Sunday, December 9, 2007

ဒေါ်စုကြည်နှင့်ကျွန်တော့်အမြင်

ကျွန်တော်သည် နိုင်ငံရေးအကြောင်းဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးချက်များအား တတ်နိုင်သမျှရှောင်ရှားလေ့ရှိ၏။ အထူးသဖြင့် နိုင်ငံခေါင်းဆောင်ကြီး၏ သမီးဖြစ်ခဲ့ဖူးပြီး အမျိုးသမီးတစ်ဦးလည်း ဖြစ်နေသည့် ဒေါ်စုကြည်အား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်ဆွေးနွေးရန် များစွာပင် ၀န်လေးမိပါသည်။ သို့သော် သူမသည် သာမာန်အမျိုးသမီးမဟုတ်ပဲ နိုင်ငံအား အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းနေသူတစ်ဦးဖြစ်နေခြင်း၊ ပြည်သူအများစုသည် သူမအား အမိနိုင်ငံတော်၏ အုပ်ချုပ်ခွင့်ကို ပေးအပ်ရန် ဆန္ဒထက်သန်နေကြခြင်းတို့ကြောင့် သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များသည် လည်းကောင်း၊ အမူစရိုက်များသည်လည်းကောင်း နိုင်ငံတော်၏ အရေးနှင့် များစွာဆက်စပ်ပက်သက်လာသည်ဟု ယူဆသဖြင့် မျက်နှာမလွှဲပဲ အရေးပြုဆွေးနွေးခြင်း ဖြစ်ပါသည်။

အတိုက်အခံပါတီ အန်အယ်ဒီတွင် ထိပ်ပိုင်းဦးဆောင်သူများစွာရှိပါလျှက် သူမတစ်ဦးတည်းကိုသာ ဦးတည်သုံးသပ်ရခြင်းမှာ အန်အယ်ဒီကြောင့် သူမရှိနေခြင်းမဟုတ်ပဲ သူမကြောင့်သာ အန်အယ်ဒီရပ်တည်နေခြင်း၊ သူမ၏ သြဇာအာဏာသည် အန်အယ်ဒီတွင် အကြွင်းမရှိ လွှမ်းမိုးနေခြင်းများကြောင့် အခြားသောပုဂ္ဂိုလ်များအား ဝေဖန်ခြင်းမပြုတော့ပဲ ချန်လှပ်ခြင်းလည်း ဖြစ်ပါသည်။

ထိုသို့ သူမ၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များအား သုံးသပ်ရာတွင် သူမ၏အားနည်းချက်ဖြစ်သော အိမ်ထောင်ရေးကို လက်ညှိုးထိုးနေမည်မဟုတ်ပဲ ထိုအိမ်ထောင်ရေးကို အခြေပြုကာ သူမစိတ်ဓါတ်အား ပထမဦးစွာ သုံးသပ်လိုပါ၏။ သူမသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပါသည်။ ဗိုလ်မင်းရောင်သည်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်းကောင်း အညံ့မခံလျှင် ခေါင်းဖြတ်မည်ဟုလည်းကောင်း၊ ဆုငွေထုတ်ခြိမ်းခြောက်ခြင်းများကိုလည်းကောင်း ကြံ့ကြံ့ခံတွန်းလှန်ခဲ့ပါသည်။ သူမကို မည်သူသည် အင်္ဂလိပ်နှင့် အိမ်ထောင်မပြုလျှင်မရဟု ခြိမ်းခြောက်ခဲ့ပါသနည်း။ မရှိပါ။ အလိုတူအလိုပါပင် မိမိဆန္ဒနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ ငယ်ရွယ်ခြင်းနှင့် နိုင်ငံခြားတွင် ကြာမြင့်စွာနေရခြင်းကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ခံစားမှု လျော့ပါးလာခြင်းကြောင့်ဖြစ်သည်။ (အနေဝေးလျှင်စိမ်းသည်ဆိုသည်မှာ လူ့သဘာဝပင်ဖြစ်၏)။ သို့သော် သူမသည် ထိုအိမ်ထောင်ရေးကို အပြစ်တစ်ခုပြုလုပ်မိသကဲ့သို့ (ထိုအချိန်က လူတို့၏အိမ်ထောင်ပြုမှုသည် ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုမရှိကြသေးချေ) သိရှိခံယူခဲ့ကြောင်းကို အိမ်ထောင်ကျပြီးနောက် လိပ်ပြာမလုံစွာ မြန်မာအသိုင်းဝိုင်းနှင့် ပိုမိုစိမ်းကားစွာနေခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် မဖြစ်နိုင်မှသာလျှင် အဆက်သွယ်လုပ်ခြင်းများသည် သိသာစွာပင် ဖြစ်လာပါ၏။ ထို့ကြောင့် သူမသည် မသိသောကြောင့် ပြုမူခဲ့ခြင်းမဟုတ်ပဲ အပြစ်တစ်ခုဟု ခံယူလျှက်ပင် စိတ်ခံစားမှုကို မထိန်းနိုင်ပဲ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်းဖြစ်၏ဟု သုံးသပ်ပါသည်။

ယခုမူ သူမသည် လွန်စွာပင် စိတ်ဓါတ်ကြံ့ခိုင်လှသော ရဲရဲတောက်အမျိုးသမီးကြီးတစ်ဦး ဖြစ်နေပေပြီ... ဘ၀၏ နေရာအသီးသီးတွင် ပျော့ညံ့စွာ အောက်ဆုံးထိဆွဲချထားခဲ့သည့် သူမ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များသည် နိုင်ငံ၏ထိပ်ပိုင်းနေရာကို ရယူနိုင်သောအနေထားတစ်ခုဖြင့် အရှိန်ပြင်းပြင်း ပေါ်ပေါက်နေသည်မှာ အံ့သြောဖွယ်ပင်ဖြစ်၏။ အခြားတစ်ဖက်မှလည်း နိုင်ငံသည် (၈၈)အခါမှ ၀ုန်းဒိုင်းဆိုကာ ကောက်ခါငင်ခါဆင်းရဲသွားခြင်းမဟုတ်ပဲ တဖြည်းဖြည်းကျဆင်းနေသည် ကာလရှည်ကြီးတွင် သူမသည် တစ်ချက်မျှ အရေးမလုပ် သတိမရရှိခဲ့ခြင်းမှာလည်း သူမ၏နိုင်ငံအပေါ်ထားရှိသော သံယောဇဉ်ကို များစွာပင်သံသယ၀င်မိပါသည်။

သာမာန်စိတ်ထားပျော့ပြောင်းကာ ယိမ်းယိုင်လွယ်သည်ဟု ကောက်ချက်ချနိုင်သော အဆိုပါအမျိုးသမီးသည် အဘယ့်ကြောင့် လွန်စွာစိတ်ဓါတ်ကြံ့ခိုင်သူဖြစ်လာပါသနည်း။

အချက်သုံးချက်ဖြင့် သုံးသပ်လိုပါသည်။

၁) လက်ရှိအစိုးရသည် သူမဖခင်မျက်နှာကြောင့်သော်လည်းကောင်း၊ သူမနိုင်ငံ၏ဖိအား (အင်္ဂလန်နိုင်ငံအားဆိုလိုသည်) ကြောင့်သော်လည်းကောင်း သူမအား လွန်စွာဆိုးဝါးရက်စက်စွာ ပြုဝံ့မည်မဟုတ်ခြင်း၊ ပြုလိမ့်မည်မဟုတ်ခြင်း၊ ပြုနိုင်မည်မဟုတ်ခြင်း။

၂) နိုင်ငံတစ်ကာတွင်လည်းကောင်း၊ နိုင်ငံတွင်လည်းကောင်း သူမမမျှော်လင့်ထားခဲ့သည့် အဆင့်တစ်ခုကို ရရှိလာခြင်း။

၃) ပြည်သူ၏ အားပေးမှု၊ ချစ်မြတ်နိုးမှုများသည် သူမ၏စိတ်ကို များစွာပင် ရိုက်ခတ်စေခြင်း။ တစ်နည်းဆိုလျှင် မေတ္တာရောင်ပြန်ဟပ်ခြင်း။

စသည်တို့ကြောင့်ဟု ကောက်ချက်ချပါ၏။ ထိုသို့ ရှေ့ဆက်တိုးလျှင် အကျိုးရှိမည်၊ မိမိအတွက် လုံးဝအကျိုးမယုတ်နိုင် ဆိုသည်ကို သေချာနေသောအခါ ဘယ်အတွက်ကြောင့်များ နောက်ပြန်ဆုတ်ရန် လိုပါမည်နည်း။ ထိုအရာသည် ခိုင်မာသောစိတ်ဓါတ်မဟုတ်ပဲ အပိုင်တွက်သောစိတ်ဓါတ်သာဖြစ်သည်ဟု ဦးစွာသုံးသပ်လိုပါသည်။

ဆက်လက်ဖော်ပြပါမည်

မျိုးမြန်မာ

No comments: