Wednesday, November 28, 2007

သံဃာ့အရေးတာဝန်ရှိသူများ (၂) သံဃာ

(၂) သံဃာ ဆိုပြီးတော့ ဆက်ပါရစေဦး...
ဒီကစ္စမှာတော့ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ ရတနာနွယ်ဝင်များပေါ့လေ..
ခါတော်မီ ထွက်လာတဲ့ သံဃာ့အဖွဲ့စည်းပေါင်းစုံ.. ကြော်ငြာချက်ပေါင်းစုံနဲ့ လှုပ်ရှားမှုမျိုးစုံဟာ မြန်မာ့သတင်းလောကမှာ.. ပြည်သူတွေပါးစပ်ဖျားမှာ.. အစိုးရပိုင်းက ခေါင်းခဲစရာ.. နာယကအဖွဲ့ကြီး အနေကြပ်စရာ.. ကမ္ဘာ့သတင်းလောကတ၀ှမ်း ပြီးခဲ့တဲ့ (၂) လအတွင်း နာမည်ကြီးခဲ့ပါလေရဲ့.. (ဂုဏ်ယူတတ်မယ်ဆိုရင်တော့ ကြံဖန်သာဂုဏ်ယူလိုက်ပါ..)

အဲ.. ဆိုးတာက သံဃာဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေဟာ ဆိုင်ဖျက်တာတို့၊ ကားမီးရှို့တာတို့ ကစပြီး လမ်းပေါ်လျှောက်ဆန္ဒပြတဲ့လှုပ်ရှားမှုတွေ ဖြစ်နေတာတစ်ခုပဲ.. မေတ္တာပို့ပါတယ်ဆိုပြီး မျက်နှာဖုံးပါးပါးလေးစွပ်ထားပေမဲ့ တကယ့်အမှန်ကိုတော့ ဟေ့စာဖတ်သူ မငြင်းကြေးဗျာ.. အကိုတွေအမတွေလည်းသိတယ်.. ကျွန်တော်လည်းသိတယ်.. လောကုတ္တရာဆံဆံ ပြောမယ်ဆိုရင်တော့ နတ်လူသတ္တ၀ါအားလုံး သိတယ်ပေါ့ဗျာ...

ဒီနေရာမှာ သင်္ကန်းနဲ့ပက်သက်ပြီး ကျွန်တော်လက်ခံထားတာက သင်္ကန်းဆိုတာ သံဃာရတနာရဲ့ အဓိကပြယုဒ်တစ်ခုပဲ.. ဒီသင်္ကန်းကို ၀တ်ထားတဲ့လူတွေ မဖြစ်မနေလိုက်နာရမဲ့ စည်းကမ်းကျင့်ဝတ် သိက္ခာတွေရှိသလို သင်္ကန်းဝတ်ထားသူတွေကို အခြားသူတွေ (အထူးသဖြင့် ဘာသာဝင်တွေ) ပြုမူဆက်ဆံရမဲ့ စည်းကမ်းတွေကလည်းရှိတာပဲဗျ... အဲဒါကို နှစ်ဖက်လုံးက သတိထားပြီး စောင့်ရှောက်ရမှာပဲ.. ခုတော့ ဘုန်းကြီးတွေကလည်း သင်္ကန်းကို ဂရုမစိုက်.. အစိုးရကလည်း ရာဇ၀င်နဲ့ ယှဉ်ပြောရရင် ဆဒ္ဒန်ဆင်လည်းမဟုတ်တဲ့အပြင် အာဏာကို ကာကွယ်လိုစိတ်ကလည်း များလှချည့်ဆိုတော့ တွေ့ကြတော့တာပဲပေါ့..

ဒါပေမဲ့ အစဟာ လှုပ်ရှားတဲ့သံဃာပါပဲ.. အဲဒီသံဃာတွေကစပြီး ဒီစည်းကိုဖောက်ခဲ့တာ.. အဲဒီတော့ ဘာဖြစ်လဲ.. သံဃာထုတစ်ခုလုံးထိရော.. သံဃာ့မဟာနာယကအဖွဲ့ကလည်း ဘယ်လိုလုပ်မလဲ.. စည်းပျက်ကမ်းပျက် ၀ိနည်းမညီနိုင်ငံရေး ဆက်လုပ်ပါလို့ ပြောရမလား.. ရပ်တော့လို့ ပြောရမလား.. ရပ်တော့လို့ ပြောတော့လည်း မရပ်ကြပါဘူး.. အစိုးရဘက်ကပါတယ်လို့တောင် ရန်ထောင်လိုက်သေးတယ်.. အဲ.. သံဃာ့နာယကအဖွဲ့ကြီးလုပ်နေပြီးတော့ ဟေးးး ဆက်သာလှုပ်ရှားကြ.. ငါတို့လည်းပါမယ်ဆိုရင်တော့ သွားပါလေရောဟုတ်ဘူးလား.. ကျွန်တော်ဖြင့် ဆရာတော်ကြီးတွေကိုယ်စား ခေါင်းတောင်ချောက်တယ်.. သာသနာရေးလည်းမဟုတ် ဘာလဲမဟုတ် အချောင်နေရထိုင်ရ ကြပ်တယ်..

ကိုယ်ကသံဃာလိုမနေခဲ့တော့ တဖက်ကလည်း စည်းဖောက်ရော.. ပြည်သူကလည်း ရိုသေမှုကို ဘယ်ဘက်ပါလဲဆိုတာနဲ့ တိုင်းလာတယ်.. ၀ိနည်းညီမညီဆိုတာအသာထား.. အစိုးရကတော့ ရိုက်နှက်ပြီးတော့ကို ဖဲ့တော့တာပဲဗျို့...

ဒီတော့ သံဃာအပေါ် လူတွေရဲ့အမြင်ဟာ ဘာသာရေးရှုထောင့်ကမဟုတ်ပဲ ပုံစံပြောင်းလာတယ်လို့ ကောက်ချက်ချမယ်ဗျာ.. ပါဝင်တဲ့သံဃာရော မပါဝင်တဲ့သံဃာရော ပြည်တွင်းမှာရော တကမ္ဘာလုံးမှာပါ အကြပ်ရိုက်ကုန်ကြရော.. ရှေ့မှာရေးခဲ့သလိုပဲ အစိုးရကို သံဃာကိုသံဃာမထင်ဘူးလို့ စွပ်စွဲသူတွေက ဆန္ဒပြရာမှာ မပါဘူး.. ကျောင်းသုံးခွင့် မပြုဘူးလို့ ပြောရင် မျက်နှာထားတွေက ပြောင်းကုန်ရော.. သူတို့ရဲ့ ကိုးကွယ်မှုကို အဲဒါနဲ့တိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာရော... သံဃာတွေမှာ ပါလဲအခက် (၀ိနည်းနှင့် ချင့်တွက်ပြီးမလုပ်သင့်တာမို့ ပါလဲအခက်လို့ ဆိုတာပါ.. အစိုးရကို ကြောက်ရတာမျိုးပြောတာမဟုတ်ပါဘူး..)၊ အဲ.. မပါလည်းအခက်နဲ့ဗျာ...

ဘယ်လောက်ဆိုးလိုက်တဲ့ ဖြစ်အင်လည်း.. ဗုဒ္ဓဘာသာအတွက် ခုလိုအကြပ်ရိုက်လာတာဟာ သံဃာအနည်းစုရဲ့ အနေထိုင်မတတ်မှုကြောင့် စခဲ့တာလို့ပဲ ကျွန်တော်ဝေဖန်ချင်ပါတယ်...

စဉ်းစားကြည့်ကြပါဗျာ.. ဒီသံဃာတွေကရော ဒီရုပ်ဆိုးတဲ့ဖြစ်ရပ်ကြီးမှာ တာဝန်ကင်းကြရဲ့လားလို့...

အိုကေ.. နောက်နှစ်ခုကတော့ နောက်နေ့ပေါ့ဗျာ...

မောင်ငယ်ရင်သွေး

Thursday, November 8, 2007

သံဃာရတနာဆိုသည်မှာ

ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးကို အထွဋ်မြတ်ထားကာ ပူဇော်ကိုးကွယ်ကြ၏။ ဗုဒ္ဓဘာသာတွင် သံဃာတို့၏ အဆင့်အတန်းမှာ အခြားဘာသာများ၏ ဘာသာရေးဆရာများနှင့် ကွဲပြားစွာ ဘာသာဝင်လူတို့၏ ကိုးကွယ်ခံအဆင့်အတန်းတွင် မြင့်မြင့်မားမား ရပ်တည်ကြပါသည်။ ထိုသို့ ရပ်တည်ထိုက်သော ရတနာများဖြစ်အောင်လည်း ဗုဒ္ဓဘာသာတွင် သံဃာများသည် လူသာမာန်တို့ လိုက်နာကျင့်သုံးရန် ခဲယဉ်းသည့် ၀ိနည်းသိက္ခာပုဒ်များနှင့်အညီ နေထိုင်ကျင့်ကြံကြရ၏။ မေတ္တာဓါတ်ပြည့်ဝသော၊ ၀ိနည်းသိက္ခာပြည့်စုံသည့် သံဃာများအား ဘုရား၊ တရားရတနာများနှင့် တန်းတူထားကာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ရခြင်းသည်၊ လှူဒါန်းမှုပြုရခြင်းသည် ကြည်နူးဖွယ် အတုမရှိနိုင်သော တန်ဖိုးပင်ဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်စစ်သူတိုင်း ခိုင်မြဲစွာယုံကြည်ကြပါ၏။

ယခုအခါ ကမ္ဘာ့ထေရ၀ါရထွန်းကားပြန့်ပွားရာ စံပြနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ပခုက္ကူအရေးခင်းမှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် သံဃာ့အရေးခင်းကြီးတစ်ခုသည် မဟာပထ၀ီမြေထုပင်လျှင် မည်သို့မှ မနှိုင်းယှဉ်လောက်သည့် ဗုဒ္ဓဘာသာ သမိုင်းတွင် အမဲစက်တစ်ခု ဖြစ်ခဲ့လေချေပြီဖြစ်သည်။ သံဃာအချို့၏ လှုပ်ရှားမှုမျှသာဖြစ်သော်လည်း သက်ရောက်မှုသည် သံဃာရတနာတစ်ခုလုံးကို ရိုက်ခတ်ပါသည်။ အဆိုပါဖြစ်ရပ်၏ အကျိုးဆက်အနေဖြင့် ယခုချိန်တွင် ထိုပါဝင်ခဲ့သည့် သံဃာများအပေါ် အစိုးရမှ နှိမ်နင်းမှုကို ခံရသကဲ့သို့ပင် နောက်ပိုင်းတွင်လည်း သံဃာထုတစ်ခုလုံးသည် ကိုးကွယ်သူတို့၏ အရိုသေကင်းမဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံရဖွယ်ရှိချေသည်။ အကယ်၍ သံဃာများအနေဖြင့် ထိုဒဏ်အားကြံ့ကြံ့မခံနိုင်ပဲ ရှိခဲ့ပါမူ နောက်ပိုင်းတွင် သံဃာများသည် အခြားဘာသာများ၏ ဘာသာရေးဆရာများအဆင့်သို့ ရတနာအဆင့်မှ လျှောကျဖွယ်ရှိချေ၏။

အဘယ်ကြောင့်ပါနည်း။
ယခုဖြစ်ရပ်သည် ၀ိနည်းနှင့်မလျော်ညီသော လောကီကိစ္စသာဖြစ်ကြောင်း ယခုသံဃာ့လှုပ်ရှားမှုအား ထောက်ခံသူများရော၊ ဆန့်ကျင်သူများပါ အတွင်းစိတ်က လက်ခံထားကြ၏။ ထောက်ခံသူများအနေဖြင့်လည်း အားပေးအားမြှောက်ပြုကာ တွန်းပေးနေသော်လည်း အမှန်တကယ်တွင် ၀ိနည်းနှင့်မညီသော အမှုဖြစ်ကြောင်း အတွင်းစိတ်ကသိနေသည်မှာ ငြင်းမရနိုင်သောကိစ္စသာဖြစ်သည်။ ထို့ကြောင့် ယခုအဖြစ်တွင် သူတို့သည် သံဃာအား သံဃာကဲ့သို့ အားပေးခဲ့ခြင်းမဟုတ်ကြောင်းကို၊ သံဃာများအပေါ် ထားရှိရမည့် ရိုသေလေးစားမှုများ လျော့ကျနေခြင်းကို ကိုယ်ဟန်အမူရာများတွင်လည်းကောင်း၊ ထိုသံဃာများအကြောင်း ပြောဆိုသည့်အခါတွင်လည်းကောင်း၊ မျက်နှာအနေအထားများတွင်လည်းကောင်း ထင်ရှားစွာပင် မြင်နိုင်ပါချေသည်။

သံဃာများ၏ မေတ္တာပို့ အမျှဝေခြင်းများသည် တည်ငြိမ်အေးချမ်းမှုမရှိ လမ်းပေါ်တွင် ဗရုတ်သုတ်ခအော်သလိုဖြစ်နေခြင်း၊ ဘေးမှလိုက်လံအားပေးနေသူများကလည်း စတိတ်ရှိုးတစ်ခုကို ကြည့်နေသည့်အလား လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးနေခြင်းများသည် ငြိမ်းချမ်းအေးမြလှသည့်၊ မြင်သူကို စိတ်ချမ်းသာကြည်နူးမှုများ ပေးစွမ်းနိုင်သည့် ဗုဒ္ဓဘာသာဝင်တို့၏ မေတ္တာပို့ခြင်းများ၊ သာဓုခေါ်ခြင်းများနှင့် လုံးလုံးဆန့်ကျင်ကာ ရုပ်ပျက်ဆင်းပျက်နိုင်လှချေသည်။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာမေတ္တာပို့ခြင်း၏ အဓိကအနှစ်သာရဖြစ်သည့် တကယ့်မေတ္တာစိတ်သည် ထိုလှုပ်ရှားနေကြသည့် ရတနာနွယ်ဝင်သံဃာများတွင် လုံးဝပျောက်ဆုံးနေသောကြောင့်ပင်ဖြစ်၏။

ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင်အိမ်များသည် သံဃာများအား သာမာန်လူများကဲ့သို့ တန်းတူသတ်မှတ် ဆက်ဆံလာကြခြင်း၊ ပိုမိုဆိုးဝါးသည်မှာ အတွင်းစိတ်အခံတွင်ပင်လျှင် ကြည်ညိုမှုများ လျော့ကျလာကြခြင်း၊ ကြွမြဲမဟုတ်သည့် မသိရှိသည့် သူစိမ်းသံဃာများအား အိမ်တွင်းသို့ ၀င်ရောက်ခြင်းကို အယုံကြည်မဲ့စွာ ဟန့်တားတားမြစ်လာကြခြင်းတို့သည် အထင်အရှားပင် ပေါ်ပေါက်လာခဲ့ချေပြီဖြစ်သည်။ ထိုအရာသည် ဗုဒ္ဓဘာသာ သံဃာ၏ ပုံရိပ်ဖြစ်ပါသည်လား....

ထို့ပြင် ပါဝင်လှုပ်ရှားခဲ့ကြသည့် သံဃာငယ်တို့၏စိတ်သည်လည်း လောကီဘက်သို့ ပြင်းပြစွာ စိတ်လည်လာနေသည်ကိုလည်း ထင်ရှားစွာပင်တွေ့မြင်နိုင်ချေသည်။ လှုပ်ရှားမှုများမှ ပြန်ရောက်ချိန်တွင် အမောဖြေရင်း စမြုန့်ပြန်ပြောဆိုကြခြင်း၊ နောက်နေ့အတွက်ပြင်ဆင်ကြခြင်း၊ စလောင်းများတွင် မိမိတို့ ပုံရိပ်များပါမလားဟု တီဗွီရှေ့တွင် အချိန်ကုန်ကြခြင်းဖြင့် သံဃာတို့၏တစ်နေ့တာကို ကုန်ဆုံးကြ၏။ လောကုတ္တရာအရေးကို လုံးလုံးနီးပါးလစ်လျူရှုလာသည်ကို အထင်းသားပင် မြင်နေရချေသည်။

ဤနေရာတွင် အချို့သံဃာများက လူတို့၏အခက်အခဲများအား ပြေလည်စေရန်အလို့ငှာ သံဃာများမှ ဦးဆောင်လှုပ်ရှားရခြင်း ဖြစ်ပါသည်ဟု အကြောင်းပြလာကြ၏။ လွန်စွာပင်မှားယွင်းလှချေသည်။ ထိုသို့သာလျှင် လောကီနှင့်သာဆိုင်သော အခက်အခဲများအား သံဃာများမှ ၀င်ရောက်ဖြေရှင်းပေးနေရမည်ဆိုလျှင် အဘယ်သို့လျှင် ဘာသာရေးကိစ္စကို ကြံဆောင်နိုင်ပါမည်နည်း။ သို့ဆိုလျှင် လူတို့၏ စီးပွားရေး၊ လူမှုရေးမှအစ သားသမီးမရနိုင်သည့် ကိစ္စများအဆုံးလိုက်လံ ကူညီလေ့ရှိသည့် အရည်းကြီးတို့၏ လမ်းစဉ်သို့ ပြန်လည်ဆင်းသက်ရဖွယ် ရှိချေသည်။ သံဃာများအနေဖြင့် ဖြစ်သင့်သည်မှာ ဘာသာရေးရှုထောင့်မှသာ ကြည့်ပြီး ပြည်သူများအား သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်အောင် ဟောကြားလမ်းညွှန်မှုများ ပြုသင့်ပါသည်။ (ယခုရေးသားချက်သည် အတိုက်အခံများအဖို့ ရီဖွယ်၊ အရှုံးပေးသော ပျော့ညံ့ညံ့လမ်းကြောင်း ဖြစ်ဖွယ်ရှိနိုင်ပါသည်။ သို့သော် ဤဆောင်းပါးသည် ဗုဒ္ဓဘာသာရှုထောင့်တစ်ခုတည်းမှ ပြောနေခြင်းဖြစ်ပြီး မည်သည့် နိုင်ငံရေးအရိပ်မျှ လွှမ်းမိုးခြင်းမရှိပါချေ)

ယခုမူ သံဃာသည် ပြည်သူတို့နှင့်အတူ ဆန္ဒပြခြင်း၊ ပခုက္ကူတွင်ဆိုလျှင် ကားများမီးရှို့ခြင်း၊ ဆိုင်များဖျက်ဆီးခြင်း၊ အချို့သံဃာများဆိုလျှင် ထိုအချိန်က သောက်စားမူးယစ်ထားကြခြင်း၊စသည်တို့သည် ဘုရား၊ တရား၊ သံဃာကိုသာလျှင် အားထားကိုးကွယ်ရာအဖြစ် သတ်မှတ်ထားကြသည့် ဘာသာဝင်များအား တုန်လှုပ်စေပါသည်။ သံဃာရတနာ၏ ပုံရိပ်အား ပြင်းစွာထိခိုက်စေပါသည်။

ထို့ကြောင့် သံဃာများအနေဖြင့် ပြင်းပြသောသံဃာ့အာဇာနည်စိတ်ဖြင့် မြတ်ဗုဒ္ဓ၏သာသနာမြဲမြံအောင် ဘာသာရေးစိတ်ကိုစွဲမြဲစွာထား၍ သံဃာ့ပုံရိပ်နှင့် အခြားခြားသောဘာသာများအလည်တွင် အနည်းနှင့်အများဆိုသလို ထိခိုက်ကျဆင်းခဲ့ရသည့် ဗုဒ္ဓဘာသာပုံရိပ်များအား ပြန်လည်မြှင့်တင်ရန် အဓိကထားအားစိုက်ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက်။ ။ သံဃာဟု ဤဆောင်းပါးတွင် သုံးနှုံးခဲ့သော်ငြားလည်း ၀ိနည်းနှင့်အညီ ကျင့်ကြံနေထိုင်သည့် သံဃာများအား ဆိုလိုခြင်းမဟုတ်ကြောင်း အဆိုပါသံဃာများအား တောင်းပန်လျှောက်ထားပါသည် ဘုရား....



မျိုးမြန်မာ

သံဃာ့အရေးတာဝန်ရှိသူများ (၁) ပြည်သူ

အခုလတ်တလော ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ပြောစရာဖြစ်နေတဲ့၊ ပြောလို့ကောင်းနေတဲ့ ရုပ်ဆိုးလှတဲ့ သံဃာ့အရေး ကိစ္စများ၊ နှိမ်နင်းမှုများကို အခြေပြုပြီး ကျွန်တော့်စစ်တမ်းကို post တင်လိုက်တာပါ... ဘယ်သူမဆို မတူတဲ့အမြင်တွေရှိရင် ၀င်ရောက်ဝေဖန်ရေးသားနိုင်ပါတယ်...

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြည်သူ၊ သံဃာ၊ နိုင်ငံရေးအတိုက်အခံများနဲ့ တပ်မတော်အစိုးရဆိုပြီး (၄) ပိုင်းခွဲခြား သုံးသပ်ဝေဖန်လိုပါတယ်...

အဲဒီတော့ ၁) ပည်သူဆိုပြီး စလိုက်ကြရအောင်

ပြည်သူဟာ ဒီဖြစ်စဉ်မှာ လုံးဝတာဝန်မကင်းပါဘူး... အထူးသဖြင့် သံဃာတွေကို မြှောက်ပင့်အားပေးကြသူတွေကို ဆိုလိုပါတယ်...

စစ်တပ်က သံဃာတွေကို နှိမ်နင်းတဲ့အခါမှ ဘုန်းကြီးတွေကို ရိုက်နှက်နေပါပြီ.. အစိုးရဟာ သံဃာကို သံဃာလို့တောင် မျက်စိထဲမထင်တော့ပါဘူး... ဘယ်လောက်ရုပ်ဆိုးတဲ့ မြင်ကွင်းတွေလဲ (အမှန်တကယ်လည်း လွန်စွာရုပ်ဆိုးလှပါသည်) လို့ အော်ဟစ်ရင်ထုခဲ့ကြတဲ့ အဲဒီပြည်သူတွေဟာ ဘာကြောင့် သံဃာတွေ လမ်းလည်ကောင် မေတ္တာပို့တယ်ဆိုတာကို ဟေးလားဝါးလားအော်ဟစ်နေစဉ်တုန်းက (မြင်သူတိုင်း ဟေးလားဝါးလားအော်နေမှန်း သိသာပါသည်) အားပေးအားမြှောက် လုပ်ကြပါသလဲ... ထိုအရာတွေကရော ဘာသာရေးအရ လွန်စွာရုပ်ဆိုးသည့်.. သံဃာကိုသံဃာလို့ ထင်စရာမကောင်းသည့် မြင်ကွင်းများဟု သူတို့သည် မယူဆခဲ့ကြဘူးလား..

ထားလိုက်ပါ... လမ်းလျှောက်နေတုန်းကတော့ ကိုယ့်စိတ်ကြိုက် လိုက်လုပ်ပေးနေတဲ့သံဃာတွေပဲလေ... လုပ်ကြပါစေ... ၀ိနည်းနဲ့ မညီပေမဲ့ သိပ်မှဆိုးဆိုးဝါးဝါးကြီးမဟုတ်တာပဲ.. လို့ ဖော့တွေးခဲ့တယ်ဆိုပါဆို့... အစိုးရက သတင်းစာမှာ ဓမ္မစက်တွေ အာဏာစက်တွေနဲ့ ဖဲ့တော့မယ်ဆိုတာ စပြောပြီ... ပြည်သူတွေဘာလုပ်လဲ.. သံဃာတွေ မထွက်တော့မှာစိုးလို့ အားပေးအားမြှောက်လုပ်ကြတယ်...
ဆိုးလိုက်တာ... ကိုယ်လေးစားကြည်ညိုပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်သာတစ်ကယ်မှန်ရင် ဒီအန္တရာယ်တောထဲ တွန်းလွှတ်မလား... တကယ်ပစ်တာမပစ်တာ နောက်အပိုင်းလေ... လက်ရှိကတော့ အန္တရာယ်ဆိုတာ သိနိုင်တာပဲ... (ဒါပေမဲ့ အစိုးရက သံဃာတွေကိုတကယ်မပစ်ခဲ့ပါဘူး... ဒါတော့ ကျွန်တော်ယုံတယ်.. ဘာလို့လဲဆိုတော့ မျက်မြင်မှာလည်း သံဃာတစ်ယောက်မှ ကျွန်တော့်ရှေ့မှာ ပစ်ခံရပြီးလဲသွားတာ မတွေ့ခဲ့ရသလို... တွေ့ခဲ့ပါတယ်ဆိုတဲ့လူလည်း တစ်ယောက်မှ ခိုင်ခိုင်မာမာပြောသံမကြားဘူး... ပါးစပ်နဲ့ ဟိုမှာတော့ သေပြီ.. ဒီမှာတော့ သေပြီဆိုတာတွေကတော့ မိုးမွှန်နေတာပဲ... လက်တွေ့က ရေချောင်းထဲမှာ သင်္ကန်းပတ်ပြီး မှောက်ရက်ပေါ်လာတဲ့ အလောင်းတစ်ခုကိုပဲ သံဃာဆိုပြီး နေရာစုံမှာ ဖော်ပြနေရတာပဲလေ.. ဒါတောင်ဟုတ်ချင်မှဟုတ်မှာ.. ဘယ်သူမှလဲပြောနိုင်တာမဟုတ်ပါဘူး...)

ဒါပေမဲ့ပြည်သူကတော့ သွားအောင်တွန်းတယ်.. ပစ်စေချင်တယ်.. သူတို့ပြောတဲ့ ရုပ်ဆိုးလှပါတယ်ဆိုတာတွေကို ဖြစ်စေချင်တယ်... ဒါမှ လက်ရှိအစိုးရ ချောက်ကျမှာလေ... ဒီတော့ သံဃာကိုသံဃာလို့ မမြင်တော့တဲ့အထဲမှာ အဲဒီအားပေးတဲ့ ပြည်သူလဲပါလာတယ်... ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ရဲ့နဲ့ သံဃာကို အသုံးချသလို သုံးလာတယ်.. ပိုဆိုးတာက သူတို့သားသမီးတွေဆိုရင်တောင် လွှတ်မှာမဟုတ်တဲ့နေရာကို လက်အုပ်ချီပြီး တွန်းလွှတ်ပေးလိုက်တာပဲ...

ဘုန်းကြီးကျောင်းမှာ နိုင်ငံရေးသွားလုပ်ဖို့ ညှိတော့ ဘုန်းကြီးကလက်မခံလို့ အငြင်းပွားတဲ့ ကိစ္စတွေလည်းရှိသေးတယ်.. အထင်အရှားပါပဲ.. ပြည်တွင်းရောပြည်ပရော.. အဲဒီအခါကျတော့. ဘာသာရေးနဲ့ အမျိုးသားရေးယှဉ်လာရင် အမျိုးသားရေးကိုပဲ ဦးစားပေးရမှာပေါ့ ဆိုတဲ့ ချိန်းခြောက်မှုဆံဆံ လေသံများထွက်လာရော.. ကဲ.. လှုပ်ရှားသူတွေက အခွင့်ကောင်းတစ်ရပ်အနေနဲ့ ကဲကဲလှုပ် ရင်နာပြနေတဲ့ တိုင်းပြည်ဆူပူမှုကို ထိန်းသိမ်းဖို့ပါဆိုပြီး သံဃာတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုနဲ့ သူတို့နဲ့ရော ဘာများကွာနေပါလိမ့်.. ကိုယ့်ဆန္ဒတိုင်း လုပ်လို့မရတာနဲ့ပဲ ဆရာတော်တွေကို သပိတ်မှောက်မလိုလို... ကန့်ကွက်သလိုလို.. ဘုန်းကြီးမပီသလိုလိုနဲ့ ပြောလိုက်ကြတာ... ဒီလိုဖဲ့တာတွေကြတော့ ရင်ထဲကစကားပြောတာမို့ ငရဲမကြီးလောက်ပါဘူးဆိုပြီး ကာဗာလုပ်ကြသေးတယ်.. မေးချင်တာက ဘုန်းကြီးတစ်ပါးကို ရိုသေလေးစားမှုကို ဘာနဲ့တိုင်းလာကြလဲဆိုတာကိုပါ.. ကြားထဲက ကိုယ့်ဟာကိုမနေမိတဲ့ သံဃာတွေရော အေးဆေးနေတဲ့သံဃာတွေပါ အချောင်နေရကြပ်ကုန်ရော.. ဒါဗုဒ္ဓဘာသာဝင်တွေ သံဃာကို ဆက်ဆံရမဲ့ အချိုးမဟုတ်ဘူးလေ.. ခုဟာက သံဃာအပေါ် ကိုယ်ထားတဲ့စိတ်သဘောထားဟာ မှန်ပါရဲ့လားလို့ ပြည်သူတွေ ကိုယ့်ဟာကိုပြန်တွေးပြီး ရှက်ကြစမ်းပါဗျာ.. ကိုမျိုးဆောင်းပါးထဲကလို ရတနာတစ်ပါးလိုကိုးကွယ်ရမဲ့သံဃာတွေကို ကိုယ်မလုပ်ရဲတဲ့ ကိစ္စတစ်ခုအတွက် အသုံးချခဲ့တဲ့ ပြည်သူကို ဒီရုပ်ပျက်ဆင်းပျက်ကိစ္စကြီးမှာ တာဝန်ကင်းရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်ဗျာ..

စာရိုက်ရတာ လက်ညောင်းသေးလို့ ကျန်တဲ့ ခေါင်းစဉ်ခွဲတွေကို နောက်မှဆက်ဖဲ့မယ်ဗျာ...
OK အမြင်မတူရင်ကြိုဆိုတယ်... ကြိုက်တာသာပြန်ပြော... ဒီဆိုက်က Ban တာမရှိဘူး... အဲ... NC17 စကားတွေတော့မပါစေနဲ့ပေါ့ဗျာ...

မောင်ငယ်ရင်သွေး