Thursday, November 8, 2007

သံဃာရတနာဆိုသည်မှာ

ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးကို အထွဋ်မြတ်ထားကာ ပူဇော်ကိုးကွယ်ကြ၏။ ဗုဒ္ဓဘာသာတွင် သံဃာတို့၏ အဆင့်အတန်းမှာ အခြားဘာသာများ၏ ဘာသာရေးဆရာများနှင့် ကွဲပြားစွာ ဘာသာဝင်လူတို့၏ ကိုးကွယ်ခံအဆင့်အတန်းတွင် မြင့်မြင့်မားမား ရပ်တည်ကြပါသည်။ ထိုသို့ ရပ်တည်ထိုက်သော ရတနာများဖြစ်အောင်လည်း ဗုဒ္ဓဘာသာတွင် သံဃာများသည် လူသာမာန်တို့ လိုက်နာကျင့်သုံးရန် ခဲယဉ်းသည့် ၀ိနည်းသိက္ခာပုဒ်များနှင့်အညီ နေထိုင်ကျင့်ကြံကြရ၏။ မေတ္တာဓါတ်ပြည့်ဝသော၊ ၀ိနည်းသိက္ခာပြည့်စုံသည့် သံဃာများအား ဘုရား၊ တရားရတနာများနှင့် တန်းတူထားကာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ရခြင်းသည်၊ လှူဒါန်းမှုပြုရခြင်းသည် ကြည်နူးဖွယ် အတုမရှိနိုင်သော တန်ဖိုးပင်ဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်စစ်သူတိုင်း ခိုင်မြဲစွာယုံကြည်ကြပါ၏။

ယခုအခါ ကမ္ဘာ့ထေရ၀ါရထွန်းကားပြန့်ပွားရာ စံပြနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ပခုက္ကူအရေးခင်းမှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် သံဃာ့အရေးခင်းကြီးတစ်ခုသည် မဟာပထ၀ီမြေထုပင်လျှင် မည်သို့မှ မနှိုင်းယှဉ်လောက်သည့် ဗုဒ္ဓဘာသာ သမိုင်းတွင် အမဲစက်တစ်ခု ဖြစ်ခဲ့လေချေပြီဖြစ်သည်။ သံဃာအချို့၏ လှုပ်ရှားမှုမျှသာဖြစ်သော်လည်း သက်ရောက်မှုသည် သံဃာရတနာတစ်ခုလုံးကို ရိုက်ခတ်ပါသည်။ အဆိုပါဖြစ်ရပ်၏ အကျိုးဆက်အနေဖြင့် ယခုချိန်တွင် ထိုပါဝင်ခဲ့သည့် သံဃာများအပေါ် အစိုးရမှ နှိမ်နင်းမှုကို ခံရသကဲ့သို့ပင် နောက်ပိုင်းတွင်လည်း သံဃာထုတစ်ခုလုံးသည် ကိုးကွယ်သူတို့၏ အရိုသေကင်းမဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံရဖွယ်ရှိချေသည်။ အကယ်၍ သံဃာများအနေဖြင့် ထိုဒဏ်အားကြံ့ကြံ့မခံနိုင်ပဲ ရှိခဲ့ပါမူ နောက်ပိုင်းတွင် သံဃာများသည် အခြားဘာသာများ၏ ဘာသာရေးဆရာများအဆင့်သို့ ရတနာအဆင့်မှ လျှောကျဖွယ်ရှိချေ၏။

အဘယ်ကြောင့်ပါနည်း။
ယခုဖြစ်ရပ်သည် ၀ိနည်းနှင့်မလျော်ညီသော လောကီကိစ္စသာဖြစ်ကြောင်း ယခုသံဃာ့လှုပ်ရှားမှုအား ထောက်ခံသူများရော၊ ဆန့်ကျင်သူများပါ အတွင်းစိတ်က လက်ခံထားကြ၏။ ထောက်ခံသူများအနေဖြင့်လည်း အားပေးအားမြှောက်ပြုကာ တွန်းပေးနေသော်လည်း အမှန်တကယ်တွင် ၀ိနည်းနှင့်မညီသော အမှုဖြစ်ကြောင်း အတွင်းစိတ်ကသိနေသည်မှာ ငြင်းမရနိုင်သောကိစ္စသာဖြစ်သည်။ ထို့ကြောင့် ယခုအဖြစ်တွင် သူတို့သည် သံဃာအား သံဃာကဲ့သို့ အားပေးခဲ့ခြင်းမဟုတ်ကြောင်းကို၊ သံဃာများအပေါ် ထားရှိရမည့် ရိုသေလေးစားမှုများ လျော့ကျနေခြင်းကို ကိုယ်ဟန်အမူရာများတွင်လည်းကောင်း၊ ထိုသံဃာများအကြောင်း ပြောဆိုသည့်အခါတွင်လည်းကောင်း၊ မျက်နှာအနေအထားများတွင်လည်းကောင်း ထင်ရှားစွာပင် မြင်နိုင်ပါချေသည်။

သံဃာများ၏ မေတ္တာပို့ အမျှဝေခြင်းများသည် တည်ငြိမ်အေးချမ်းမှုမရှိ လမ်းပေါ်တွင် ဗရုတ်သုတ်ခအော်သလိုဖြစ်နေခြင်း၊ ဘေးမှလိုက်လံအားပေးနေသူများကလည်း စတိတ်ရှိုးတစ်ခုကို ကြည့်နေသည့်အလား လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးနေခြင်းများသည် ငြိမ်းချမ်းအေးမြလှသည့်၊ မြင်သူကို စိတ်ချမ်းသာကြည်နူးမှုများ ပေးစွမ်းနိုင်သည့် ဗုဒ္ဓဘာသာဝင်တို့၏ မေတ္တာပို့ခြင်းများ၊ သာဓုခေါ်ခြင်းများနှင့် လုံးလုံးဆန့်ကျင်ကာ ရုပ်ပျက်ဆင်းပျက်နိုင်လှချေသည်။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာမေတ္တာပို့ခြင်း၏ အဓိကအနှစ်သာရဖြစ်သည့် တကယ့်မေတ္တာစိတ်သည် ထိုလှုပ်ရှားနေကြသည့် ရတနာနွယ်ဝင်သံဃာများတွင် လုံးဝပျောက်ဆုံးနေသောကြောင့်ပင်ဖြစ်၏။

ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင်အိမ်များသည် သံဃာများအား သာမာန်လူများကဲ့သို့ တန်းတူသတ်မှတ် ဆက်ဆံလာကြခြင်း၊ ပိုမိုဆိုးဝါးသည်မှာ အတွင်းစိတ်အခံတွင်ပင်လျှင် ကြည်ညိုမှုများ လျော့ကျလာကြခြင်း၊ ကြွမြဲမဟုတ်သည့် မသိရှိသည့် သူစိမ်းသံဃာများအား အိမ်တွင်းသို့ ၀င်ရောက်ခြင်းကို အယုံကြည်မဲ့စွာ ဟန့်တားတားမြစ်လာကြခြင်းတို့သည် အထင်အရှားပင် ပေါ်ပေါက်လာခဲ့ချေပြီဖြစ်သည်။ ထိုအရာသည် ဗုဒ္ဓဘာသာ သံဃာ၏ ပုံရိပ်ဖြစ်ပါသည်လား....

ထို့ပြင် ပါဝင်လှုပ်ရှားခဲ့ကြသည့် သံဃာငယ်တို့၏စိတ်သည်လည်း လောကီဘက်သို့ ပြင်းပြစွာ စိတ်လည်လာနေသည်ကိုလည်း ထင်ရှားစွာပင်တွေ့မြင်နိုင်ချေသည်။ လှုပ်ရှားမှုများမှ ပြန်ရောက်ချိန်တွင် အမောဖြေရင်း စမြုန့်ပြန်ပြောဆိုကြခြင်း၊ နောက်နေ့အတွက်ပြင်ဆင်ကြခြင်း၊ စလောင်းများတွင် မိမိတို့ ပုံရိပ်များပါမလားဟု တီဗွီရှေ့တွင် အချိန်ကုန်ကြခြင်းဖြင့် သံဃာတို့၏တစ်နေ့တာကို ကုန်ဆုံးကြ၏။ လောကုတ္တရာအရေးကို လုံးလုံးနီးပါးလစ်လျူရှုလာသည်ကို အထင်းသားပင် မြင်နေရချေသည်။

ဤနေရာတွင် အချို့သံဃာများက လူတို့၏အခက်အခဲများအား ပြေလည်စေရန်အလို့ငှာ သံဃာများမှ ဦးဆောင်လှုပ်ရှားရခြင်း ဖြစ်ပါသည်ဟု အကြောင်းပြလာကြ၏။ လွန်စွာပင်မှားယွင်းလှချေသည်။ ထိုသို့သာလျှင် လောကီနှင့်သာဆိုင်သော အခက်အခဲများအား သံဃာများမှ ၀င်ရောက်ဖြေရှင်းပေးနေရမည်ဆိုလျှင် အဘယ်သို့လျှင် ဘာသာရေးကိစ္စကို ကြံဆောင်နိုင်ပါမည်နည်း။ သို့ဆိုလျှင် လူတို့၏ စီးပွားရေး၊ လူမှုရေးမှအစ သားသမီးမရနိုင်သည့် ကိစ္စများအဆုံးလိုက်လံ ကူညီလေ့ရှိသည့် အရည်းကြီးတို့၏ လမ်းစဉ်သို့ ပြန်လည်ဆင်းသက်ရဖွယ် ရှိချေသည်။ သံဃာများအနေဖြင့် ဖြစ်သင့်သည်မှာ ဘာသာရေးရှုထောင့်မှသာ ကြည့်ပြီး ပြည်သူများအား သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်အောင် ဟောကြားလမ်းညွှန်မှုများ ပြုသင့်ပါသည်။ (ယခုရေးသားချက်သည် အတိုက်အခံများအဖို့ ရီဖွယ်၊ အရှုံးပေးသော ပျော့ညံ့ညံ့လမ်းကြောင်း ဖြစ်ဖွယ်ရှိနိုင်ပါသည်။ သို့သော် ဤဆောင်းပါးသည် ဗုဒ္ဓဘာသာရှုထောင့်တစ်ခုတည်းမှ ပြောနေခြင်းဖြစ်ပြီး မည်သည့် နိုင်ငံရေးအရိပ်မျှ လွှမ်းမိုးခြင်းမရှိပါချေ)

ယခုမူ သံဃာသည် ပြည်သူတို့နှင့်အတူ ဆန္ဒပြခြင်း၊ ပခုက္ကူတွင်ဆိုလျှင် ကားများမီးရှို့ခြင်း၊ ဆိုင်များဖျက်ဆီးခြင်း၊ အချို့သံဃာများဆိုလျှင် ထိုအချိန်က သောက်စားမူးယစ်ထားကြခြင်း၊စသည်တို့သည် ဘုရား၊ တရား၊ သံဃာကိုသာလျှင် အားထားကိုးကွယ်ရာအဖြစ် သတ်မှတ်ထားကြသည့် ဘာသာဝင်များအား တုန်လှုပ်စေပါသည်။ သံဃာရတနာ၏ ပုံရိပ်အား ပြင်းစွာထိခိုက်စေပါသည်။

ထို့ကြောင့် သံဃာများအနေဖြင့် ပြင်းပြသောသံဃာ့အာဇာနည်စိတ်ဖြင့် မြတ်ဗုဒ္ဓ၏သာသနာမြဲမြံအောင် ဘာသာရေးစိတ်ကိုစွဲမြဲစွာထား၍ သံဃာ့ပုံရိပ်နှင့် အခြားခြားသောဘာသာများအလည်တွင် အနည်းနှင့်အများဆိုသလို ထိခိုက်ကျဆင်းခဲ့ရသည့် ဗုဒ္ဓဘာသာပုံရိပ်များအား ပြန်လည်မြှင့်တင်ရန် အဓိကထားအားစိုက်ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက်။ ။ သံဃာဟု ဤဆောင်းပါးတွင် သုံးနှုံးခဲ့သော်ငြားလည်း ၀ိနည်းနှင့်အညီ ကျင့်ကြံနေထိုင်သည့် သံဃာများအား ဆိုလိုခြင်းမဟုတ်ကြောင်း အဆိုပါသံဃာများအား တောင်းပန်လျှောက်ထားပါသည် ဘုရား....



မျိုးမြန်မာ

No comments: