Friday, January 25, 2008

သူတို့ ဘယ်တော့လာကြလေမလဲ

ဤခေါင်းစဉ်သည် ယနေ့မြန်မာနိုင်ငံ နိုင်ငံရေးအတိုက်အခံအင်အားစုများ၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် ရောင်စုံအဖွဲ့ပေါင်းစုံ၏ အကြားတွင် ပြန့်နှံ့နေပြီး ပြည်သူများအကြားတွင် ပြန့်ပွားလာအောင် လှုံ့ဆော်ပေးနေသည့် ကြောက်မက်ဖွယ်စိတ်ထားတစ်ခုအကြောင်း ဆွေးနွေးလိုခြင်းဖြစ်၏။

ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများသည် ယခင်ကာလများက ထိုအရာအား စိတ်တွင်း၌သာကြိတ်ကြံကာ ပေါ်ပေါ်ထင်ထင်မပြောဝံ့ကြသော်လည်း ယခုအခါတွင်မူ ထင်ထင်ရှားရှားကို ထုတ်ဖော်ပြောဆိုလာကြကာ ပြည်သူများအကြားတွင်လည်း ထိုရှက်ဖွယ်ကောင်းသောစိတ်ဓါတ်သည် ပုံမှန်တစ်ခုအဖြစ်သို့ ရောက်လာနေသည်ကို ထင်ရှားစွာပင်တွေ့ရပါသည်။ ထိုအယူအဆစိတ်ထားသည် 1885 ပတ်ဝန်းကျင်လောက်တွင် မြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ဘူးသော အနေအထားနှင့် များစွာတူညီလေ၏။ ကျွန်တော့်အနေဖြင့် ရှင်းလင်းစွာပြောရမည်ဆိုလျှင် ထိုအရာသည် ကျွန်စိတ်ပင်ဖြစ်သည်။ လွန်စွာရှုတ်ချသင့်သော၊ အမိမြေအတွက် ရင်နာဖွယ်ကောင်းသော၊ ရှက်ဖွယ်ကောင်းသလို၊ ကြောက်မက်ဖွယ်လည်း အလွန်ကောင်းသည့် စိတ်ထားပင်ဖြစ်၏။ ထိုစိတ်ထားသည် စီးပွားရေးပိတ်ဆို့မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုလည်းဖြစ်ချေသည်ဟု ကျွန်တော်ယူဆပါသည်။

အမိမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာအား တိုင်းတပါးစစ်တပ်များဖြင့် သိမ်းယူကာ မိမိတို့အလိုရှိသည့် လူတစ်ယောက် (ပါတီနှင့်စနစ်မဟုတ်ပါ) အား အာဏာပေးစေရန်မှာ ထားသင့်သည့်စိတ်ထားဖြစ်ပါသလား။ ကျွန်တော်ယုံကြည်သည်မှာမူ နိုင်ငံနှင့် လဲယူရန်ထိုက်တန်သည့် စနစ်သည်လည်းကောင်း၊ ကြွယ်ဝမှုသည်လည်းကောင်း၊ မရှိပါချေ။ ဒီမိုကရေစီသည် နိုင်ငံအားအထောက်အပံ့ ဖြစ်ရန်သာဖြစ်ချေသည်။ နိုင်ငံနှင့် လဲယူလောက်အောင် ထိုက်တန်သည့်အရာမဟုတ်ပါ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးသမားများထဲတွင် ထိုသို့ ပြည်သူအားနည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းလမ်းပြပေးနိုင်မည့် သူမျိုးမပေါ်ပေါက်ခြင်း၊ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် မြန်မာနိုင်ငံအတွက် ကံဆိုးမှုပင်ဖြစ်ချေ၏။

ထိုအတိုက်အခံနိုင်ငံရေးသမားများအနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်သင့်သည်မှာ ယင်းတို့မှ ဖိနှိပ်ပါသည်၊ လမ်းကြောင်းမှားနေပါသည် ဟုစွပ်စွဲနေသည့် လက်ရှိတပ်မတော်အစိုးရသည်ပင်လျှင် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားနိုင်ပါသေးလျှင်၊ ကြွေးကြော်နိုင်ပါသေးလျှင် အဘယ်ကြောင့် နိုင်ငံအတွက်လှုပ်ရှားနေပါသည်ဟု ယုံကြည်ထားသည့် မိမိတို့သည် မျိုးချစ်စိတ်ကို အခြေခံလက်ကိုင်ထားသည့် လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ပါသနည်း ဆိုသည်ကိုပင်။ သင်တို့သည် သတိထားမိပါသည်လား။ အဘယ်ကြောင့်ပါနည်း။

အခြားတစ်ဖက်မှ ဘေးအမြင်ဖြင့် သုံးသပ်ကြည့်ပါဦးမည်။ အကယ်၍ တပ်မတော်အစိုးရအနေဖြင့် မျိုးချစ်စိတ်ဆိုသည်မှာ သူတို့အာဏာတည်မြဲရေးအတွက် အပြကောင်းနေသောကြောင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အား လက်ကိုင်ပြုထားသည်ဟု ယူဆကြည့်မည်ဆိုပါစို့။ ထိုသို့ဆိုလျှင် အတိုက်ခံနိုင်ငံရေးသမားများသည် သူတို့နိုင်ငံရေးလမ်းကြောင်းတွင် မျိုးချစ်စိတ်အား အခြေခံမထားခြင်းမှာ မျိုးချစ်စိတ်သည် သူတို့အာဏာရရှိရေးအတွက် တားဆီးထား သောအရာတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု ဖြစ်နေခြင်းကြောင့်ပင်လော ဆိုသည်ကိုပင်။ ဤကောက်ချက်ကို ကျွန်တော့်အနေဖြင့်ဆိုရခြင်းမှာ အတိုက်ခံတို့၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းသည် လက်ရှိအစိုးရအားမဟုတ်ပဲ၊ နိုင်ငံကိုသာ တစ်နည်းမဟုတ်တစ်နည်း ထိခိုက်စေခြင်း၊ မျိုးချစ်စိတ်အား အခြေထားသော လှုပ်ရှားမှုမျိုး မရှိကြခြင်း၊ ပြည်ပအား လိုသည်ထက်ပိုစွာ အောက်ကျို့ရာမှ နောက်ဆုံးတွင် နိုင်ငံကိုပါထိုးအပ်ရန်ထိ အတင့်ရဲစွာ ကြံစည်ကြခြင်း စသည့်ခြေလှမ်းများအား လေ့လာမိခြင်းကြောင့်ဖြစ်ချေသည်။

အချို့သူများသည် နိုင်ငံအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ရသည်ကိုပင် နောင်တရသလိုပြောဆိုလာကြသည်ကိုလည်း အံ့သြောစွာတွေ့ရ၏။ တကယ့်အတိုက်အခံ နိုင်ငံရေးအုပ်စုများထဲတွင် ထိုသို့ပြောလာကြသူများအားတွေ့ရခြင်း၊ ထိုသူများကပင် ဗိုလ်ချုပ်အောင်ဆန်းအား ဟန်ဆောင်ချစ်ပြနေခြင်းမှာ ကျွန်တော့အဖို့မူ ရှေ့ကဖုန်းနောက်ကပေါ်ဆိုသကဲ့သို့ပင် ဖြစ်ချေ၏။ ပိုမိုစိတ်ပျက်စေသည်မှာ ထိုသို့ပရမ်းပတာပြောသူမျိုး ပေါ်ပေါက်သည့်အခါမျိုးတွင်ပင်လျှင် စကားထက်လေ့ရှိသည့်၊ အပြစ်ရှာပြောရာတွင် လွန်စွာတော်သည့် အခြားသောဒီမိုကရေစီအင်အားစုများသည် ရှုတ်ချခြင်းပြုရန်၊ ထိန်းသိမ်းတားဆီးရန် မေ့လျော့နေကြခြင်းပင်ဖြစ်သည်။ ထိုအခါ ဥရောပမှ ပညာရှင်တစ်ဦး (အမည်မမှတ်မိပါ။ မောင်ကောင်းထိုက်စာစုများတွင်ကြည့်နိုင်ပါသည်) ၏ စကားသည် ကျွန်တော့်အား ထိုသို့ ပြည်ပတပ်များအား ၀င်ရောက်သိမ်းယူစေလိုသည့် နိုင်ငံရေးသမားများအား ကြည့်ကာ များစွာအရှက်ရစေပါသည်။ ထိုစကားမှာ “ကျွန်ဖြစ်ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့လူတွေဟာ ကျွန်ပဲဖြစ်ထိုက်တယ်“ ဆိုသောစကားပင်ဖြစ်၏။

ထိုသို့လျှင် နိုင်ငံချစ်စိတ်သည် အာဏာတည်မြဲရာလမ်းကြောင်းဖြစ်သူတို့က ချစ်ပြကြ၊ အာဏာပျက်စီးရာလမ်းကြောင်းဖြစ်သူတို့က ထိုနိုင်ငံချစ်စိတ်အား စွန့်ပယ်ကြသည့် နိုင်ငံရေးသမားများသည် အမှန်တကယ်တွင်မူ မည်သူ့မည်သူမျှ အမိနိုင်ငံတော်အကျိုးထည့်တွက်ခြင်းအား မည့်သည့်နေရာတွင်မျှ ကျွန်တော့်အနေဖြင့် မမြင်ရခြင်းသည် ၀မ်းနည်းဖွယ်ပင်ဖြစ်ချေသည်။

ယခင်ကသမိုင်းတွင် အနောက်ကိုယုံစားမိသောကြောင့် ရာစုနှစ်ချီအောင် ဘ၀နှင့်ရင်းကာ ရရှိခဲ့သည့် ကျွန်ဘ၀သင်ခန်းစာများအားလည်း သတိထားမိကြပုံမပေါ်ပါချေ။ ထိုအချိန်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကြီးမားသောအင်အားကို မယှဉ်နိုင်သောကြောင့်သာဟူသော အမှန်တကယ်လည်းဟုတ်သည့် ထင်းလင်းလှသောအဖြစ်၏နောက်ကွယ်တွင် မြန်မာ့ပြည်တွင်းအကွဲအပြဲများ၊ အမတ်များဝန်မင်းများ၏ အနောက်မျှော်စနက်များသည် ထိုကျွန်ဇာတ်သွင်းစီမံကိန်းတွင် အခိုင်အမာအထောက်အပံ့တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ကိုလည်း သင်ခန်းစာယူကြရမည်သာဖြစ်၏။

စစ်ရေးအရဖြေရှင်းခြင်းသည် မှန်ကန်သော၊ အောင်မြင်သော နည်းလမ်းမဟုတ်သည့်အပြင် ထိုအရေးယူခံရသည့်နိုင်ငံ၏ အခြေအနေအားထိန်းသိမ်းရန် လွန်စွာခက်ခဲသည်ဟု ကုလသည်လည်းကောင်း အမေရိကန်သည်လည်းကောင်း၊ လက်ခံထားပြီးဖြစ်၏။ သို့သော် မည့်သည့်အခါတွင်မျှ အရှည်ကိုမတွေးတတ်သည့် နိုင်ငံရေးသမားများသည် ထိုအချက်ကိုလစ်လျူရှုကာ လက်ရှိအစိုးရပြုတ်ကျပြီး သူတို့အာဏာရလျှင်ပြီးရောဆိုသည့် လမ်းကြောင်းအား အတင်းပင်ချည်းကပ်လာကြသည်ကို တွေ့ရ၏။ မြန်မာ့နိုင်ငံရေးသမားအစဉ်အဆက်၏ ကြုံလာမှပဲ ရှင်းလိုက်တော့မယ်၊ ကြိုပူစရာမလိုပါဆိုသည့်စိတ်ဓါတ်သည် လွန်စွာပင်စိတ်ပျက်ဖွယ်ဖြစ်ချေ၏။ ထိုနိုင်ငံရေးသမားများ၏ ဦးဆောင်မှုတွင် စီးပွားရေးပိတ်ဆို့မှုဖြင့် brain wash လုပ်ထားခြင်းခံရသည့် ပြည်သူသည် ဘာကိုမျှမစဉ်းစားနိုင်ပဲ ပါလာရချေသည်။

အချုပ်အားဖြင့်ဆိုရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွဲမှားသော အယူအဆများဖြင့် လွန်စွာအန္တရာယ်ကြီးသည့် လွတ်လပ်ရေးဆုံးရှုံးနိုင်သော အနေထားသို့ရောက် အမှန်တကယ် ရောက်နေပြီဟု ကျွန်တော်ယုံကြည်ပါသည်။ ထိုအရာအား သူ့ဘက်ကိုယ့်ဘက် မခွဲနေပဲ အမှန်တကယ်လမ်းကြောင်းတည့်မတ်ရန် အရေးအတကြီး လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်အစိုးရသည်လည်းကောင်း၊ ဆန့်ကျင်ဘက်အတိုက်အခံများသည်လည်းကောင်း ပြည်သူအား မှန်ကန်သောစိတ်ဓါတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကာ နိုင်ငံအား ကမ္ဘာ့အလည်တွင် သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်အောင် ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

ဆောင်ပုဒ်တစ်ခုအား စွဲမြဲစေလိုပါသည်။
သခင်မျိုးဟေ့ ဒို့ဗမာ” ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ



နောက်ပိုင်းတွင် ထိုသို့ ပြည်ပတပ်များအား ဖိတ်ခေါ်မည်ဆိုပါလျှင် ဖြစ်ပေါ်လာနိုင်သည့် အောက်ပါအချက်များအား ကျွန်တော်လေ့လာမိသလောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁) စစ်ဘေးဒဏ်ခံရမည့် နိုင်ငံနှင့် ပြည်သူအခြေအနေ။
၂) စစ်ပြီးစကာလ နိုင်ငံရေးမငြိမ်သက်မှုများနှင့် မင်းမဲ့စရိုက်များ လွှမ်းမိုးနိုင်မှုအလားအလာ။
၃) နိုင်ငံခြားတပ်များ၏ နှစ်ရှည်လများစွဲဝင်ရောက်မှုနှင့် ထိုအရာတို့၏ အကျိုးဆက်များ။
၎) ပြည်ပနိုင်ငံများမှ အာဏာတင်ပေးသည့် အစိုးရတစ်ခု၏သိက္ခာ၊ နိုင်ငံနှင့် ပြည်သူတို့၏ သိက္ခာနှင့်
၅) ဆယ်စုနှင့်နှင့်ချီကာ ကြာမြင့်နိုင်သည့်၊ မျက်နှာကြည့်နေရမည့် နိုင်ငံရေးစွက်ဖက်ခံရမှုများတို့ ဖြစ်၏။

လေ့လာရင်း ခေါင်းစဉ်များထပ်မံ တိုးလာနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်အားကြီးနိုင်ငံတစ်ခု၏ အကြမ်းဖက်သိမ်းယူခြင်းကို ခံရလျှင် အဆိုပါနိုင်ငံ၏ အခြေနေဆိုးရွားမျှုမှာ လွန်စွာများပြားနိုင်သောကြောင့် ဖြစ်ချေသည်

Tuesday, January 1, 2008

ဒီဇင်ဘာ ၃၁ နှင့် ဘတ်စ်ကားမှတ်တိုင်မှ ရောက်တက်ရာရာအတွေးများ

ရုံးထဲကလှမ်းထွက်လိုက်တော့ အချိန်က (၇)နာရီတောင်ထိုးတော့မယ်.. ဆောင်းတွင်းဆိုတော့ ညရောက်တာကလည်းစောတာမို့ လုံးလုံးကြီးကို မှောင်နေပါပြီ.. Trader Hotel နဲ့ sakura က နှစ်သစ်ကြိုဖို့ ထွန်းထားတဲ့မီးတွေ၊ လမ်းမီးတွေ၊ ဆူးလေဘုရားက မီးတွေနဲ့ မြို့ထဲမှာထိန်လင်းနေပေမဲ့ မီးပျက်ရက်မို့ ကျွန်တော့မြို့သစ်က ရပ်ကွက်လေးကတော့ မှောင်နေမှာပါလေ.. တိုးဝှေ့သွားလာနေတဲ့ လူအုပ်ထဲကနေပဲ ဆူးလေကားဂိတ်ကို လျှောက်လာခဲ့ပါတယ်.. နှစ်သစ်ကူးတော့မှာ မို့လားတော့မသိဘူး.. လူတွေက အနည်းနဲ့ အများတော့ တက်ကြွနေကြသလိုပါပဲ.. လာတဲ့ကားတွေကို တိုးဝှေ့ပြေးတက်နေကြတဲ့ လူအုပ်စုက များတာရော၊ အိမ်ရောက်ရင်လည်း ဖယောင်းတိုင်နဲ့ နေရမှာ ပျင်းတာရောနဲ့ ကျွန်တော် ခရေပင်အောက်ကရပ်ပြီး နည်းနည်း စောင့်နေလိုက်တယ်.. လူတွေကတော့ အရောင်အသွေးအစုံပါပဲ.. ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြီးတော့ မှန်းလို့မရတဲ့လူတွေ...

သူတို့ကိုကြည့်ပြီး ကျွန်တော်တွေးနေမိတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူအများစုဟာ စမတ်ကျကျ ရုံးတက်နိုင်လောက်အောင် အခြေနေမပေးတာတော့ အမှန်ပဲဗျ.. အများအများစုဟာ ငွေကြေးပူပန်မှုတွေကိုယ်စီနဲ့ ကိုယ်ရတဲ့ငွေကို စိစစ်သုံးနေကြရတာချည်းပဲ.. လူနေမှုအဆင့်အတန်းဟာလည်း တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နိမ့်ကျတာပဲ.. ဘာကြောင့်လဲဗျာ..

အများစုကတော့ လက်ရှိအစိုးရကို လက်ညှိုးထိုးကြမှာပဲ.. ဒီမိုကရေစီမရှိလို့.. စစ်အစိုးရအုပ်ချုပ်လို့.. ဖိနှိပ်လို့.. လာဘ်စားလို့.. အား..စုံနေမှာပါပဲ.. ဟုတ်လား.. မဟုတ်ဘူးလား.. ဒါဆိုလည်း ဘာလို့ ဒီလိုအချက်တွေနဲ့ ပြည့်ပြီး ကျပ်တည်းနေ၊ အကျပ်တွေ့နေတဲ့ ပြည်သူကို စီးပွားရေးပိတ်ဆို့မှု ဆိုတာတွေ ထပ်လုပ်နေလဲ..

ပီးတော့ ပိတ်ဆို့မှုတွေကို အရှိန်အဟုန်မြှင့်တော့မယ် ဆိုတာကို ၀မ်းသာအားရ သတင်းတွေကြေငြာနေကြတာလည်း ရေဒီယိုတွေမှာ၊ အင်တာနက်တွေမှာ မြင်နေရတယ်ဗျာ.. ပြည်သူဟာ တော်တော်ကြပ်နေပါပြီဗျာ.. ဘာကြောင့်များ ထပ်ဖိအားပေးချင်ရတာလည်း.. ပြည်သူမှာ တဖက်ကလည်း ဖိနေတယ်.. ဒီဘက်ကလဲ ထပ်ဖိတယ်.. ကိုယ်ဘာမှမတတ်နိုင်တဲ့ ကိစ္စအတွက် အပီခံနေရတယ်.. ကမ္ဘာပေါ်မှာ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေ အများကြီးထဲကမှ ဘာလို့ မြန်မာနိုင်ငံကိုမှ ဒီမိုကရေစီမသုံးလို့ဆိုပြီး ဒဏ်ခတ်ချင်တာလည်း.. မြန်မာပြည်သူကို မင်းတို့ဟာ စစ်အစိုးရကို အသက်စွန့် မတော်လှန်သရွေ့ ငတ်ပြတ်နေအောင် လုပ်ပစ်မယ်.. မင်းတို့နိုင်ငံ မကြီးပွားစေရဘူးဆိုတဲ့ ပုံစံနဲ့ ထပ်ဖိဖို့ ကြိုးစားနေတာဟာ မရက်စက်လွန်းဘူးလားဗျာ..

ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်က နှစ်သက်မိတဲ့စကားလေးတစ်ခုလည်း တွေးမိပါတယ်.. စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်ရအောင် မြန်မာနိုင်ငံဟာ ဘာအပြစ်ရှိလို့လဲ.. သူတို့တွေကရော ဘာမို့လို့ ဒဏ်ပေးပါတယ် ဘာတယ်နဲ့ လာကြောနေတာလည်း.. ဘယ်သူက သူတို့ကို ဒဏ်ပေးပိုင်ခွင့်တွေ ပေးထားလို့လည်း... ကိုယ်တွေကရော ဘာတွေမို့လို့ သူတို့ဒဏ်ပေးတာခံနေရတာလည်း.. ဒါဆိုရင်တော့ ပြည်သူဟာ စီးပွားရေးပိတ်ဆို့မှုကို ခံနေရတာတင်မကတော့ ပါဘူး.. စော်ကားခံရတာပါဖြစ်နေပါပြီ..

နောက်ပြီး ဒီပိတ်ဆို့မှု ကိုလက်ယက်ခေါ်ကြတဲ့ နိုင်ငံရေးသမားတွေ.. ထောက်ခံကြသူတွေ.. သူတို့က စစ်အစိုးရဟာ ရက်စက်ပြီးဖိနှိပ်တယ်လို့ အော်နေကြတယ်.. ဒါဆို အဲဒီဖိနှိပ်တာကို ပြည်သူက အသက်စွန့်မတော်လှန်သရွေ့ မွဲတေအောင်လုပ်ထားမယ်ဆိုတဲ့သဘောလား.. နိုင်ငံနဲ့ ပြည်သူကို တကယ်ချစ်ရင် ဘယ်သူ အုပ်ချုပ်အုပ်ချုပ်ကောင်းစားပါစေလားဗျာ.. ဘယ်ကလာကောင်းစားရမှာလဲ သူတို့အိတ်ထဲပဲရောက်သွားမှာလို့ ရမ်းသမ်းပြောပြီး နိုင်ငံကို ဒီလောက်ထိ နိမ့်ကျစေမယ့် နည်းလမ်းကိုရွေးခဲ့တာတော့ ပရမ်းပတာ နိုင်လွန်းပါတယ်.. ရှင်းရှင်းပြောရင် အဓိကပန်းတိုင်ဟာ နိုင်ငံနဲ့ လူမျိုးကောင်းစားဖို့ မဟုတ်ဘူးလား.. ဒီမိုကရေစီဆိုရင် ကောင်းစားနိုင်တယ်ဆိုပြီး ဒီမိုကရေစီတာမဟုတ်ဘူးလား.. ဒီမိုကရေစီပဲသုံးရမယ်.. ခုစစ်အာဏာရှင် အုပ်ချုပ်နေတယ်.. သူမဆင်းပေးသေးဘူး.. ဆင်းမှာလဲမဟုတ်ဘူး.. အဲဒီတော့ မင်းတို့ သူ့ကိုမတော်လှန်သရွေ့.. နိုင်ငံဒီမိုကရေစီမရှိသရွေ့ မွဲတေနေရမယ်ဆိုတာလား... အသက်စွန့်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရပါဘူး.. ငတ်လွန်းလာပြီကွာ ဘာဖြစ်ဖြစ်တော့ ဆိုပြီး လူစိတ်ပျောက်လောက်အောင် ဖြစ်လာမှပဲ ရမှာပါ.. ပြည်သူကို အဲလောက်ထိသုံးပြီးမှ အောင်ပွဲခံမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ရက်စက်မလွန်းဘူးလား..

ပြည်သူကို နှစ်ဖက်လုံးက ထွက်ပေါက်မရှိအောင် ပိတ်ရိုက်နေတဲ့ ပုံစံဟာ မဖြစ်သင့်ပါဘူး.. နိုင်ငံဟာ ရက်စက်လှတဲ့ အာဏာလုပွဲမှာ ပြားပြားဝပ်နေရပါပြီ.. ဒါဟာ.. ဒီလိုနိုင်ငံရေးသမားတွေရှိတာဟာ အမိမြန်မာနိုင်ငံရဲ့ ကံဆိုးမှုပါပဲ..

သေဆိုသေ ရှင်ဆိုရှင်ဆိုတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တောင် တိုးတက်တဲ့အမြင်တွေနဲ့ သူ့ဘာသာကျဆုံးသေးတာပဲ.. ပြည်သူကို အမြင်ကျယ်အောင် စီးပွားရေးဖွင့်ပေးပြီး ဒီမိုကရေစီလမ်းကြောင်း ရလာအောင် ဘာလို့မကြိုးစားချင်ရတာလဲ.. ကြာမှာပေါ့ဆိုရင်လည်း ခုကောမြန်နေလို့လား.. ကိုယ့်နိုင်ငံကို ပိတ်ပါဆို့ပါနဲ့.. လက်ရှိအစိုးရပြုတ်ကြားတာကလွဲလို့ ဘာကောင်းသတင်းမှ မကြားချင်တော့တာဟာ ဘာကြောင့်များလဲ..

အတွေးတွေစုံပြီး ခေါင်းရှုတ်လာတာနဲ့ ကြည်နေတဲ့စိတ်တောင် ပျောက်သွားသလိုပါပဲ... ကိုယ်ပဲ လိုက်မမီတော့တာလား သူတို့ပဲ ဆန်းပြားလွန်းတာလား...

ဆက်မတွေးချင်တော့တာနဲ့ ကျွန်တော် ခရေပင်အောက်ကထွက်လာလိုက်တယ်.. တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ပေါ်ကိုကြွေကျလာတဲ့ ခရေပွင့်လေးက ပတ်ဝန်းကျင်ကို ကဗျာဆန်သွားစေသလိုပဲ.. ကျွန်တော့်ကို နှစ်သိမ့်တာထင်ပါရဲ့.. တိုးကြပ်ဆဲ ဘတ်စကားပေါ် ကျွန်တော်တိုးတက်လိုက်တယ်.. ခုမှလခလေးထုတ်လာတာမို့ လူကနဲနဲတော့ စိတ်ပေါ့ပါးနေသလိုပါပဲ.. ဘတ်စကားပေါ်မှာလည်း ရီသံတွေ၊ စကားသံတွေ နဲ့ ဆူညံနေတာပဲ..

မြန်မာတွေဟာ ရောင့်ရဲလွယ်ကြတယ်.. မေ့ပျောက်လွယ်ကြတယ်.. ချစ်စရာကောင်းပါတယ်ဗျာ.. ကျွန်တော်ကတော့ စပါယ်ရာအော်သံ.. ခရီးသည်တွေကြပ်သပ်တိုးဝှေ့သံ.. ဘဲဥတွေဝီစီသံ... လက်ဖက်ရည်ဆိုင်က ဘော်လုံးပွဲအားပေးသံ.. ဈေးသည်တွေအော်သံ.. အိမ်မှာရှိတဲ့မိသားစုအသံ.. အိမ်ဘေးကတိုင်းရင်းသူလေးတွေအသံ အားလုံးကို နှစ်သက်တယ်ဗျာ.. ကျွန်တော့်နိုင်ငံဟာ ချစ်စရာပါ..

ဒီနိုင်ငံကို တိုးတက်ပါစေလားဗျာ.. ဘာကြောင့်မှ ပြစ်ဒဏ်မခတ်ပါနဲ့တော့..

ကျွန်တော့်ကားဟာ အသံကျယ်ကြီးအော်ပြီး ပြေးနေပါပြီ.. ၂၀၀၇ ကိုထားခဲ့ပြီး ပြေးနေသလိုပါပဲ.. ၂၀၀၈ ဟာမကြာခင်ရောက်ပါတော့မယ်.. အဲဒီနှစ်သစ်မှာ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုးတွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ ဆုတောင်းလိုက်ပါတယ်ဗျာ..



မောင်ငယ်ရင်သွေး
ဒီဇင်ဘာ ၃၁၊ ၂၀၀၇ အမှတ်တရ