Wednesday, March 18, 2009

ပိတ်ဆို့မှုမှအပ မည်သည့်နည်းလမ်းသည်မှ ကူညီမှုမဟုတ်ဟု ယူဆပါသည်လား။

အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်က အမေရိကန်အစိုးရသစ်အနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်လျှက် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုမှစကာ မြန်မာ့နိုင်ငံရေး အတိုက်အခံများအကြား လှုပ်ရှားပေါ်ပေါက်လာသည့် အသံများ၊ တုန့်ပြန်မှုများ၊ ထင်မြင်ချက်များအား လေ့လာကာ ကျွန်တော့်အမြင်အား ဆွေးနွေးလိုသောကြောင့် ဤဆောင်းပါးအား ရေးသားခြင်းဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ ပြောဆိုချက်သည် အမြွက်မျှသာဖြစ်သည်။ မည်သို့မျှ တိတိကျကျမရှိသေးပါ။ သို့သော် ယခုကျင့်သုံးနေသည့် ပိတ်ဆို့မှုနည်းလမ်းသည် အောင်မြင်မှုမရှိသောနည်းလမ်းဖြစ်နေသည်ဟု သွယ်ဝိုက်ဝန်ခံသကဲ့သို့မူ ဖြစ်စေပါသည်။ အမှန်တကယ်လည်း မြန်မာဒီမိုကရေစီအရေးအတွက် အောင်မြင်မှုမရှိသော နည်းလမ်းဟု ကျွန်တော်ပြတ်သားစွာပင် ကောက်ချက်ချမိပါသည်။ ဤနေရာတွင် စီးပွားရေးပိတ်ဆို့မှုလမ်းကြောင်းသည် အောင်မြင်မှု၊ အကျိုးထိရောက်မှု ရှိသည် (သို့) မရှိသည်ဆိုသည်မှာ ထိုသုံးသပ်သူ၏ ခံယူချက်အပေါ်တွင် တည်မှီနေပါသည်။ အကယ်၍ စီးပွားရေးပိတ်ဆို့မှု၏ ရည်ရွယ်ချက်သည် မြန်မာ့တပ်မတော်အစိုးရအား အုပ်ချုပ်ရေး၊ စီးပွားရေးတို့ ထိခိုက်ကာ အထီးကျန်ဆန်၍ ပြုတ်ကျသွားပီး ဒီမိုကရေစီထွန်းကားလာစေရန်ဟု ရည်ရွယ်ပါလျှင် အောင်မြင်မှု မရှိသလောက်ဖြစ်သည်မှာ လက်တွေ့ပင်ဖြစ်သည်။ အကယ်၍ ရည်ရွယ်ချက်သည် စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူလူထုမှ ကျပ်တည်းဆင်းရဲကာ မကျေနပ်မှုများ တိုးပွားလျှက် အုံကြွပေါက်ကွဲစေရန် ရည်ရွယ်လျှင်မူ အထိုက်အလျောက် အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ထိုပိတ်ဆို့မှုများ၏ဦးတည်ချက်သည် ပြည်သူလော၊ တပ်မတော်အစိုးရလောဟူသည့် အချက်ပေါ်မူတည်ပြီး လူတို့၏ အောင်မြင်သည် (သို့) မအောင်မြင်ပါဆိုသည့် အမြင်များ ကွဲပြားသွားနိုင်ပေ၏။

ယခုမူ အမေရိကန်သည် ပိတ်ဆို့မှုလမ်းကြောင်းသည် မြန်မာဒီမိုကရေစီအရေးအတွက် အထောက်အပံ့မှ ဖြစ်ပါ၏လောဟု သံသယ၀င်ကာ ပြန်လည်စိစစ်နေပြီဖြစ်သည်။ ဤနေရာတွင် အံ့သြောစရာ ကောင်းသည်မှာ အတိုက်အခံတို့၏ တုန့်ပြန်လာသော အသံပင်ဖြစ်သည်။ သူတို့သည် အမေရိကန်မှ ပိတ်ဆို့မှုများ ရပ်တန့်လိုက်မည်ကို စိုးရိမ်တကြီး ရှိကြသည်မှာ မဖုံးနိုင်မဖိနိုင်ပင်ဖြစ်သည်။ ဆယ်စုနှစ်များစွာ ကျင့်သုံး၍ မအောင်မြင်နိုင်သော နည်းလမ်းဖြစ်သည်ဟု ထင်ရှားလှသော ထိုအရာကိုပင် ဆက်လက်ကုတ်တွယ် ထားချင်သည်ကို မြင်နိုင်၏။ ကူညီမှုများ ရပ်တန့်လိုက်မည်လောဟု စိုးရိမ်သံများအား ကြည့်လျှင် ထိုပိတ်ဆို့မှုကိုပင်လျှင် ကူညီမှုဟု သတ်မှတ်ထားသည်။ တိုး၍ပိတ်ဆို့ခြင်းသည် တိုး၍ ကူညီခြင်းဖြစ်သည် စသည့် ခံယူချက်များသည် များစွာပင် စိတ်ပျက်ဖွယ်ကောင်းလှချေသည်။

သူတို့၏ ဦးတည်ချက်သည် မြန်မာနိုင်ငံဒီမိုကရေစီ ထွန်းကားရေးဟု ဆို၏။ ထိုအရေးအတွက် ပိတ်ဆို့မှု လမ်းကြောင်းတစ်ခုအား နိုင်ငံတကာမှ ကျင့်သုံးအောင် အစဉ်တစိုက် တိုက်တွန်းခဲ့သော်လည်း အချိန်ကြာမြင့်ကာ တိုင်းပြည်အား အထိနာစေရုံမှအပ မည်သို့မျှ မအောင်မြင်နိုင်သော နည်းလမ်းဖြစ်သည်ကို မြင်နိုင်ပေသည်။ ကျွန်တော့်အနေဖြင့် နားမလည်နိုင်သည်မှာ အဘယ့်ကြောင့် အခြားနည်းလမ်းဖြင့် ထွန်းကားအောင် ဆောင်ရွက်မည်ဟူသည့် လေသံပစ်လာမှုကို ၀မ်းသာတရ မကြိုဆိုနိုင်ကြသနည်း။ အဘယ်အရာကို စိုးရွံ့ကြပါသနည်း။

ထိုသို့ သုံးသပ်မိသောအခါ အတိုက်အခံတို့၏ သဘောထားအား များစွာစိတ်ပျက်မိပါ၏။ အဆိုပါသူတို့၏ ဦးတည်ချက်သည် ပြည်သူအား ကျပ်တည်းမှုဖြင့် အုံကြွပေါက်ကွဲစေလိုခြင်းသည် အဓိကကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေးအတွက် ပိတ်ဆို့မှု (စိတ်ထဲတွင် ဖြစ်နိုင်လျှင် ၀င်ရောက်တိုက်ခိုက်သိမ်းပိုက် စေလိုမှု) ကိုသာ ကူညီမှုအဖြစ် သူတို့လက်ခံပါ၏။ ထိုလမ်းကြောင်းသည် အောင်မြင်သည်ဖြစ်စေ။ မအောင်မြင်ပဲ နှစ်မည်မျှပင် ဆက်လက်တည်ရှိသည်ဖြစ်စေ။ အခြား မည်သည့်နည်းလမ်းကိုမှ နားပင်မထောင်တော့ပဲ စိုးရိမ်တကြီး ပယ်ထုတ်ဆန့်ကျင်ကြပါ၏။ ထိုလမ်းကိုသာ ဖက်တွယ်လိုကြပါ၏။ ရယ်ဖွယ်ကောင်းသည်မှာ အဆိုပါသူများသည် ပြည်သူအား ကျပ်တည်းဆင်းရဲနေပါပီဟု စိုးရိမ်တကြီး အော်ဟစ်ပူပန်ပြနေသူများလည်း ဖြစ်နေခြင်းပင်။

ထို့ကြောင့်ပင် ကျွန်တော်မျိုးမြန်မာသည် ထိုသူတို့ထံ၌ မြန်မာနိုင်ငံတွင်ဒီမိုကရေစီ ရရှိစေလိုသည့် စိတ်ဆန္ဒဇွဲအမှန်သည် တည်ရှိပါသေး၏လောဟု သံသယအတွေး တွေးမိပါတော့သည်။

ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ

No comments: