်နှာပျက်ချင်လာကြ၏။ ပျက်နေပါပြီ၊ ဆင်းနေပါပြီ၊ ကျပ်နေပါပြီဟု စွပ်စွဲအော်ဟစ်နေသော်ငြားလည်း အတွင်းစိတ်သည် ပိုပျက်စမ်း၊ ပိုဆင်းစမ်း၊ ပိုကျပ်စမ်း၊ မခံမရပ်နိုင် ပွင့်ထွက်ကုန်ကြစမ်းဟု ကြံရွယ်နေကြသည်မှာ မဖုံးနိုင်မဖိနိုင်ပင် ထင်ရှားလှ၏။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုအောက်တွင် 10 နှစ်ကျော်မျှ လုံးပါးပါးကာ ဘက်စုံကျဆင်းမှုများအား စိတ်ပိုင်းဆိုင်ရာတွင်ကော ရုပ်ပိုင်းဆိုင်ရာတွင်ပါ ထိခိုက်ခံစားရပါ၏။ နိုင်ငံအား အထိခိုက်များလှသော ထိရောက်မှုနည်းသည့် ဤနည်းလမ်းအား ပြန်လည်ဆန့်ကျင်တိုက်ခိုက်ရန် ဒေါ်စုကြည်သည် မစဉ်းစားပါ။ မစဉ်းစားရဲခြင်းလည်းဖြစ်နိုင်ပါသည်။

ထိုအခါ အချက်သုံးချက်ဖြင့် သုံးသပ်ကြည့်ပါမည်။
၁) ဒေါ်စုကြည်သည် စီးပွါးရေးပိတ်ဆို့မှုလမ်းကြောင်း၏ ထိခိုက်မှုကြီးမားပုံကို သုံးသပ်နိုင်စွမ်းရှိလောက်အောင် အမြင်မရှိခြင်း။ တနည်းအားဖြင့် မမြင်ခြင်း။
၂) နိုင်ငံနှင့် လူထုအားမည်မျှထိခိုက်စေကာမူ အာဏာရရေးသာလျှင် အဓိကလမ်းကြောင်းအဖြစ် သတ်မှတ်ထားခြင်း၊ တနည်း။ နိုင်ငံနှင့် လူထုအားစတေးခြင်း၊
၃) မြင်သိသော်လည်း ထိုလမ်းကြောင်းအား ပယ်ဖျက်ရန်မဖြစ်နိုင်ခြင်း။ ပယ်ဖျက်မည်ဆိုပါလျှင် အနောက်နှင့်ဆန့်ကျင်မှုများ ရှိလာနိုင်သောကြောင့် ထိုလမ်းကြောင်းကို မရွေးချယ်ဝံ့ခြင်း။ တနည်း။ ပယ်ဖျက်ရမည့်လမ်းကြောင်းသည် အနောက်မှ မြန်မာဒီမိုကရေစီရေးအတွက် ကူညီရန်ချထားပေးသော လမ်းကြောင်းအားဖောက်ဖျက်ရာကျခြင်း။

ထိုအခါဒေါ်စုကြည်သည် မှားမှန်းသိသော်လည်း ပြင်ဆင်ရန်တွေဝေသော၊ အမှားကို ၀န်မခံရဲသော၊ ဆုကြေးအထောက်ပံ့များအား ပယ်ဖျက်ရန် သတ္တိမရှိသော သူတစ်ဦးဖြစ်လာ၏။ စိတ်ဓါတ်ခိုင်ကာ ရဲရဲတောက်စကားများအား မြန်မာနိုင်ငံအတွင်းရှိ လူများအား အတွန့်ဆုတ်မရှိ ပြောဝံ့သော အဆိုပါအမျိုးသမီးသည် ကမ္ဘာ့နိုင်ငံများ ၀ိုင်းဝန်းဝေဖန်ကြသည့် အနောက်အုပ်စုများ၏ မတရားစစ်ပွဲများ၊ နိုင်ငံရေးကိစ္စများတွင် ကမ္ဘာ့အရေးကို လစ်လျူရှုထားခြင်းပဲလားမသိနိုင်လောက်အောင် အနောက်နိုင်ငံများအား (အာရှနိုင်ငံများမပါပါ) ချီးကျူးထောက်ခံခြင်းမှအပ ဝေဖန်စကားပြောရန် လက်ရှောင်နေသည်ကို ထင်ရှားစွာပင်မြင်နိုင်၏။

ထိုသို့သူမ၏စိတ်ဓါတ်အား လေ့လာနေစဉ်တွင် အမျိုးသမီးများနေ့သတ်မှတ်ချက်သည် ကျွန်တော့်အားပိုမိုစိတ်ပျက်မိစေပါသည်။ နိုင်ငံရေးသမားများက သူမမွေးနေ့အား အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ မည်မျှပင် နိုင်ငံဂုဏ်ဆောင်စေကာမူ တိုင်းတပါးသားနှင့်လက်ထပ်ထားသည့် သူမ၏ မွေးနေ့သည် မြန်မာအမျိုးသမီးများနေ့ မဖြစ်ထိုက်ပါချေ။ ဒေါ်စုကြည်ကြောင့် တိုင်းတပါးသားနှင့် အိမ်ထောင်ပြုခြင်းအား မြန်မာ့အသိုင်းဝိုင်းမှ ဤမျှထိလက်ခံလာကြခြင်းဖြစ်ပါသည်။ ထို့ပြင် ထိုသို့သတ်မှတ်ခြင်းအားဖြင့် မျိုးဆက်သစ် မြန်မာအမျိုးသမီးလေးများအား အထိန်းကွပ်မရှိ အောင်တွန်းအားပေးရာရောက်စေပါသည်။ အိမ်ထောင်ပြုခြင်းနှင့်ပက်သက်၍ ကျယ်ပြန့်သည့်အမြင်များ ရှိလာကြသည်မှန်သော်ငြားလည်း စိန်ကြည်တိုင်း လက်မထောင်နိုင်လောက်အောင်တော့ မဖြစ်သင့်ပါချေ။ ကျယ်ပြန့်သောအမြင် ခေတ်အမြင်စသည်တို့ကို အကြောင်းပြကာ ငြင်းချက်ထုတ်ခြင်းများကို ပြုကြမည်ဆိုလျှင်တောင်ပင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီးတစ်ဦး၏ မွေးနေ့သည် မြန်မာအမျိုးသမီးများနေ့ မဖြစ်သင့်ပါချေ။ ထိုအရာအား နိုင်ငံရေးသမားများသည် သင့်သည်မသင့်သည် မစဉ်းစား အဆင်ခြင်မဲ့စွာပင် ဖားရလျှင်ပြီးရောသတ်မှတ်ခဲ့ကြချေ၏။

ထိုအခါဒေါ်စုကြည်၏ တုန့်ပြန်မှုကို ကျွန်တော်များစွာစိတ်ဝင်စားမိခဲ့သည်။ သူမသည် သူမပြုခဲ့သည်ဆိုရုံမျှနှင့်တော့ သင့်မသင့်ကို မဆုံးဖြတ်ပဲ လက်ခံလိမ့်မည်ဟု လုံးဝပင်ထင်မထားမိခဲ့ပါချေ။ မည်သူပြုသည်ဖြစ်စေ မသင့်လျှော်ခြင်းသည် မသင့်လျော်ခြင်းသာဖြစ်၏။ မှားသည်ဟုထင်သည်ကို ငုံ့မခံ ပြန်ပြောတတ်သော၊ မည်သည့်အကြောင်းမျှ နောက်မတွန့်သောသူဟု အများကသတ်မှတ်သော သူမသည် ဆိတ်ဆိတ်နေခဲ့ပါ၏။ (ပြုံးပြုံးကြီးကျေနပ်ခဲ့မည်ဟု ထင်ပါသည်) မည်သို့မျှ ပြင်ဆင်ရန်မကြိုးစားပါချေ။ ဒီလိုလုပ်လျှင် ဘာတွေအကျိုးပြစ်ရှိနိုင်သည်မစဉ်းစား၊ မြှောက်လျှင်သင့်သည်မသင့်သည်တောင် မစဉ်းစားပဲ ကျေနပ်နေတတ်သည့် သာမာန်လူတစ်ယောက်ထက် ပိုမိုသည့် တုန့်ပြန်ချက်မရရှိခဲ့ပါချေ။

ထိုသို့ ထိုသို့ သုံးသပ်မိသောအခါဝယ် သူမအား နိုင်ငံတော်အတွက် အားကိုးသင့်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာတို့တွင် ထူးခြားချက်အား မတွေ့ရှိပါတော့ချေ။ သင်တို့သည် သူ့နေရာမှာ ငါသာဆိုလုပ်နိုင်မှာမဟုတ်ဘူးဆိုသည့် လုပ်ဆောင်ချက်မျိုးကို သူမထံမှတွေ့ဘူးပါသလား။ မည်သူမဆို သူမနေရာရောက်လျှင် သူမလောက်တော့ ပြုမူနိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

သို့သော် သူမသည် ချက်နှင့်လက်နှင့် စကားပြောကောင်းသူတစ်ဦးဖြစ်၏၊ ဖခင်အရှိန်ဖြင့် မြန်မာပြည်သူတို့အား လွှမ်းမိုးချုပ်ကိုင်နိုင်သူဖြစ်၏၊ ပညာတတ်သူတစ်ဦးဖြစ်၏။ တဖြည်းဖြည်းနှင့် နိုင်ငံရေးအတွေ့အကြုံများ ရင့်ကျက်လာနေသူတစ်ဦးဖြစ်၏။ ထို့ကြောင့် အမှန်တကယ် ကြိုဆိုသင့်သည့် ဝေဖန်မှုများအား ပြုပြင်ကာထိန်းသိမ်းရင်း ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန် ကြိုးစားလျှင်မူ မြန်မာနိုင်ငံရေးသမားများထဲတွင် အလားလာအကောင်းဆုံးသူတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်သည်ကိုမူ ကျွန်တော့်အနေဖြင့် ငြင်းချက်မရှိပါချေ။

သို့မဟုတ်ပါလျှင်မူ အဆိုပါအမျိုးသမီး၏လက်တွင်းသို့ နိုင်ငံအားအပ်နှင်းရန် ကြံစည်မှုသည်.....

ကျေးဇူးတင်ပါသည်

မျိုးမြန်မာ

Sunday, December 9, 2007

ဒေါ်စုကြည်နှင့်ကျွန်တော့်အမြင်

ကျွန်တော်သည် နိုင်ငံရေးအကြောင်းဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးချက်များအား တတ်နိုင်သမျှရှောင်ရှားလေ့ရှိ၏။ အထူးသဖြင့် နိုင်ငံခေါင်းဆောင်ကြီး၏ သမီးဖြစ်ခဲ့ဖူးပြီး အမျိုးသမီးတစ်ဦးလည်း ဖြစ်နေသည့် ဒေါ်စုကြည်အား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်ဆွေးနွေးရန် များစွာပင် ၀န်လေးမိပါသည်။ သို့သော် သူမသည် သာမာန်အမျိုးသမီးမဟုတ်ပဲ နိုင်ငံအား အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းနေသူတစ်ဦးဖြစ်နေခြင်း၊ ပြည်သူအများစုသည် သူမအား အမိနိုင်ငံတော်၏ အုပ်ချုပ်ခွင့်ကို ပေးအပ်ရန် ဆန္ဒထက်သန်နေကြခြင်းတို့ကြောင့် သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များသည် လည်းကောင်း၊ အမူစရိုက်များသည်လည်းကောင်း နိုင်ငံတော်၏ အရေးနှင့် များစွာဆက်စပ်ပက်သက်လာသည်ဟု ယူဆသဖြင့် မျက်နှာမလွှဲပဲ အရေးပြုဆွေးနွေးခြင်း ဖြစ်ပါသည်။

အတိုက်အခံပါတီ အန်အယ်ဒီတွင် ထိပ်ပိုင်းဦးဆောင်သူများစွာရှိပါလျှက် သူမတစ်ဦးတည်းကိုသာ ဦးတည်သုံးသပ်ရခြင်းမှာ အန်အယ်ဒီကြောင့် သူမရှိနေခြင်းမဟုတ်ပဲ သူမကြောင့်သာ အန်အယ်ဒီရပ်တည်နေခြင်း၊ သူမ၏ သြဇာအာဏာသည် အန်အယ်ဒီတွင် အကြွင်းမရှိ လွှမ်းမိုးနေခြင်းများကြောင့် အခြားသောပုဂ္ဂိုလ်များအား ဝေဖန်ခြင်းမပြုတော့ပဲ ချန်လှပ်ခြင်းလည်း ဖြစ်ပါသည်။

ထိုသို့ သူမ၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များအား သုံးသပ်ရာတွင် သူမ၏အားနည်းချက်ဖြစ်သော အိမ်ထောင်ရေးကို လက်ညှိုးထိုးနေမည်မဟုတ်ပဲ ထိုအိမ်ထောင်ရေးကို အခြေပြုကာ သူမစိတ်ဓါတ်အား ပထမဦးစွာ သုံးသပ်လိုပါ၏။ သူမသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပါသည်။ ဗိုလ်မင်းရောင်သည်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်းကောင်း အညံ့မခံလျှင် ခေါင်းဖြတ်မည်ဟုလည်းကောင်း၊ ဆုငွေထုတ်ခြိမ်းခြောက်ခြင်းများကိုလည်းကောင်း ကြံ့ကြံ့ခံတွန်းလှန်ခဲ့ပါသည်။ သူမကို မည်သူသည် အင်္ဂလိပ်နှင့် အိမ်ထောင်မပြုလျှင်မရဟု ခြိမ်းခြောက်ခဲ့ပါသနည်း။ မရှိပါ။ အလိုတူအလိုပါပင် မိမိဆန္ဒနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ ငယ်ရွယ်ခြင်းနှင့် နိုင်ငံခြားတွင် ကြာမြင့်စွာနေရခြင်းကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ခံစားမှု လျော့ပါးလာခြင်းကြောင့်ဖြစ်သည်။ (အနေဝေးလျှင်စိမ်းသည်ဆိုသည်မှာ လူ့သဘာဝပင်ဖြစ်၏)။ သို့သော် သူမသည် ထိုအိမ်ထောင်ရေးကို အပြစ်တစ်ခုပြုလုပ်မိသကဲ့သို့ (ထိုအချိန်က လူတို့၏အိမ်ထောင်ပြုမှုသည် ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုမရှိကြသေးချေ) သိရှိခံယူခဲ့ကြောင်းကို အိမ်ထောင်ကျပြီးနောက် လိပ်ပြာမလုံစွာ မြန်မာအသိုင်းဝိုင်းနှင့် ပိုမိုစိမ်းကားစွာနေခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် မဖြစ်နိုင်မှသာလျှင် အဆက်သွယ်လုပ်ခြင်းများသည် သိသာစွာပင် ဖြစ်လာပါ၏။ ထို့ကြောင့် သူမသည် မသိသောကြောင့် ပြုမူခဲ့ခြင်းမဟုတ်ပဲ အပြစ်တစ်ခုဟု ခံယူလျှက်ပင် စိတ်ခံစားမှုကို မထိန်းနိုင်ပဲ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်းဖြစ်၏ဟု သုံးသပ်ပါသည်။

ယခုမူ သူမသည် လွန်စွာပင် စိတ်ဓါတ်ကြံ့ခိုင်လှသော ရဲရဲတောက်အမျိုးသမီးကြီးတစ်ဦး ဖြစ်နေပေပြီ... ဘ၀၏ နေရာအသီးသီးတွင် ပျော့ညံ့စွာ အောက်ဆုံးထိဆွဲချထားခဲ့သည့် သူမ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များသည် နိုင်ငံ၏ထိပ်ပိုင်းနေရာကို ရယူနိုင်သောအနေထားတစ်ခုဖြင့် အရှိန်ပြင်းပြင်း ပေါ်ပေါက်နေသည်မှာ အံ့သြောဖွယ်ပင်ဖြစ်၏။ အခြားတစ်ဖက်မှလည်း နိုင်ငံသည် (၈၈)အခါမှ ၀ုန်းဒိုင်းဆိုကာ ကောက်ခါငင်ခါဆင်းရဲသွားခြင်းမဟုတ်ပဲ တဖြည်းဖြည်းကျဆင်းနေသည် ကာလရှည်ကြီးတွင် သူမသည် တစ်ချက်မျှ အရေးမလုပ် သတိမရရှိခဲ့ခြင်းမှာလည်း သူမ၏နိုင်ငံအပေါ်ထားရှိသော သံယောဇဉ်ကို များစွာပင်သံသယ၀င်မိပါသည်။

သာမာန်စိတ်ထားပျော့ပြောင်းကာ ယိမ်းယိုင်လွယ်သည်ဟု ကောက်ချက်ချနိုင်သော အဆိုပါအမျိုးသမီးသည် အဘယ့်ကြောင့် လွန်စွာစိတ်ဓါတ်ကြံ့ခိုင်သူဖြစ်လာပါသနည်း။

အချက်သုံးချက်ဖြင့် သုံးသပ်လိုပါသည်။

၁) လက်ရှိအစိုးရသည် သူမဖခင်မျက်နှာကြောင့်သော်လည်းကောင်း၊ သူမနိုင်ငံ၏ဖိအား (အင်္ဂလန်နိုင်ငံအားဆိုလိုသည်) ကြောင့်သော်လည်းကောင်း သူမအား လွန်စွာဆိုးဝါးရက်စက်စွာ ပြုဝံ့မည်မဟုတ်ခြင်း၊ ပြုလိမ့်မည်မဟုတ်ခြင်း၊ ပြုနိုင်မည်မဟုတ်ခြင်း။

၂) နိုင်ငံတစ်ကာတွင်လည်းကောင်း၊ နိုင်ငံတွင်လည်းကောင်း သူမမမျှော်လင့်ထားခဲ့သည့် အဆင့်တစ်ခုကို ရရှိလာခြင်း။

၃) ပြည်သူ၏ အားပေးမှု၊ ချစ်မြတ်နိုးမှုများသည် သူမ၏စိတ်ကို များစွာပင် ရိုက်ခတ်စေခြင်း။ တစ်နည်းဆိုလျှင် မေတ္တာရောင်ပြန်ဟပ်ခြင်း။

စသည်တို့ကြောင့်ဟု ကောက်ချက်ချပါ၏။ ထိုသို့ ရှေ့ဆက်တိုးလျှင် အကျိုးရှိမည်၊ မိမိအတွက် လုံးဝအကျိုးမယုတ်နိုင် ဆိုသည်ကို သေချာနေသောအခါ ဘယ်အတွက်ကြောင့်များ နောက်ပြန်ဆုတ်ရန် လိုပါမည်နည်း။ ထိုအရာသည် ခိုင်မာသောစိတ်ဓါတ်မဟုတ်ပဲ အပိုင်တွက်သောစိတ်ဓါတ်သာဖြစ်သည်ဟု ဦးစွာသုံးသပ်လိုပါသည်။

ဆက်လက်ဖော်ပြပါမည်

မျိုးမြန်မာ

Tuesday, December 4, 2007

သံဃာအရေးတာဝန်ရှိသူများ (၄) တပ်မတော်အစိုးရ

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးအလှည့် ကျရောက်လာပါပြီဗျာ...

ကိုမျိုးမြန်မာက ဝေဖန်ဘူးတယ်... ဒီမိုကရေစီသမားတွေဟာ မြန်မာနိုင်ငံရေးကို သုံးသပ်ရာ.. လှုပ်ရှားရာတိုင်းမှာ တပ်မတော်အစိုးရကို မကောင်းမြင်ပြီး ရှုတ်ချတဲ့ရှုထောင့်တစ်ခုကလွဲပြီး အခြားဘာကိုမှ ဘယ်ရှုထောင့်ကမှ မတွေးတတ်ကြဘူးတဲ့.. တီးရှော့မှာသူအဲ့လိုရေးလို့ တော်တော်အတီးခံလိုက်ရတာ အားရပါးရပဲ ဖတ်လိုက်ရတယ်.. ဟီးဟီး..

ဒါပေမဲ့ ဒီရှုထောင့်နဲ့ပဲ ဒီသံဃာ့အရေးမှာ တပ်မတော်အစိုးရရဲ့ တာဝန်ရှိပုံကို သုံးသပ်ကြည့်မယ်ဗျာ..

ကျွန်တော်ကတော့ ဒီနေရာမှာ သံဃာတွေကို ရိုက်လို့နှက်လို့ပါဆိုပြီး ရိုက်ခံရတဲ့လမ်းကြောင်းပေါ်အတင်း တွန်းပို့ပြီး ရိုက်တော့မှ ၀ိုင်းအော်တဲ့စတိုင်တော့ လက်မခံပါဘူး.. ဘာလို့လဲဆိုတော့ ၀ိုင်းအော်တဲ့လူတွေကိုယ်တိုင်က သံဃာတွေကို သနားလို့မဟုတ်ပဲ ဟ.. ဒီအစိုးရတော့ ချောက်ကျပြီဟဆိုပြီး..နိုင်ငံရေးတိုက်ကွက်ဆင်ပုံက အထင်းသားကြီးဖြစ်နေတာကိုဗျာ..

ကဲ... ကောင်းပါလေ့.. ဓမ္မစက်နဲ့မရရင် အာဏာစက်နဲ့ နိုင်ငံဆူပူမှုကို ထိမ်းသိမ်းရပါမယ်ဆိုပြီး လနဲ့ချီပြီး ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြပွဲတစ်ခုကို အကြမ်းဖက်နှိမ်နင်းဖို့ စတင်ခဲ့တဲ့နေ့ဟာ တော်သလင်း လပြည့်နေ့တဲ့ဗျာ.. မိုက်ကယ်ပဲ.. ဘုန်းကြီးတွေတောင် လပြည့်နေ့ မရှောင်သေးတာပဲလို့တော့ ပြောလို့မရဘူးလေ.. ဟိုကအရှိန်တက်နေကြပြီ.. ပါဝင်တဲ့သံဃာတွေရော ပြည်သူတွေပါ နိုင်ငံရေးစိတ်တွေ တက်နေကြပြီ..

ထားလိုက်ပါ ကျွန်တော်က ဒီအပိုင်းကို အဓိကထားပြောချင်တာမဟုတ်ပါဘူး..

လက်ရှိအစိုးရဟာလည်း ဒီအဖြစ်ပျက်မှာ တာဝန်ရှိသူဆိုတာ ငြင်းလို့မရပါဘူး.. ဒါပေမဲ့ကျွန်တော်မြင်တဲ့ ရှုထောင့်က အာဏာကို အရမ်းကြာအောင် စွဲကိုင်လွန်းတာနဲ့ အာဏာလွှဲပြောင်းမှုလမ်းစဉ်ဟာ တုံ့နှေးကြန့်ကြာပြီး အစိုးရဟာ အာဏာအမှန်တကယ် လွှဲဖို့ တက်တက်ကြွကြွမရှိတာကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာတာလို့ထင်ပါတယ်..

အတိုက်ခံတွေဟာ နိုင်ငံတော်အာဏာကို စိတ်ချလက်ချ လွှဲပြောင်းယူဖို့ စနစ်တကျမရှိ၊ ဖရိုဖရဲနဲ့ တချို့ဆို ခြေလှမ်းတွေ အရမ်းကျွံမိနေကြတာမှန်ပေမဲ့ အစိုးရအနေနဲ့ မိမိတာဝန်ယူထားခြင်းဟာလည်း နိုင်ငံကို နစ်နာစေနေတယ်ဆိုတာကို သတိပြုသင့်တယ်ထင်တယ်ဗျ.. သူတို့ကိုပေးရင် ပိုဆိုးမှာပေါ့လို့အော်နေပြီး ကိုယ်ကိုင်ထားတာဟာလည်း ဘယ်လောက်တောင်ထိနေပြီလဲဆိုတာ သတိထားပါဦး.. အဲဒီတော့ အကောင်းဆုံးဖြစ်မယ့် ပြောင်းလဲမှုတစ်ခုကို မဖြစ်မနေလုပ်ဖို့ ဟန်ပြမဟုတ်ပဲ တကယ်ကို အားစိုက်ကြိုးပမ်းသင့်တယ်.. နောက်တောင်ကျနေပါပြီ.. နိုင်ငံတောင် တော်တော်ထိနေပြီ..

ခုတော့ ရှေ့ကပြောခဲ့တဲ့ နိုင်ငံရေးအတိုက်ခံတွေရဲ့ နိုင်ငံကို မညှာစတမ်း သာသနာကိုအသုံးချတဲ့ အာဏာလုပွဲမှာ ပြည်သူနဲ့ သံဃာတွေ ခြေလှမ်းမှား ၀င်ပါလာတဲ့ထိအောင် တိုင်းပြည်ဟာ အကျပ်ရိုက်နေတယ်ဆိုတာ သတိထားရမယ်ထင်တယ်ဗျာ.. (ခြေလှမ်းမှာတယ်ဆိုတာက သံဃာတွေ နိုင်ငံရေးထဲဝင်ပါတာကို မသင့်တော်မှန်းသိရက်နဲ့တောင် ပြည်သူဟာ အားပေးအားမြှောက်ပြုတာကို ပြောတာပါ..) နေရာတကာမှာ လူတွေဟာ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး သင့်မှန်းမသင့်မှန်း မသိလောက်အောင်ကို ထွက်ပေါက်ရှာလာနေတာဟာ လက်ရှိအစိုးရမှာ တာဝန်အများကြီး ရှိနေတယ်လို့ မမြင်မိဘူးလား.. နေ့တိုင်းကိုယ့်သတင်းစာပဲ ကိုယ်ပြန်ဖတ်ပြီး သဘောတွေကျနေတယ်နဲ့တူတယ်...

ခုတော့ ဒီသံဃာအရေးကြီးဖြစ်လာတဲ့အခါ အစိုးရဟာ သြော်သံဃာအရေးပဲလို့ မမြင်ပဲ ဘာ့ကြောင့်များ ရှေ့မှာကျွန်တော်ရေးခဲ့တဲ့ အချက် (၁) (၂) (၃) တွေဟာ မဖြစ်သင့်ပဲ ဖြစ်လာရပါလိမ့်ဆိုတာကို သုံးသပ်ကြည့်ပါဦး.. ဒါကြောင့် ဒီအရေးကြီးမှာ အစိုးရဟာလည်း တစ်တပ်တအားနဲ့ တာဝန်ရှိသူလို့ စွပ်စွဲလိုက်ပါတယ်..

ဒီနေရာမှာ ကျွန်တော်နောက်တစ်ခုသတိထားမိတာက အစိုးရနဲ့ အတိုက်ခံ နှစ်ဖက်လုံးဟာ တစ်ဖက်နဲ့တစ်ဖက် သူ့ကြောင့်သူ့ကြောင့် နဲ့ လက်ညှိုးထိုးပြီး ကြားထဲက တိုင်းပြည်ကျဆင်းနေတာကို ရူးချင်ရောင်ဆောင်နေကြတာပဲ.. ကိုယ့်ကြောင့် လို့သာ လက်ခံပြီး ပြုပြင်လိုက်ကြမယ်ဆိုရင် ရွှေပြည်တော်ဟာ မဝေးပါဘူးဗျာ.. ကဲစည်သူလွင်ရေ.. တစ်ပုဒ်လောက်ဟဲဗျာ... ကိုယ့်ကြောင့်....

မောင်ငယ်ရင်သွေး

Sunday, December 2, 2007

သံဃာ့အရေးတာဝန်ရှိသူများ (၃) နိုင်ငံရေးအတိုက်အခံများ

(၃) နိုင်ငံရေးအတိုက်အခံများရဲ့ ရှုထောင့်ကို ကျွန်တော့်အမြင်နဲ့ဆွေးနွေးပါမယ်..

ဒီနေရာမှာ နှစ်ပိုင်းထပ်ခွဲချင်တယ်ဗျာ..

တစ်ပိုင်းက သံဃာတွေကို ၀င်ပါလာအောင် လှုပ်ရှားခဲ့တဲ့အပိုင်းပါ.. ဘာသာဝင်များမှ ဟုတ်ပါလေစလို့ မှတ်ယူရလောက်အောင် (ဟုတ်ချင်မှလည်းဟုတ်မှာပါ) သေးသိမ်တဲ့ အိုင်ဒီယာနဲ့ လုပ်ဆောင်ခဲ့ပါတယ်လို့ စွပ်စွဲချင်တယ်ဗျာ.. ကိုယ့်လုပ်ရပ်ဟာ ဘာသာသာသနာကြီးတစ်ခုလုံးကို ထိခိုက်လောက်အောင် ဖြစ်လာမယ်ဆိုတာတောင် သတိမထားမိလောက်အောင် အာဏာလုချင်တာလား.. ဒါမှမဟုတ် မသိနိုင်လောက်အောင် ပိန်းတာလာဆိုတာတော့ မသိဘူးဗျို့...

ဒီအုပ်စုက လှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ အရှိန်မြင့်လာတဲ့ အချိန်မှာ ကျွန်တော်တောင် အားရ၀မ်းသာ ထောက်ခံခဲ့ပါရဲ့.. ပြည်သူတွေ.. ကျောင်းသားတွေပါလာအောင် နည်းမျိုးစုံနဲ့ လှုပ်ရှားတော့ ကိုယ်တိုင်ပါရမှာကိုတော့ နှာစီးသလိုလို၊ ခေါင်းကိုက်သလိုလိုနဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့ ပြည်သူတွေကို ကြည့်ပြီး မချင့်မရဲတောင်ဖြစ်မိပါရဲ့ဗျာ.. မြို့တော်ခန်းမရှေ့ စုပြီးဟောမယ်ပြောမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ကျွန်တော့်စိတ်တွေ အရှိန်အဟုန်နဲ့ တက်ကြွခဲ့ပါရဲ့.. အဲနောက်တော့ သံဃာတွေလှုပ်ရှားမှုစရော.. ကျွန်တော်လဲ ပက်လက်လန်ရော.. စိတ်တွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး..

ကျွန်တော်ကတော့ရှင်းတယ်.. နိုင်ငံအတွက်စတေးခံပြီး တိုက်ပွဲဝင်တဲ့အထဲမှာ သံဃာရတနာဟာ စတေးခံမဖြစ်ရဘူး.. ဒါဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ မဖြစ်မနေထားကိုထားရမဲ့စိတ်ပဲ.. ခုတော့ လမ်းကြောင်းက ပြောင်းတယ်.. သံဃာထဲကို လူတွေထည့်ပြီး (အစိုးရကစွပ်စွဲတာဖြစ်သလို တကယ်ဟုတ်တယ်ဆိုတာလည်း လူတိုင်းသိတယ်) လှုပ်ရှားမှုတွေကို စမ်းတယ်.. နိုင်ငံရေးအရ ပေါက်တယ်ဗျာ.. အောင်မြင်တယ်.. အရှိန်တင်လာရော.. တဖက်ကတော့ ဗုဒ္ဓဘာသာနဲ့ ဘုန်းကြီးတွေသွားရော..

ကိုယ့်အသက်တောင်စတေးသေးတာပဲ ဘာသာလောက်ကတော့ ထည့်မတွက်ဘူးဆိုတဲ့ စကားနဲ့လာကာလို့လဲမရဘူး.. ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာဟာ အကိုတို့ကျွန်တော်တို့ အသက်တွေထက် တန်ဖိုးရှိလို့ပဲ.. ကိုယ်သေလို့ဘာမှမဖြစ်ဘူး.. ဒါကဘာသာပျောက်မယ့်အရေးလေ..

ပြီးတော့ သူတို့ကပဲ အသံကောင်းဟစ်ပြီး လက်ညှိုးထိုးလိုက်သေးတယ်.. ဒီလိုဖြစ်အောင် plan ကို ချခဲ့တာပဲမဟုတ်လား.. အဲလိုလူတွေဟာ ကြုံလာရင် လက်ရှိအစိုးရလိုပဲ သံဃာကို ရိုက်နှက်ဖို့ဝန်လေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်.. ဘာလို့လဲဆိုတော့ ကိုးကွယ်စရာ သံဃာကို သံဃာလို့မှ သူတို့မထင်ထားပဲလေ.. အသုံးချစရာတစ်ခုလောက်ပဲသတ်မှတ်ပုံကိုတော့ ရှုတ်ချတယ်ဗျာ...

ဒီနေရာမှာ ကြုံလို့ အဲဒီနိုင်ငံရေးသမားတွေ... လှုပ်ရှားမှုတွေမှာမပါတဲ့ ဘုန်းကြီးတွေကို ရှုတ်ချသလိုလို.. ဘာလိုလိုနဲ့လုပ်ကြသူတွေကို မေးချင်စမ်းပါတယ်.. နိုင်ငံရေးမှာ ဘုန်းကြီးတွေကို ၀င်ပါစေချင်တာလား.. တကယ်လို့ ပါတီစုံဒီမိုကရေစီခေတ်ရောက်ရင် ဘုန်းကြီးတွေ မဲထည့်ကြ.. မဲဆွယ်ကြ.. ကိုယ့်ပါတီအတွက် ဟောကြ ပြောကြ.. ကိုယ်တော့်ကို ကြည်ညိုရင် ကိုယ်တော့ပါတီထည့်လို့ စည်းရုံးကြ.. ကိုယ့်ပါတီ အနိုင်ရဖို့အရေး လိမ်ကြညာကြ ဖြစ်ကြမှာကို လက်ခံထားတာလား..(ခုလည်း ဘုန်းကြီးတွေ လိမ်ညာပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းတာတွေ.. အသံလွှင့်တာတွေဟာ နယ်စပ်မှာဈေးကွက်တစ်ခုလိုတောင် ဖြစ်နေပါပြီ.. သတင်းကောင်းပေးတာပါ.. သွားချင်တဲ့အရှင်တွေ သွားလို့ရအောင်.. ပလာစတာတစ်ခုလောက်ကပ်ထားရင် ရတယ်ဆိုပဲ..) ဒီကိစ္စဟာ ဘုန်းကြီးရဲ့ မူလသိက္ခာတရားနဲ့ပဲ ဆိုင်ပါတယ်ဆိုပြီး ပြောလာမယ်ဆိုရင်တော့ အဲဒီလူတွေဟာ ခုချိန်မှာ မပါတဲ့ဘုန်းကြီးတွေကိုတောင် တပည့်တော်တို့ လှူတာစားနေရင် တပည့်တော်တို့တွက် လုပ်ပေးပါဆိုတဲ့စတိုင်နဲ့ သံဃာတွေရဲ့သိက္ခာကို ဖျက်ဆီးနေကြတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိထားကြပါဦးဗျာ..

နောက်တစ်ပိုင်းက သံဃာတွေအရှိန်ကောင်းပြီဆိုမှ ဘေးကကပ်မြှောင်လာတဲ့ နိုင်ငံရေးသမားတွေ..

ပထမပိုင်း ပြည်သူတွေလာပါ.. နိုင်ငံရေးသမားတွေထွက်ကြ.. ကျောင်းသားတွေစုကြ လုပ်တုန်းကတော့ ဘယ်ရောက်နေကြမှန်းမသိပဲ.. နောက်ဘုန်းကြီးတွေ အရှိန်ကောင်းလာပြီ... အစိုးရလည်း လက်ပိုက်နေရတယ်ဟဆိုမှပဲ... အခြေနေကောင်းရင် ငါတို့နေရာတွေရအောင်ဆိုပြီး ၀င်ကြဲဘို့ထွက်လာကြပါရဲ့.. အရင်ထဲကသာ သူတို့တက်တက်ကြွကြွပါခဲ့ကြမယ်ဆိုရင် သံဃာတွေတောင် ၀င်ပါစရာမလိုတော့ပါဘူးး... အဲဒီတော့ သူတို့ရဲ့ပျက်ကွက်မှုတွေ.. အားနည်းမှုတွေနဲ့ ညစ်နွမ်းလှတဲ့ သံဃာတွေကို အသုံးချတဲ့စီမံကိန်းကြီးနဲ့လဲတွေ့ရော.. ကဲ...

သံဃာကိုသံဃာလို့မထင်ပဲ အသုံးချခဲ့တဲ့ နိုင်ငံရေးသမားတွေဟာ ဒီကိစ္စကြီးမှာ မဟာအဓိက (လုံးဝ) တာဝန်ရှိသူတွေပါလို့ ကျွန်တော်တော့ လက်ညှိုးတဲ့တဲ့ထိုးပြီးတော့ကို စွပ်စွဲချင်တာပဲ.. (မတားနဲ့)... အရင်ထဲက အလုပ်လုပ်ရင် စည်းမကျ.. စနစ်မကျ.. ရှေ့မကြည့် နောက်မကြည့်နဲ့ လျှောက်လုပ်တတ်တဲ့ အဲဒီအတိုက်အခံတွေဟာ ခုထိ ဒီပုံတိုင်းဖြစ်နေကြတာကတော့ သူတို့အားကိုးရမှာတောင် လန့်မိပါရဲ့ဗျာ...

မောင်ငယ်ရင်သွေး