Saturday, August 2, 2008

ပြည်သူ့အတွက်တဲ့လား...

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပီ.. ဟော.. Road Map တဆင့်တက်သွားပီ လို့လဲဆိုရော အသံတွေမျိုးစုံထွက်.. ဟိုလိုဝေဖန်ရတာနဲ့ ဒီလိုကြေငြာချက် ထုတ်ရတာနဲ့ နိုင်ငံရေး အဖွဲ့တွေလည်း အရင်လို ဘာလုပ်ရမှန်းမသိ ပျင်းရိပျင်းတွဲမဟုတ်တော့ပဲ အလုပ်လေးဘာလေးရလို့ စည်စည်ကားကား ရှိလာတာလေးကြည့်.. ထောက်ခံပါရဲ့.. မထောက်ခံပါ အသံမျိုးစုံနားထောင်လို့ ဒီအကြောင်းလေး ရေးဖို့ဖန်လာရပါတယ်လို့ အစပျိုးချင်ပါရဲ့ခင်ဗျာ...

ကျွန်တော်ကတော့ ထောက်ခံမဲထည့်ပီးတော့ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သမို့ အတည်ပြုခဲ့တဲ့ ရာနှုန်းကြီးထဲမှာ သဲတစ်ပွင့်ခေါ်မလား အုတ်တစ်ချပ်ဖြစ်မလား ပါတော့ပါခဲ့ပါရဲ့.. ဘာလို့လဲဆိုတော့ ဒီလမ်းသည်သာ မြန်မာ့အရေးအတွက် တဆင့်တက်သွားစေမဲ့လို့ ယုံကြည်လို့ပါပဲ..

ကျွန်တော့်အနေနဲ့ကတော့ ရှင်းပါတယ်.. ခုလိုအကြပ်အတည်းမှာ ကျွန်တော့နိုင်ငံကြီးရှိနေတာကို ဘယ်လိုလွတ်အောင်လုပ်နိုင်မလဲ.. ဒီနေရာမှာ လက်ညှိုးထိုးမလွဲတဲ့ အတိုက်အခံပါဆိုပီး လက်မထောင်နေတဲ့ လူတွေရဲ့ အရည်အချင်းဟာ သူတို့တော်လှန်ရေးသက်တမ်း လူပျိုဖြစ်လာတာနဲ့လိုက်ပီးကို မေးခွန်းထုတ်စရာ ဖြစ်လာပါရော.. ပြည်သူ့အတွက်ပါလို့ တပြားမှမလျော့အောင် အော်နေပေမဲ့လည်း ပြည်သူ့အတွက် ဆိုတာ လက်တွေ့ရော စာတွေ့မှာပါ ဘာတစ်ခုမှ ထွက်မလာတဲ့အပြင် လုံးခြာလည်ရိုက်ပီး ဘာတွေမှန်းမသိအောင် ဖြစ်နေကြတာတွေ.. အစတော့ စိတ်ပါ.. နောက်တော့ ငွေနောက်ပါပီး စီးပွားရေးသက်သက်လို လုပ်နေကြတဲ့ တော်လှန်ရေးသမားအချို့တွေ.. ဒီလူတွေကို ကြည့်ပီး ညစ်လာတာတော့ အမှန်ပဲဗျ.. လုပ်နေတာပဲလေကွာဆိုရင်လဲ အကျိုးသက်ရောက်မှုဟာ ဘာမှမရှိ၊ ပြည်သူကို ဘယ်နေရာမှမှ အကာကွယ်မလုပ်ပေးနိုင်တဲ့ အပြင် ကျရောက်နေတဲ့ အကျပ်အတည်းတွေကို ပိုဆိုးစေမဲ့ ဖရုံသီးတွေဖြစ်နေတာ.. ထွက်လာသမျှ အစီအစဉ်တွေ စာတမ်းတွေဟာ ဖရုံသီးမက အလေးပြားတွေပါဖြစ်လာနေလို့ ဘူးလေးရာ အလေးဆင့်လို့ စကားပုံတောင် ပြောင်းရမလိုပါပဲ..

ဒါ့အပြင် တချို့တွေကတောင် ဆိုကြသေးသဗျ.. ပြည်သူတွေမှ မပါလာပဲ.. ပြည်သူတွေ ကြောက်မနေကြပါနဲ့.. တိုက်ကြပါ ခိုက်ကြပါ.. ဆိုပီး ပြည်သူ့တောင် သူတို့မအောင်မြင်မှုကို လွှဲချချင်သေးတာ မြင်ရသေးသဗျ.. ဟုတ်ကဲ့.. အဲလိုပြောချင်သပဆိုလည်း ဘာလို့ ပြည်သူ့အတွက်လို့ နာမည်ခံချင်ကြသေးလဲခင်ဗျ.. ပြည်သူဟာ ကိုယ့်ဘာသာ အသက်စွန့်တိုက်ယူရမယ်.. တိုက်တော့လည်း ဒီနေရာမှာ အဲဒီအတိုက်အခံဆိုတာက ရှေ့ဆုံးကနေ တိုက်ပေးမှာလည်း မဟုတ်.. မင်းတို့အသက်စွန့်တိုက်ကြ ငါတော့ ပြည်သူ့အတွက် လုပ်လိုက်ဦးမယ်ဆိုပီး ဘာလုပ်နေမှန်းမသိ ပုံစံကတော့ ဘယ်သူ့က ဘယ်သူ့အတွက် လုပ်ရမှာပါလိမ့်လို့ ခေါင်းတောင်နောက်မိပါရဲ့.. အင်း.. ငါသေသွားရင် မင်းတို့တိုက်လို့ အောင်မြင်ချိန်မှာ ဘယ်သူက တိုင်းပြည်တိုးတက်အောင် နောက်ပိုင်းဦးဆောင်မလဲကွ.. ဗိုလ်ချုပ်မမြင်ဘူးလားဆိုတဲ့ စိတ်မျိုးထားရှာတယ် ထင်ပါ့ အတိုက်အခံတို့ရယ်...

အဲဒီတော့ မင်းတို့ ပြည်သူတွေကြောက်လို့ဆိုရင်လဲ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပီး ကျွန်တော့်အနေနဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်မို့ ပြောချင်ပါ့ဗျာ.. ဟုတ်ပီ အဲလိုပြည်သူတွေရှိတယ်ပေါ့ဗျာ.. ဟော နှစ်ပေါင်းများစွာ ၀ါရင့်နေတဲ့ တော်လှန်ရေးသက်ရင့်ကြီးတွေ.. (ဆိုးတာက ၀ါရင့်တွေဖြစ်လာတာက မအောင်မြင်လွန်းလို့ကိုး) ဒါတွေလည်းရှိတယ်.. နောက်တစ်ခါ ဘယ်လိုတိုက်မယ်.. ဘယ်လိုလုပ်မယ်.. ဆိုတာမျိုး အားကိုးလောက်ဖွယ်စီမံချက်လည်း ဘာမှမရှိ.. ဒါတွေလည်း မြင်နေရတယ်..

ဒီတော့ ဘယ်လိုလုပ်ကြမလဲဗျာ.. မင်းတို့မထောက်ခံကြနဲ့.. ရတာလေးနဲ့ ကျေနပ်လိုက်ရင် ပိုဆိုးသွားမယ်.. ငါတိုက်ပေးမယ်ဆိုရအောင် ဘယ်မလဲ အဲဒီ..ငါ... နိုင်ငံခြားမှာလား.. ထောင်ထဲမှာလား.. ဒီလိုပဲ လိမ်ပိန်ပီး အဲဒီငါကို ဘယ်လောက်ထိစောင့်ရမှာလည်း.. ခပ်ရှင်းရှင်းပြောရင် အတိုက်အခံတွေမှာ လက်ရှိအစိုးရကို ထိခိုက်အောင် လုပ်နိုင်တဲ့စွမ်းရည် မရှိ.. နှလုံးရည်ရော.. လက်ရုံးရည်မှာပါ မယှဉ်နိုင်တာ အထင်းသားကို မြင်နေရတော့လည်း စိတ်အလေသားဗျ..

ပိုဆိုးလာတာက အဲဒီလူတွေဆီက ကိုယ့်ဘာသာ အားကိုးတဲ့စိတ်လုံးဝမရှိပဲ ဟိုနိုင်ငံဝင်တိုက်ပါလား ဒီနိုင်ငံဝင်ဖဲ့ပါလားဆိုတဲ့ ကျွန်လမ်းကို ရွေးလာတာပဲ.. အဲဒီလမ်းကြောင်းဟာ ခံစားရတဲ့နိုင်ငံမှာ side effect ဘယ်လောက်ဆိုးတယ်.. မအောင်မြင်တဲ့စနစ်ဆိုတာ ကုလကော အမေရိကန်ကောလို ကျူးကျော်သူတွေတောင် လက်ခံနေရတဲ့အချိန်မှာ ကိုယ့်ဘာသာတော့ စွန့်စားပီး ဘာမှမလုပ်ချင်ပဲ.. ၀င်ပါတော့ တိုက်ပါတော့ လုပ်နေတဲ့ အဝေးရောက်နိုင်ငံရေးသမားတွေဟာ တကယ့်ကို အော့နှလုံးနာစရာဗျ.. ဒီတော့ ဒီလမ်းကြောင်းဟာ ကျွန်တော်လုံးဝပယ်တယ်ဗျာ.. အင်း.. ဒါပေမဲ့ ၀င်လာလို့ကတော့လည်း ကျွန်တော်ဟာ သေနတ်ဆိုတာမကိုင်ဖူးတဲ့... တပ်မတော်သားမဟုတ်တဲ့ လူတစ်ယောက်ပေမဲ့ နိုင်ငံကာကွယ်ဖို့အတွက် အသက်စွန့်ဖို့တော့ နိုင်ငံသားအနေနဲ့ တာဝန်ရှိတယ်လို့ ယုံကြည်ထားသူတစ်ယောက်အနေနဲ့ စစ်တွေပီးလို့ မြန်မာပြည်မှာ အဲဒီဆိုးကျိုးတွေ ကြုံရမှုကို ကိုယ်တွေ့မြင်နိုင်ဖို့ထိလည်း အသက်ရှင်လျှက် ဖြစ်ချင်မှဖြစ်မှာပေါ့လေ..

ဒီတော့ အကိုတို့ အမတို့ရာ.. မဟုတ်တရုတ် လမ်းကြောင်းကြီး တစ်ခုကို ဇွတ်မျှော်လင့်ရုံကလွဲပီး ဘာမှအရည်အချင်းမရှိတဲ့ လူတစ်စုလို့ မြင်လာတဲ့အချိန်မှာ နောက်ဘယ်နှစ်နှစ်မှန်းမသိတာကို.. အခန့်မသင့်ရင် တိုင်းပြည် သူများလက်အောက် ပြန်ကျသွားနိုင်တဲ့လမ်းကို မစောင့်ကြည့်ချင်တော့ဘူး.. သူတို့ဟာ ပြည်သူ့အတွက် တကယ်ကို လုပ်ချင်ကြသူတွေ.. ကိုယ်ကျိုးစွန့်သူတွေ ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်.. ဒါပေမဲ့ လုပ်နိုင်စွမ်းမရှိကြပါဘူးခင်ဗျ.. အဲဒီတော့ အချိန်ကြာတာနဲ့အမျှ လမ်းကြောင်းဟာ ပြည်သူ့အတွက် သူတို့ဆိုတဲ့နေရာကနေ သူတို့အတွက် ပြည်သူပြန်ဖြစ်သွားအောင် ပြည်သူတွေဟာ အသုံးချခံတွေ.. လှိမ့်ပိန့်ခံသူတွေ ဖြစ်လာကြပါရော..

ဒီတော့ ကျွန်တော် ကိုယ့်ဘာသာ လျောက်ကြည့်တဲ့လမ်းပေါ့ဗျာ.. ဟုတ်ကဲ့ မောင်ငယ်ရင်သွေးဆိုတဲ့ ကျွန်တော်ဟာ သဲတစ်ပွင့်အဖြစ် အစိုးရပြောနေတဲ့ အနာဂါတ်မြန်မာနိုင်ငံသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာစေရန်ဆိုတဲ့ ဖွဲ့စည်းပုံမှာ ပါဝင်ထောက်ခံခဲ့ပါတယ်ခင်ဗျားးး....

အိုကေ.. အမြင်မတူတာလေးတွေ ရှိရင်လည်း ပြန်ပြောပေါ့ဗျာ..

ကျေးဇူးတင်ပါတယ်..
မောင်ငယ်ရင်သွေး

4 comments:

Anonymous said...

အင်း... ဒီလိုကျတော့လည်း ဘယ်သူမှ မ comment ရဲကြပါလားဗျာ။ သုံးသပ်ချက်တွေအရမ်း ကောင်းတယ်ဗျာ ထိတယ် မိတယ်။ ကျွန်တော့် blog မှာ ပြန်ဖော်ပြလိုက်ပါ့မယ်။ ဒီကိုလည်းပြန် ညွှန်းလိုက်ပါ့မယ်။

Anonymous said...

မင်းတို့ အတွက်က စုပ်လည်းစူး စားလည်းရူးဖြစ်နေတာကိုး ...သူတို့ လုပ်သမျှ မင်းတို့ မှ မထောက်ခံရင် သွားပေါ့ ထောင်ထဲကို .. ဟုတ်ဘူးလား ငှဲငှဲငှဲ

BB

Anonymous said...

အသုံးမကျတဲ့ ဘလောဂ့်

ကလိုစေးထူး said...

ပုံမှန်အားဖြင့်ကတော့ ဒီလိုပို့စ်ကို ကျနော် မှတ်ချက် မရေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုပို့စ်ဟာ ဖြစ်စဉ်ဖြစ်ရပ်ကို သုံးသပ်တဲ့အပိုင်းထက် ကိုယ်နဲ့ မတူတဲ့ တခြားတဘက်ကို ထေ့လိုငေါ့လိုတာက ပိုများပါတယ်။ ဒါကြောင့် အခုကွန်မန့်မှာ ကျနော် အဓိကဦးတည်ပြောချင်တာက အမျိုးချစ်သူကိုပါပဲ။

ကျနော်က ဒီတပုဒ်မတိုင်ခင်က အပုဒ်မှာ ကွန်မန့်ရေးလိုက်တာနဲ့ပဲ နောက်အပုဒ်တွေ ရေးခြင်းမရေးခြင်းသည် ရေးရဲတယ် မရေးရဲဘူး ဆိုတာနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်တယ်။ ကျနော် ရေးခဲ့တဲ့ ကွန်မန့်ကို (မျိုးမြန်မာ ပြန်ရေးသလို) အချက်အလက်ပိုင်းအရ ရင့်ကျက်စွာ၊ လူကြီးဆန်စွာ ပြန်လည် မတုံ့ပြန်ဘဲနဲ့ ဒီနေရာမှာ `အခုလိုကျတော့ ဘယ်သူမှ လာမကွန်မန့်ရဲကြပါလားဗျာ´ လို့ ထေ့ငေါ့တာဟာ ကလေးဆန်လွန်းနေတယ်။ ကျနော် ကွန်မန့်တွေ လာလာရေးနေတာဟာ ခင်ဗျားတို့ကို အချက်အလက်ပိုင်းအရပဲဖြစ်ဖြစ်၊ အတွေးအခေါ်ပိုင်းအရပဲ ဖြစ်ဖြစ် အသာစီးရချင်နေလို့ မဟုတ်တာကိုတော့ သိစေချင်တယ်။ ခင်ဗျားတို့ တခုခုရေးလိုက်တယ်၊ ကျနော်က ပြန်ချေပတယ်။ ဒါမှမဟုတ်လဲ ကျနော်ရေးတာကို ခင်ဗျားတို့ ပြန်ချေပမယ်ပေါ့...။ အဲဒီလို အပြန်အလှန် ချေပချက်တွေကမှ တဆင့် အကျိုးရှိမယ်ထင်တဲ့ အချက်တွေကို ခင်ဗျားတို့ဆီကနေ ကျနော်ယူရင်လဲ ယူရမှာပဲ၊ ကျနော့်ဆီကနေ ခင်ဗျားတို့ ယူတန်ရင်လဲ ယူရမှာပဲ။ အဲဒီလို ရည်ရွယ်ချက်နဲ့ အချိန်တွေပေးပြီး တလေးတစားနဲ့ ကွန်မန့်လာရေးတာကို အခုလို စောင်းမြောင်းထေ့ငေါ့မှုတွေ ပြန်ပေးရင်တော့ စိတ်ပျက်မိတယ်လို့ပဲ ပြောချင်ပါတယ်။ ဒီထက်ပိုပြီး လူကြီးဆန်တာကို မြင်ပါရစေ။