Thursday, November 8, 2007

သံဃာ့အရေးတာဝန်ရှိသူများ (၁) ပြည်သူ

အခုလတ်တလော ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ပြောစရာဖြစ်နေတဲ့၊ ပြောလို့ကောင်းနေတဲ့ ရုပ်ဆိုးလှတဲ့ သံဃာ့အရေး ကိစ္စများ၊ နှိမ်နင်းမှုများကို အခြေပြုပြီး ကျွန်တော့်စစ်တမ်းကို post တင်လိုက်တာပါ... ဘယ်သူမဆို မတူတဲ့အမြင်တွေရှိရင် ၀င်ရောက်ဝေဖန်ရေးသားနိုင်ပါတယ်...

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြည်သူ၊ သံဃာ၊ နိုင်ငံရေးအတိုက်အခံများနဲ့ တပ်မတော်အစိုးရဆိုပြီး (၄) ပိုင်းခွဲခြား သုံးသပ်ဝေဖန်လိုပါတယ်...

အဲဒီတော့ ၁) ပည်သူဆိုပြီး စလိုက်ကြရအောင်

ပြည်သူဟာ ဒီဖြစ်စဉ်မှာ လုံးဝတာဝန်မကင်းပါဘူး... အထူးသဖြင့် သံဃာတွေကို မြှောက်ပင့်အားပေးကြသူတွေကို ဆိုလိုပါတယ်...

စစ်တပ်က သံဃာတွေကို နှိမ်နင်းတဲ့အခါမှ ဘုန်းကြီးတွေကို ရိုက်နှက်နေပါပြီ.. အစိုးရဟာ သံဃာကို သံဃာလို့တောင် မျက်စိထဲမထင်တော့ပါဘူး... ဘယ်လောက်ရုပ်ဆိုးတဲ့ မြင်ကွင်းတွေလဲ (အမှန်တကယ်လည်း လွန်စွာရုပ်ဆိုးလှပါသည်) လို့ အော်ဟစ်ရင်ထုခဲ့ကြတဲ့ အဲဒီပြည်သူတွေဟာ ဘာကြောင့် သံဃာတွေ လမ်းလည်ကောင် မေတ္တာပို့တယ်ဆိုတာကို ဟေးလားဝါးလားအော်ဟစ်နေစဉ်တုန်းက (မြင်သူတိုင်း ဟေးလားဝါးလားအော်နေမှန်း သိသာပါသည်) အားပေးအားမြှောက် လုပ်ကြပါသလဲ... ထိုအရာတွေကရော ဘာသာရေးအရ လွန်စွာရုပ်ဆိုးသည့်.. သံဃာကိုသံဃာလို့ ထင်စရာမကောင်းသည့် မြင်ကွင်းများဟု သူတို့သည် မယူဆခဲ့ကြဘူးလား..

ထားလိုက်ပါ... လမ်းလျှောက်နေတုန်းကတော့ ကိုယ့်စိတ်ကြိုက် လိုက်လုပ်ပေးနေတဲ့သံဃာတွေပဲလေ... လုပ်ကြပါစေ... ၀ိနည်းနဲ့ မညီပေမဲ့ သိပ်မှဆိုးဆိုးဝါးဝါးကြီးမဟုတ်တာပဲ.. လို့ ဖော့တွေးခဲ့တယ်ဆိုပါဆို့... အစိုးရက သတင်းစာမှာ ဓမ္မစက်တွေ အာဏာစက်တွေနဲ့ ဖဲ့တော့မယ်ဆိုတာ စပြောပြီ... ပြည်သူတွေဘာလုပ်လဲ.. သံဃာတွေ မထွက်တော့မှာစိုးလို့ အားပေးအားမြှောက်လုပ်ကြတယ်...
ဆိုးလိုက်တာ... ကိုယ်လေးစားကြည်ညိုပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်သာတစ်ကယ်မှန်ရင် ဒီအန္တရာယ်တောထဲ တွန်းလွှတ်မလား... တကယ်ပစ်တာမပစ်တာ နောက်အပိုင်းလေ... လက်ရှိကတော့ အန္တရာယ်ဆိုတာ သိနိုင်တာပဲ... (ဒါပေမဲ့ အစိုးရက သံဃာတွေကိုတကယ်မပစ်ခဲ့ပါဘူး... ဒါတော့ ကျွန်တော်ယုံတယ်.. ဘာလို့လဲဆိုတော့ မျက်မြင်မှာလည်း သံဃာတစ်ယောက်မှ ကျွန်တော့်ရှေ့မှာ ပစ်ခံရပြီးလဲသွားတာ မတွေ့ခဲ့ရသလို... တွေ့ခဲ့ပါတယ်ဆိုတဲ့လူလည်း တစ်ယောက်မှ ခိုင်ခိုင်မာမာပြောသံမကြားဘူး... ပါးစပ်နဲ့ ဟိုမှာတော့ သေပြီ.. ဒီမှာတော့ သေပြီဆိုတာတွေကတော့ မိုးမွှန်နေတာပဲ... လက်တွေ့က ရေချောင်းထဲမှာ သင်္ကန်းပတ်ပြီး မှောက်ရက်ပေါ်လာတဲ့ အလောင်းတစ်ခုကိုပဲ သံဃာဆိုပြီး နေရာစုံမှာ ဖော်ပြနေရတာပဲလေ.. ဒါတောင်ဟုတ်ချင်မှဟုတ်မှာ.. ဘယ်သူမှလဲပြောနိုင်တာမဟုတ်ပါဘူး...)

ဒါပေမဲ့ပြည်သူကတော့ သွားအောင်တွန်းတယ်.. ပစ်စေချင်တယ်.. သူတို့ပြောတဲ့ ရုပ်ဆိုးလှပါတယ်ဆိုတာတွေကို ဖြစ်စေချင်တယ်... ဒါမှ လက်ရှိအစိုးရ ချောက်ကျမှာလေ... ဒီတော့ သံဃာကိုသံဃာလို့ မမြင်တော့တဲ့အထဲမှာ အဲဒီအားပေးတဲ့ ပြည်သူလဲပါလာတယ်... ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ရဲ့နဲ့ သံဃာကို အသုံးချသလို သုံးလာတယ်.. ပိုဆိုးတာက သူတို့သားသမီးတွေဆိုရင်တောင် လွှတ်မှာမဟုတ်တဲ့နေရာကို လက်အုပ်ချီပြီး တွန်းလွှတ်ပေးလိုက်တာပဲ...

ဘုန်းကြီးကျောင်းမှာ နိုင်ငံရေးသွားလုပ်ဖို့ ညှိတော့ ဘုန်းကြီးကလက်မခံလို့ အငြင်းပွားတဲ့ ကိစ္စတွေလည်းရှိသေးတယ်.. အထင်အရှားပါပဲ.. ပြည်တွင်းရောပြည်ပရော.. အဲဒီအခါကျတော့. ဘာသာရေးနဲ့ အမျိုးသားရေးယှဉ်လာရင် အမျိုးသားရေးကိုပဲ ဦးစားပေးရမှာပေါ့ ဆိုတဲ့ ချိန်းခြောက်မှုဆံဆံ လေသံများထွက်လာရော.. ကဲ.. လှုပ်ရှားသူတွေက အခွင့်ကောင်းတစ်ရပ်အနေနဲ့ ကဲကဲလှုပ် ရင်နာပြနေတဲ့ တိုင်းပြည်ဆူပူမှုကို ထိန်းသိမ်းဖို့ပါဆိုပြီး သံဃာတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုနဲ့ သူတို့နဲ့ရော ဘာများကွာနေပါလိမ့်.. ကိုယ့်ဆန္ဒတိုင်း လုပ်လို့မရတာနဲ့ပဲ ဆရာတော်တွေကို သပိတ်မှောက်မလိုလို... ကန့်ကွက်သလိုလို.. ဘုန်းကြီးမပီသလိုလိုနဲ့ ပြောလိုက်ကြတာ... ဒီလိုဖဲ့တာတွေကြတော့ ရင်ထဲကစကားပြောတာမို့ ငရဲမကြီးလောက်ပါဘူးဆိုပြီး ကာဗာလုပ်ကြသေးတယ်.. မေးချင်တာက ဘုန်းကြီးတစ်ပါးကို ရိုသေလေးစားမှုကို ဘာနဲ့တိုင်းလာကြလဲဆိုတာကိုပါ.. ကြားထဲက ကိုယ့်ဟာကိုမနေမိတဲ့ သံဃာတွေရော အေးဆေးနေတဲ့သံဃာတွေပါ အချောင်နေရကြပ်ကုန်ရော.. ဒါဗုဒ္ဓဘာသာဝင်တွေ သံဃာကို ဆက်ဆံရမဲ့ အချိုးမဟုတ်ဘူးလေ.. ခုဟာက သံဃာအပေါ် ကိုယ်ထားတဲ့စိတ်သဘောထားဟာ မှန်ပါရဲ့လားလို့ ပြည်သူတွေ ကိုယ့်ဟာကိုပြန်တွေးပြီး ရှက်ကြစမ်းပါဗျာ.. ကိုမျိုးဆောင်းပါးထဲကလို ရတနာတစ်ပါးလိုကိုးကွယ်ရမဲ့သံဃာတွေကို ကိုယ်မလုပ်ရဲတဲ့ ကိစ္စတစ်ခုအတွက် အသုံးချခဲ့တဲ့ ပြည်သူကို ဒီရုပ်ပျက်ဆင်းပျက်ကိစ္စကြီးမှာ တာဝန်ကင်းရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်ဗျာ..

စာရိုက်ရတာ လက်ညောင်းသေးလို့ ကျန်တဲ့ ခေါင်းစဉ်ခွဲတွေကို နောက်မှဆက်ဖဲ့မယ်ဗျာ...
OK အမြင်မတူရင်ကြိုဆိုတယ်... ကြိုက်တာသာပြန်ပြော... ဒီဆိုက်က Ban တာမရှိဘူး... အဲ... NC17 စကားတွေတော့မပါစေနဲ့ပေါ့ဗျာ...

မောင်ငယ်ရင်သွေး

1 comment:

Unknown said...

သုံးသပ်တာ ကောင်းပါတယ်။သို့သော် လိုနေသည်။ နိုင်ငံရေးသမားတစ်ချို့က သံဃာကိုမြှောက်ပေးတာ မှန်သော်လဲ သံဃာများက တကယ်ဆန္ဒရှိလို့ လုပ်နေခြင်းဖြစ်ပါတယ်။ ပြည်သူတွေကလဲ တကယ့်ကို လိုလိုလားလားနဲ့ ပြောင်းလဲစေချင်တာ အမှန်ပါဘဲ။ ကိုမျိုးမြန်မာ မပြောဘဲ ချန်ထားတာတစ်ခုကတော့ ကျောင်းတိုက်တွေကို စစ်တပ်နဲ့ အင်အားသုံးပြီး မိုက်ရိုင်းစွာ ၀င်စီးခြင်းဖြစ်ပါတယ်။ ဒါက လုံးဝ ကောလာဟလမဟုတ်ကြောင်း ရဲရဲကြီးပြောလိုက်ပါတယ်။ မယုံရင် ငွေကြာရံကျောင်းတိုက်နားက အိမ်တွေကိုသွားမေးနိုင်ပါတယ်။ စာရင်းအရ ကျောင်းတိုက် ၁၈ တိုက်ကို ၀င်းစီးရမှာဖြစ်ပါတယ်။ဒါပေမဲ့ တစ်ချို့သတ်မှတ်တဲ့ တိုက်တွေကို ၀င်မစီးနိုင်သေးဘဲ သံဃာတွေ ထွက်သွားလို့ ၀င်မစီးဖြစ်ပါဘူး။ မိုးကောင်းကျောင်းကို ၀င်စီးတုန်းကလဲ အလွန်မိုက်ရိုင်း စော်ကားလွန်းပါတယ်။ သူပုန်စခန်းကို ၀င်စီးသလိုပါဘဲ။ မယုံရင် ကျောင်းတိုက်အနီးကလူတွေကို စုံစမ်းနိုင်ပါတယ်။ ရေးထားတာတွေက ဘက်လိုက်နေလို့ သတိပေးရခြင်းဖြစ်ပါတယ်။ တဘက်သတ်ကျလွန်းပါတယ်။ ဒါက ပို့စ်ရေးနေတာပါ။ စီဘောက်ထဲရေးနေတာ မဟုတ်ဘူးဆိုတာလဲ သတိပေးလိုပါတယ်။
ဘက်မလိုက်တဲ့ရေးသားမှုတွေ ရေးနိုင်ပါစေ။